US Agency for Global Media USAGM

News and Information from Around the World

92 Items
14 Sep 2026, 18:28 GMT RFA Burmese

ရခိုင်ပြည်နယ် ဂွ၊ ပုဏ္ဏားကျွန်းနဲ့ တောင်ကုတ်မြို့နယ်တွေအပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့မှာ စက်တင်ဘာ ၁၀ ရက်ကနေ ၁၃ ရက်အတွင်း စစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ငါးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေဟာ အသက် ၃၈ နှစ်ကနေ ၈၅ နှစ်အတွင်းအရွယ် အမျိုးသား သုံးဦးနဲ့ အမျိုးသမီး နှစ်ဦး ဖြစ်ပါတယ်။ စစ်တွေနဲ့ ပုဏ္ဏားကျွန်းဘက်မှာ စစ်တပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်က AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သံတွဲမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။ “မြေပြင်၊ ရေတပ်၊ လေတပ် ပေါင်းပြီး ထိုးစစ်ဆင်နေပေမဲ့ တစ်ပတ်ကျော်တဲ့အထိ ရှေ့မတိုးနိုင်ဘဲ တိုက်ပွဲတွေက ပြင်းထန်နေတုန်းပါပဲ။ စစ်မြေပြင်မှာ အသာစီးမရတဲ့ အခြေအနေကြောင့် AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေတာလို့ ပြောချင်ပါတယ်။ ဒီလိုဆက်ဖြစ်နေရင် အရပ်သားတွေ သေဆုံးဒဏ်ရာရတာ၊ နေရပ်စွန့်ခွာရတာတွေ ပိုများလာနိုင်ပါတယ်” လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေရင် စစ်ဘေးဒုက္ခသည် ပိုများလာနိုင်သလို အစားအသောက်၊ ဆေးဝါးနဲ့ ခိုလှုံစရာ အခက်အခဲတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းလည်း ပိုဆိုးလာနိုင်တယ်လို့ သူက ပြောပါတယ်။ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့က သမိုင်းဝင် ဦးရာဇ်တော်ဘုရားတောင်ခြေ ကြိုးတံတားအနီးကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ သုံးကြိမ် ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ AA က ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် စေတီရင်းကျေးရွာက အသက် ၃၈ နှစ်အရွယ် ဒေါ်စိုးစိုးနဲ့ ပုဏ္ဏားကျွန်းမြို့ကို အလည်ရောက်နေတဲ့ ရသေ့တောင်မြို့က အသက် ၅၆ နှစ်အရွယ် ဦးမိုးမိုးတို့ သေဆုံးခဲ့ပါတယ်။ အသက် ကိုးနှစ်အရွယ် မဖြူဖွေး၊ အသက် ၇၁ နှစ်အရွယ် ဒေါ်ကျော့စိန်နဲ့ အသက် ၄၃ နှစ်အရွယ် ဦးအောင်ဝင်းမောင်တို့လည်း ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စက်တင်ဘာ ၁၁ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးတိမ်းရှောင်နေတဲ့ ဒေါ်လှသန်းယဉ် သေဆုံးပြီး သမီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ AA က ဆိုပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာ တောင်ကုတ်မြို့နယ် ဝက်ကျိတ်အုပ်စု ရွာသစ်ကေကျေးရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အသက် ၅၉ နှစ်အရွယ် ဦးတင်မောင် သေဆုံးပြီး အသက် ၆၇ နှစ်အရွယ် ဦးမြင့်ရွှေ ဒဏ်ရာရခဲ့သလို နေအိမ်နှစ်လုံးလည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁၀ ရက်ညမှာလည်း ဂွမြို့နယ် ကျိန္တလီမြို့ အမှတ် (၁) နဲ့ အမှတ် (၂) ရပ်ကွက်တွေကို ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာကြောင့် အသက် ၈၅ နှစ်အရွယ် ဦးကျော်ခင် သေဆုံးပြီး အသက် ၅၅ နှစ်အရွယ် ဦးချစ်ဆန်းမောင် ဒဏ်ရာရခဲ့ပါတယ်။ နေအိမ် ကိုးလုံးလည်း ပျက်စီးခဲ့တယ်လို့ AA က ဆိုပါတယ်။ စက်တင်ဘာ ၁၂ ရက် ညနေပိုင်းမှာတော့ ဆမီးမြို့ ဘွေလီကျေးရွာအနီးကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် လူနေအိမ်၊ ဈေးဆိုင်တွေနဲ့ ကားတစ်စီး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိမှာ ပြည်နယ်အတွင်း ၁၇ မြို့နယ်အနက် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်ကလွဲပြီး ကျန် ၁၄ မြို့နယ်ကို AA က ထိန်းချုပ်ထားပါတယ်။ အခုလို အရပ်သားသေဆုံးဒဏ်ရာရတာတွေနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရရဲ့ ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်စိုးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

Download options
13 Sep 2026, 21:58 GMT RFA Burmese

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) မှာ ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုခံထားရတဲ့ စစ်တပ်ခန့်အစိုးရ အကြီးအကဲ ဦးမင်းအောင်လှိုင် ကို ICC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားက နိုင်ငံတော်အဆင့် ဧည့်ခံတွေ့ဆုံခဲ့ ပါတယ်။ ဒီခရီးစဉ်မှာ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိုလည်း ဆွေးနွေးခဲ့တဲ့အကြောင်း သတင်းပေးပို့ချက်နဲ့ ထူးခြားတဲ့သတင်းတွေကို တင်ပြထားပါတယ်။ RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၃၀ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။ ။

Download options
13 Sep 2026, 19:57 GMT RFA Burmese

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာရှိတဲ့ မုန်း မှာ စက်တင်ဘာ ၅ ရက်နေ့က စစ်တပ်ရဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က စက်တင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ တံခွန်တိုင်မှာ တပ်စွဲထားတဲ့ စစ်တပ်က မုန်းဒေသ ဘုတ်ဆုတ်ခင်ကျေးရွာကို ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁ နှစ်ကနေ ၅၅ နှစ်အရွယ်အထိ အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရခဲ့တာလို့ KNU က ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၁ နှစ်အရွယ် ဟီးရိုးအပါအဝင် ဦးရာဇာတ်၊ ရာမာဒေရီ၊ ဦးစာစစ်ထရီး၊ စုဂနီနဲ့ ဦးဆူနီးကူးမားတို့ ပါဝင်ပါတယ်။ ဒဏ်ရာရသူတွေထဲမှာလည်း အသက် ၇ နှစ်အရွယ် မူနားအပါအဝင် ကလေးနဲ့ လူငယ်တွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက စစ်တပ်ခန့်အစိုးရဟာ နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိဖို့ ကြိုးပမ်းနေပေမယ့် လက်တွေ့မှာတော့ နိုင်ငံတစ်ဝန်း အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ပိုများလာတယ်လို့ RFA ကို ပြောပါတယ်။ “အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့တိုက်ခိုက်တာ၊ လေကြောင်းကနေ ပစ်ခတ်သတ်ဖြတ်တာတွေကို ကရင်ပြည်နယ် KNU ထိန်းချုပ်နယ်မြေမှာတင်မဟုတ်ဘဲ KIA၊ AA တို့ ထိန်းချုပ်ထားတဲ့ တော်လှန်ရေးနယ်မြေတွေမှာလည်း တစ်နေရာ မဟုတ် တစ်နေရာ တိုက်ခိုက်သတ်ဖြတ်နေတာ တွေ့နေရပါတယ်။” KNU ကလည်း စစ်တပ်ဟာ အာဆီယံရဲ့ အချက် ငါးချက်ပါ ဘုံသဘောတူညီချက် (Five-Point Consensus) ကို လိုက်နာအကောင်အထည်ဖော်တာ မတွေ့ရဘဲ နိုင်ငံတစ်ဝန်း အရပ်သားတွေကို လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး တိုက်ခိုက်တာတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်တဲ့ လုပ်ရပ်တွေကိုလည်း ဆက်တိုက်ကျူးလွန်နေတယ်လို့ KNU က ဆိုပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဲခူးတိုင်း အတွင်းရေးမှူး ဦးခင်မောင်ချိုကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

Download options
13 Sep 2026, 19:18 GMT RFA Burmese

စစ်တပ်ခန့်အစိုးရသမ္မတ ဦးမင်းအောင်လှိုင်ဟာ ကမ္ဘောဒီးယားဘုရင်ရဲ့ဖိတ်ကြားချက်အရ စက်တင်ဘာလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့မှာ နှစ်ရက်တာသွားရောက်ခဲ့ပါတယ်။ ခရီးစဉ်မှာ ကမ္ဘောဒီးယားရဲ့ အထက်လွှတ်တော်ဥက္ကဋ္ဌ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်၊ သူ့ရဲ့သားဖြစ်တဲ့ လက်ရှိဝန်ကြီးချုပ် ဟွန်မာနက်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ခွန်းဆူဒါရီတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပပြီး တာဝန်ယူထားတဲ့အပေါ် ဝမ်းမြောက်တဲ့အကြောင်း ဟွန်ဆန်ကပြောဆိုခဲ့သလို၊ ဟွန်မာနက်ကလည်း မြန်မာနိုင်ငံဟာ ကမ္ဘောဒီးယားရဲ့ ယုံကြည်စိတ်ချရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ ပြောပါတယ်။ ဦးမင်းအောင်လှိုင်ကလည်း ကမ္ဘောဒီးယားဟာ မြန်မာနိုင်ငံအပေါ် အစဉ်တစိုက်ထောက်ခံခဲ့တဲ့ မိတ်ဆွေနိုင်ငံ ဖြစ်တဲ့အကြောင်းနဲ့ အထူးသဖြင့် ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့အချိန်ကကူညီပေးခဲ့တာကို ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်း ပြောခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း အာဆီယံနဲ့နိုင်ငံတကာရေးရာကိစ္စ၊ လုံခြုံရေးနဲ့ကာကွယ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းကဏ္ဍတွေမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ သဘောတူခဲ့ပါတယ်။ ကမ္ဘောဒီးယားဟာ သူတို့နိုင်ငံရဲ့အကျိုးစီးပွားကို ဦးစားပေးတာလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက သုံးသပ်ပါတယ်။ “နှစ်နိုင်ငံလုံးကနေပြီးတော့ ဒါက နိုင်ငံအဆင့်ခရီးစဉ်ဖြစ်တယ်ဆိုတဲ့သဘောထားတွေ ထုတ်ပြန်ထားတဲ့အခါ ကျတော့၊ ကမ္ဘောဒီးယားအနေနဲ့ သူတို့က ICC အဖွဲ့ဝင်ဖြစ်နေမှုအပေါ်မှာ အလေးအနက်မထားဘူးဆိုတဲ့ အဓိပ္ပာယ် တော့ သက်ရောက်နေပါတယ်။ လက်ရှိကာလမှာဆိုရင်လည်း နိုင်ငံတော်တော်များများက ကိုယ့်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကိုပဲ အဓိကထားတဲ့ အခြေအနေမျိုးဖြစ်တဲ့အခါကျတော့ ကမ္ဘောဒီးယားကလည်း အဲလိုပုံစံမျိုးပဲလို့ ထင်ပါတယ်” အခုလိုကမ္ဘောဒီးယားရဲ့ နိုင်ငံတော်အဆင့် ဧည့်ခံမှုအပေါ် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေကလည်း ဝေဖန်ထားပါတယ်။ Human Rights Watch ရဲ့ အာရှရေးရာဒါရိုက်တာ အယ်လိန်း ပီယာဆန် (Elaine Pearson) က ဦးမင်းအောင်လှိုင်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်နေပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်ခဲ့တာတွေအတွက် ဖမ်းဝရမ်းထုတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရှေ့နေချုပ်က တောင်းဆိုထားတာကို ထောက်ပြပြီး ကမ္ဘောဒီးယားအနေနဲ့ အခုလို ဂုဏ်ပြုဧည့်ခံတာမျိုးမလုပ်သင့်ဘူးလို့ စက်တင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။ ခရီးစဉ်မတိုင်ခင် စက်တင်ဘာ ၉ ရက်မှာလည်း ကမ္ဘောဒီးယားဟာ ICC အဖွဲ့ဝင်နိုင်ငံ ဖြစ်တာကြောင့် ICC ရဲ့ တရားဝင်တောင်းဆိုချက်ရှိလာရင် လိုက်နာဖို့ တာဝန်ရှိတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ Fortify Rights အဖွဲ့ကပြောထားပါတယ်။ မြန်မာစစ်အုပ်စုနဲ့ ကမ္ဘောဒီးယားတို့ဟာ အွန်လိုင်းလိမ်လည်တဲ့ဂိုဏ်းတွေအခြေစိုက်ထားတဲ့ အကျိုးစီးပွားတူညီမှုတွေရှိနေတယ်လို့ Defend Myanmar Democracy အဖွဲ့ရဲ့ တာဝန်ရှိသူ စောအယ်လ်မူးက RFA ကိုပြောပါတယ်။ “ဖမ်းဝရမ်းရှိမယ်ဆိုရင်တောင်မှ ကမ္ဘောဒီးယားအစိုးရအနေနဲ့ မင်းအောင်လှိုင်ကို သူတို့နိုင်ငံထဲကနေ ဖမ်းပြီးတော့ ICC လက်အပ်ဖို့ဆိုတာ မသေချာတဲ့ကိစ္စပေါ့လေ။ သူတို့နှစ်ဖက်လုံးက အကျိုးစီးပွားတူတွေ ဖြစ်နေတာကို ကျွန်တော်တို့ တွေ့နိုင်တယ်။ အနီးဆုံးဥပမာကို ပြောရမယ်ဆိုရင် ကမ္ဘောဒီးယားမှာရော မြန်မာနိုင်ငံထဲမှာရော ကျားဖြန့်တွေ ရှိနေတာကို ကျွန်တော်တို့ တွေ့နိုင်တယ်။ ဒါတွေက သူတို့အချင်းချင်းကြားမှာ တူညီတဲ့ စရိုက် လက္ခဏာတွေ ရှိနေတယ်ဆိုတာကို သုံးသပ်လို့ရတယ်။ အချင်းချင်း ရပ်တည်ပေးကြတဲ့သဘောဆိုတာကို ကျွန်တော်တို့ တွေ့နိုင်ပါတယ်” ဒီခရီးစဉ်အပေါ် ဝေဖန်မှုတွေရှိနေချိန်မှာ ကမ္ဘောဒီးယားဘက်ကတော့ အာဆီယံရဲ့ ပြည်တွင်းရေး ဝင်မစွက်ဖက်ရေးမူကိုကိုင်စွဲပြီး တုံ့ပြန်ပါတယ်။ ကမ္ဘောဒီးယားဘုရင်ကဖိတ်တာဟာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာတာကိုပြသတာဖြစ်ပြီး၊ ဦးမင်းအောင်လှိုင်နဲ့ သံတမန်ဆက်ဆံရေးဆက်ထားတဲ့နိုင်ငံတွေ ရှိနေသေးတာကြောင့် အသိအမှတ်ပြုခြင်း၊ မပြုခြင်းဆိုတဲ့ကိစ္စကို အဲဒီအခြေအနေအတွင်းမှာပဲစဉ်းစားသင့်တယ်လို့လည်း ကမ္ဘောဒီးယား အထက်လွှတ်တော်ပြောရေးဆိုခွင့်ရှိသူ ချီရာ သီရစ် (Chea Thyrith) က ပြောပါတယ်။ စစ်အုပ်စုကို အာဆီယံဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်နိုင်ရေးအတွက် အကန့်အသတ်နဲ့သာ ဆက်ဆံသင့်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ရန်ကုန်တိုင်း ဒလမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောပါတယ်။ “နိုင်ငံတကာအနေနဲ့ အဖက်ဖက်ကနေ စည်းမျဉ်းစည်းကမ်းတွေ ဖောက်ဖျက်ပြီးတော့ နိုင်ငံတကာဖြေရှင်းမှုတွေကို ငြင်းဆန်နေတဲ့ ဒီအဖွဲ့ကို အကန့်အသတ်တစ်ခုအနေနဲ့ပဲ ဆက်ဆံဖို့ဆိုတာကို ကျွန်တော်တို့အနေနဲ့ လိုလားပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိပဋိပက္ခတွေ တိုးမြှင့်ပြီးတော့ဖြစ်နေတဲ့အချိန်ကာလမျိုးမှာ ဆုချတဲ့ပုံစံမျိုးမဖြစ်ဖို့အတွက်ကိုလည်း သတိထားဖို့လိုပါလိမ့်မယ်” အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်းရဲ့ ကမ္ဘောဒီးယားခရီးစဉ်အတွင်း သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ လေးခု လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီထဲမှာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေး၊ အခွန်နှစ်ထပ် ရှောင်ရှားရေး၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပြန်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ ပါဝင်ပါတယ်။ ကမ္ဘောဒီးယားခရီးစဉ်ဟာ ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ၈ နိုင်ငံမြောက်ခရီးစဉ်ဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှား၊ ဘယ်လာရုစ်နဲ့ ဗီယက်နမ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံမှာတော့ လေးနိုင်ငံမြောက်ဖြစ်ပါတယ်။ အာဆီယံအသင်းအနေနဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ စစ်တပ်ခန့်အစိုးရကို ဆက်လက်တိုက်တွန်းထားပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း စစ်တပ်ခန့်အစိုးရရဲ့ အဆင့်မြင့် ခေါင်းဆောင်တွေ တက်ရောက်ခွင့်ကို ကန့်သတ်ထားပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အဲဒီတုန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ် ကာရင် အာဆက် အာမက် ခန် (Karim AA Khan) က ICC တရားရုံးကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာ လျှောက်ထားခဲ့တာဖြစ်ပါတယ်။ အဲဒီလျှောက်ထားချက်အပေါ် ICC ဘက်က ဖမ်းဝရမ်းထုတ်ပေးထားကြောင်း တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Download options
13 Sep 2026, 19:06 GMT RFA Burmese

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကတည်းက နိုင်ငံ့ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ထားတာကြောင့် သူ့ရဲ့ ကုလသမဂ္ဂ ကိုယ်စားပြုခွင့်ကို အသိအမှတ်မပြုကြောင်း စစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံကို ဆက်လက်ကိုယ်စားပြုနေတာဟာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုခွင့်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ ကိုယ်စားလှယ်အရည်အချင်းစစ်ကော်မတီ (Credentials Committee) က ဆုံးဖြတ်ချက်မချဘဲ ရွှေ့ဆိုင်းထားတာကြောင့် ဖြစ်တယ်လို့လည်း စစ်တပ်ခန့်အစိုးရဘက်က ဆိုပါတယ်။ ဒါ့အပြင် ဦးကျော်မိုးထွန်းရဲ့ ကုလသမဂ္ဂမှာ ပြောဆိုချက်တွေနဲ့ လှုပ်ရှားမှုတွေဟာ စစ်တပ်ခန့်အစိုးရရဲ့ သဘောထားကို ကိုယ်စားမပြုဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်တပ်ခန့်အစိုးရက ဦးကျော်မိုးထွန်းကို နိုင်ငံပိုင်ပစ္စည်းတွေနဲ့ မြန်မာသံရုံးဆိုင်ရာ ရန်ပုံငွေတွေကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခဲ့တယ်လို့ စွပ်စွဲထားသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့နဲ့ ဆက်သွယ်လုပ်ကိုင်နေတယ်ဆိုပြီး အဲဒီအဖွဲ့တွေရဲ့ ကိုယ်စားလှယ်အဖြစ် လှုပ်ရှားနေတာကြောင့် ပုဒ်မမျိုးစုံနဲ့ အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ထားတယ်လို့လည်း ဆိုပါတယ်။ ဦးကျော်မိုးထွန်းကို အရေးယူနိုင်ဖို့အတွက် အင်တာပို(INTERPOL)၊ အမေရိကန်နိုင်ငံဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ သံတမန်လမ်းကြောင်းတွေကနေ ဆောင်ရွက်နေတယ်လို့ စစ်တပ်ခန့်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ စက်တင်ဘာလ ၈ ရက်နေ့မှာ စတင်ကျင်းပပြီးနောက် ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ သံအမတ်ကြီးနဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရေးအတွက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ပြည်သူတွေက ပြည်တွင်း၊ ပြည်ပမှာ လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေချိန် အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။ စစ်တပ်ခန့်အစိုးရရဲ့ အခုထုတ်ပြန်ချက်ဟာ ဦးကျော်မိုးထွန်းရဲ့ ကုလသမဂ္ဂ ကိုယ်စားပြုခွင့်ကို အားနည်းသွားစေဖို့ ကြိုးပမ်းတာဖြစ်ပေမဲ့ လက်ရှိအခြေအနေ ပြောင်းလဲသွားနိုင်ခြေ နည်းတယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) အတွင်းရေးမှူးအဖွဲ့ဝင် ကိုလွမ်းသူက သုံးသပ်ပါတယ်။ “လက်ရှိစစ်အုပ်စုက နိုင်ငံတကာထောက်ခံမှု ကျဆင်းလာတဲ့ အခြေအနေမှာ ဦးကျော်မိုးထွန်းရဲ့ ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီး အခုလို ထုတ်ပြန်လာတာလို့ ကျွန်တော်တို့ မြင်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းပြည်ပက ပြည်သူတွေက ဦးကျော်မိုးထွန်းကို ကိုယ်စားပြုသူအဖြစ် ဆက်လက်ရပ်တည်ထားသလို၊ နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေနဲ့လည်း ဆက်လက်ချိတ်ဆက်ဆောင်ရွက်နေတာကြောင့် ဒီအခြေအနေက ပြောင်းလဲသွားနိုင်ချေ နည်းတယ်လို့ ကျွန်တော်ကတော့ မှတ်ချက်ပြုချင်ပါတယ်” ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်ရှိနေတာဟာ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းရှေ့မှာ ဆက်လက်တင်ပြနိုင်ဖို့ အရေးကြီးတယ်လို့ ကိုလွမ်းသူက ပြောပါတယ်။ ဒါ့အပြင် ဦးကျော်မိုးထွန်းဟာ ပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး ပြည်သူလူထုက ထောက်ခံတဲ့ ကိုယ်စားလှယ်ဖြစ်တယ်ဆိုတာကို နိုင်ငံတကာက သိရှိစေဖို့လည်း အရေးကြီးတယ်လို့ သူက ဆိုပါတယ်။ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို စက်တင်ဘာလ ၈ ရက်နေ့မှာ စတင်ကျင်းပခဲ့ပြီး အဲဒီနေ့မှာပဲ ကိုယ်စားလှယ်အရည်အချင်းစစ်ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီနှစ် Credentials Committee မှာ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဘယ်လ်ဂျီယံ၊ ဂျမေကာ၊ ဘဟားမားစ်၊ ယူဂန်ဒါ၊ ဘီနင်နဲ့ ဗန်နွာတူ စတဲ့ နိုင်ငံကိုးနိုင်ငံ ပါဝင်ပါတယ်။ ကုလသမဂ္ဂ လုပ်ထုံးလုပ်နည်းအရ Credentials Committee က အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်အထောက်အထားတွေကို စိစစ်ပြီး အထွေထွေညီလာခံကို အစီရင်ခံတင်ပြရတာ ဖြစ်ပါတယ်။ ကန့်ကွက်ခံထားရတဲ့ ကိုယ်စားလှယ်တစ်ဦးဟာ ကော်မတီရဲ့ အစီရင်ခံစာနဲ့ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက် မထွက်မချင်း ယာယီအနေနဲ့ ဆက်လက်ပါဝင်ခွင့်ရှိတယ်လို့ UN လုပ်ထုံးလုပ်နည်းမှာ ပြဋ္ဌာန်းထားပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို ဘယ်သူက ကိုယ်စားပြုမလဲဆိုတဲ့ အငြင်းပွားမှု ဆက်ရှိနေပြီး Credentials Committee က မြန်မာကိုယ်စားပြုခွင့်ဆိုင်ရာ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းလာခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ၈၀ ကြိမ်မြောက် အထွေထွေညီလာခံမှာလည်း မြန်မာကိုယ်စားပြုမှုနဲ့ပတ်သက်တဲ့ မတူညီတဲ့ အမည်စာရင်းနှစ်ခု ရှိခဲ့ပြီးနောက် ကော်မတီက ဆုံးဖြတ်ချက်ကို ထပ်ပြီးရွှေ့ဆိုင်းခဲ့ပါတယ်။

Download options
13 Sep 2026, 16:20 GMT RFA Burmese

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ကနေ ပြန်ဆင်းလာတဲ့ စစ်တပ်သုံး သင်္ဘောတွေကို ရွှေကူမြို့နယ်၊ မြလည်ရွာအနီးမှာ စက်တင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက ကချင်လွတ်လပ်ရေး တပ်မတော်(KIA) နဲ့ ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော နှစ်စင်း မီးလောင်ပျက်စီးသွားတယ်လို့ KIA က RFA ကို အတည်ပြုပြောပါတယ်။ အဲဒီသင်္ဘောတွေဟာ ဗန်းမော်မြို့ကို လူအင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့ဆောင်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ပြန်ဆင်းလာချိန်မှာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ “ဒီနေ့(စက်တင်ဘာ ၁၃ရက်) မနက် ၆ နာရီလောက်မှာ လှုပ်ရှားလာတဲ့ စစ်သင်္ဘောတွေကို KIAနဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်တာ နှစ်စင်း မီးလောင်ပျက်စီးသွားတယ်လို့ သတင်းရပါတယ်။ ဒီညနေပိုင်းကတော့ ငြိမ်နေပြီးတော့ သင်္ဘောတွေက ဘယ်လိုပြန်ယူသွားမလဲဆိုတာတော့ မသိသေးဘူး။ ပြန်ဆင်းလာတဲ့ စစ်သင်္ဘောက ဆယ်စင်းလောက်ရှိတယ်။ ဆယ်စင်းလောက်ဆိုတာက တွန်းသင်္ဘောတွေအပါအဝင်ပေါ့ တကယ့်သင်္ဘောက သုံးစင်းလောက်ပဲပါတယ်။ ကျန်တာက ဖလက်တွေဘာတွေပါ” ဒီတိုက်ခိုက်မှုအပါအဝင် ဩဂုတ်လနှောင်းပိုင်းကစပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက် တိုက်ခိုက်မှုတွေအတွင်း စစ်တပ်သုံး သင်္ဘော အနည်းဆုံး ၁၆ စင်း ပျက်စီးခဲ့တယ်လို့လည်း KIA က ဆိုပါတယ်။ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ဒီအခြေအနေကို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်ကမ်းဘေးက မြလည်ရွာနဲ့ ဆူးပုတ်ကုန်းရွာတို့ကို စစ်တပ်က ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးတဲ့အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ KIA က ဆိုပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ စစ်တပ်ရဲ့ ရေယာဉ်အုပ်စုဟာ ဗန်းမော်မြို့ကို လူအင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့ဆောင်ဖို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာခဲ့တာလို့လည်း ပြောပါတယ်။ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းမှာလည်း ဗန်းမော်ခရိုင် မံစီမြို့နယ် အောင်ဂျာရွာကို စစ်တပ်စစ်ကြောင်း ဝင်ရောက်လာရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ KIA က ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရ ပြောရေးဆိုခွင့်ရှိသူ၊ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး မျိုးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

Download options
12 Sep 2026, 00:30 GMT RFA Burmese

ဒီတစ်ပတ်အစီအစဉ်မှာတော့ ဗီဒီယိုရိုက်ကူးရေးသမားအဖြစ် ဆယ်နှစ်လောက် အသက် မွေးဝမ်းကျောင်းပြုခဲ့ပြီး စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်မှာ လက်နက်ကိုင်တိုက်ဖို့ ညီနဲ့အတူ လွတ်မြောက်နယ်မြေရောက်ခဲ့တဲ့ ကိုကောင်းကောင်း ခေါ် ရဲဘော်ကျီးကန်းနဲ့ စကားပြောထားတာကို တင်ပြမှာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဧပြီလက ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်နေတဲ့အတွက် PDF တပ်ဖွဲ့ဝင် ကိုကောင်းကောင်းတို့ဟာ ဒရုန်းနဲ့တိုက်ဖို့ ပြင်ဆင်ရင်း ပေါက်ကွဲမှုနဲ့ ကြုံခဲ့ရပါတယ်။ အဲဒီပေါက်ကွဲမှုမှာ ညီကအသက်ဆုံးရှုံးသွားသလို ကိုကောင်းကောင်းက ခြေတစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီ “စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်“ ပေါ့ကတ်စ် အစီအစဉ်ဟာ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘဝတွေအကြောင်း ပြောပြနေတာဖြစ်ပြီး အပြည့်အစုံကို မြန်မာစံတော်ချိန် စနေနေ့ မနက် ၇ နာရီမှာ RFA Burmese ရဲ့ ဝက်ဆိုက်၊ Facebook နဲ့ YouTube တွေကနေ အပတ်စဥ် ကြည့်ရှုနားဆင်နိုင်ပါတယ်။

Download options
11 Sep 2026, 23:39 GMT RFA Burmese

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အစည်းအဝေးတွေမှာ မြန်မာစစ်တပ်ခန့်အစိုးရ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေ ပြန်တက်ရောက်နိုင်ရေး အာဆီယံနိုင်ငံတွေက အပြည့်အဝထောက်ခံပေးဖို့ စစ်တပ်ခန့်အစိုးရက တောင်းဆိုထားပါတယ်။ စစ်တပ်ခန့်အစိုးရရဲ့ အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးက ဩဂုတ် ၂၆ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ၂၉ ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးအတွင်း ILO ညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံစဉ် အခုလိုတောင်းဆိုခဲ့တာလို့ အလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံအပေါ် ILO ဖွဲ့စည်းပုံအခြေခံဥပဒေ Article 33 အရ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်နဲ့ ILO၊ အာဆီယံ ပူးပေါင်းဆောင်ရွက်မှုကနေ မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်ရေး ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ILO အစည်းအဝေးတွေမှာ မြန်မာကိုယ်စားလှယ် တက်ရောက်ခွင့်ရ၊ မရကို အာဆီယံနိုင်ငံတွေက ဆုံးဖြတ်ပေးနိုင်တာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) လက်ထောက်အထွေထွေ အတွင်းရေးမှူးနဲ့ ILO အုပ်ချုပ်မှုအဖွဲ့ဝင် မဖြိုးစန္ဒာစိုးက RFA ကို ပြောပါတယ်။ “ILO ရဲ့ယန္တရားကို စစ်ကောင်စီက သိပုံမရဘူး။ ILO ကို ကိုယ်စားလှယ်လွှတ်တယ်ဆိုတာ သူတို့လွှတ်ချင်သလို လွှတ်လို့ရတဲ့နေရာ မဟုတ်ဘူး။ လုပ်ထုံးလုပ်နည်းတွေနဲ့ စံနှုန်းတွေရှိတယ်။ အလုပ်ရှင်ကိုယ်စားလှယ်ကို အပြည်ပြည်ဆိုင်ရာအလုပ်ရှင်များအဖွဲ့က ဆုံးဖြတ်ပြီး အလုပ်သမားကိုယ်စားလှယ်ကိုလည်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်က ဆုံးဖြတ်မှာဖြစ်တယ်။ ဒါကြောင့် အာဆီယံနိုင်ငံတွေက ဆုံးဖြတ်ပေးလို့မရဘူး။ ILO မှာလည်း ဆုံးဖြတ်ချက်ရှိထားပြီးသားပါ။ မြန်မာစစ်တပ်ကို မြန်မာနိုင်ငံအစိုးရအဖြစ် အသိအမှတ်ပြုထားတာ မရှိပါဘူး” မြန်မာနိုင်ငံရဲ့ ILO ကိုယ်စားပြုမှုကိစ္စ မဖြေရှင်းနိုင်သေးတာကြောင့် ၂၀၂၆ ဇွန်လ ILO ညီလာခံမှာ မြန်မာနိုင်ငံက ကိုယ်စားလှယ်တစ်ဦးကိုမျှ အသိအမှတ်ပြုထားတာ မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံတကာအလုပ်ရှင်နဲ့ အလုပ်သမားအဖွဲ့အစည်းတွေက သူတို့ရဲ့ ကိုယ်စားလှယ်တွေထဲက မြန်မာအလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားလှယ်တွေကို သတ်မှတ်ပြီး သူတို့ကိုယ်စား ပါဝင်ပြောဆိုခွင့်ပေးထားပါတယ်။ လက်ရှိမှာ စစ်တပ်ကို အစိုးရအဖြစ် အသိအမှတ်မပြုတာကြောင့် အစိုးရကိုယ်စားလှယ်နေရာ လစ်လပ်နေပြီး စစ်တပ်ခန့်အစိုးရက သူတို့ထောက်ခံတဲ့ အလုပ်သမားကိုယ်စားလှယ်တွေ ILO အစည်းအဝေးတွေမှာ ပါဝင်ခွင့်ရရေး ကြိုးပမ်းနေတာလို့ မဖြိုးစန္ဒာစိုးက ပြောပါတယ်။ တစ်ဖက်မှာ ILO မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry – CoI) က အလုပ်သမားသမဂ္ဂဝင်တွေအပေါ် အကြမ်းဖက်၊ ဖမ်းဆီးမှုတွေ ရပ်ဖို့၊ သမဂ္ဂလွတ်လပ်ခွင့် ပြန်ပေးဖို့နဲ့ အဓမ္မခိုင်းစေမှု၊ အတင်းအကျပ် စစ်သားစုဆောင်းမှုတွေ ရပ်ဖို့ တိုက်တွန်းထားပါတယ်။ အဲဒီတိုက်တွန်းချက်တွေကို အကောင်အထည်ဖော်နေတယ်လို့ စစ်တပ်ခန့် အစိုးရရဲ့ အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးက စက်တင်ဘာ ၉ ရက်နေ့ အစည်းအဝေးမှာ ပြောထားပါတယ်။ (CTUM) လက်ထောက်အထွေထွေအတွင်းရေးမှူးနဲ့ ILO အုပ်ချုပ်မှုအဖွဲ့ဝင် မဖြိုးစန္ဒာစိုးကတော့ အဲဒီတိုက်တွန်းချက်တွေကို စစ်တပ်ခန့်အစိုးရက လိုက်နာမှုရှိ၊ မရှိဆိုတာ ကျူးလွန်သူတွေက ဆုံးဖြတ်ရမယ့်ကိစ္စမဟုတ်ဘဲ နစ်နာခဲ့တဲ့ အလုပ်သမားတွေနဲ့ ပြည်သူတွေက ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။ ၂၀၂၅ ခုနှစ် ဇွန် ၅ ရက်မှာ ILO ညီလာခံက အဓမ္မခိုင်းစေမှုနဲ့ လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခွင့်ဆိုင်ရာ တိုက်တွန်းချက်တွေကို မြန်မာနိုင်ငံက အပြည့်အဝ အကောင်အထည် မဖော်ခဲ့တာကြောင့် ILO ဖွဲ့စည်းပုံအခြေခံဥပဒေ Article 33 အရ အရေးယူဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Download options
11 Sep 2026, 17:37 GMT RFA Burmese

စစ်ဘက်သုံးတံတားဦးလေတပ်စခန်းကို အကြမ်းဖက်မှု တားဆီးနှိမ်နင်းရေးရည်ရွယ်ချက်နဲ့ ဒရုန်းစစ်ဆင်ရေးဖော်ဆောင်တိုက်ခိုက်။

Download Video
RFA logo
Video
Credit: RFA Burmese
11 Sep 2026, 17:37 GMT RFA Burmese

(Updated – 10:58 AM Sep 12,2026) မန္တလေးတိုင်းက တံတားဦးလေတပ်စခန်းကို အထူးစစ်ဆင်ရေးအနေနဲ့ FPV တိုက်ခိုက်ရေးဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ ဂျက်တိုက်လေယာဉ် လေးစင်းထိမှန်ခဲ့ပြီး အဲဒီအထဲက နှစ်စင်းပျက်စီးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်းက ရုပ်သံဖိုင်နဲ့အတူ စက်တင်ဘာလ ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ အမှတ် (၁၀) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ (MDDS)၊ ရွှေဘိုခရိုင် ကွပ်ကဲရေး (၁) နဲ့ (၂) အပါအဝင် မဟာမိတ်အဖွဲ့တွေက စက်တင်ဘာ ၁၀ ရက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တံတားဦးလေတပ်စခန်းက ဂျက်တိုက်လေယာဉ်တွေဟာ အရပ်သားနေထိုင်ရာနေရာတွေနဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကိုပါ လေကြောင်းတိုက်ခိုက်ရာမှာ အသုံးပြုနေတယ်လို့ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီလေတပ်စခန်းကို ဒရုန်းတွေနဲ့ တိုက်ခိုက်နေချိန်မှာပဲ တံတားဦးမြို့နယ် အလယ်ကျေးရွာအနီး ကင်းလှည့်နေတဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ လစခ (၇) က ဗိုလ်မှူးကြီး မျိုးလှိုင်ဦးနဲ့ အင်အား လေးဆယ်လောက်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ တိုက်ပွဲအတွင်း ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ငါးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း သုံးဦး သေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီတိုက်ပွဲနဲ့ သေဆုံးတဲ့အခြေအနေတွေကို RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။ နောက်ဆက်တွဲတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်တပ်ခန့် အစိုးရဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။ တံတားဦးလေတပ်စခန်း တိုက်ခိုက်ခံရပြီး နာရီပိုင်းအကြာမှာ ဘူးတောင်ကျေးရွာနဲ့ အလယ်ကျေးရွာကြားကို စစ်တပ်က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ဂျိုင်ရိုကော်ပတာတွေ အသုံးပြုပြီး ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့လည်း တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်ဘက်သုံး တံတားဦးလေတပ်စခန်းကို အကြမ်းဖက်မှု တားဆီးနှိမ်နင်းရေးရည်ရွယ်ချက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒရုန်းစစ်ဆင်ရေး ဖော်ဆောင်ပြီး တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ဆင်ရေးအတွင်း Yak-130 အမျိုးအစား တိုက်လေယာဉ်တွေ ရပ်နားထားတဲ့နေရာကို တိတိကျကျ ချဉ်းကပ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ စစ်တပ်ခန့်အစိုးရကတော့ တံတားဦးလေဆိပ် ကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကို အတည်ပြုထားပေမဲ့ လူ၊ လေယာဉ်၊ ယာဉ်နဲ့ လေဆိပ်ပြေးလမ်းတွေ ထိခိုက်ပျက်စီးတာမရှိခဲ့ဘူးလို့ စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်ကို ဆက်သွယ်ရာမှာ “စစ်ရေးပစ်မှတ်ကို ဦးတည်တိုက်ခိုက်တာ။ တံတားဦးလေဆိပ်မှာက အရပ်သားလေယာဉ်တွေတက်တဲ့ အခြမ်းရှိသလို၊ စစ်တပ်သုံးတဲ့ လေယာဉ်ကွင်းက သပ်သပ်ရှိပါတယ်။ ကျွန်တော်တို့က အရပ်သားပစ်မှတ်ကို တိုက်ခိုက်တာမဟုတ်ဘဲ စစ်လေယာဉ်တွေ ပြည်သူလူထုကို နေ့စဉ်ရက်ဆက် ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်လေယာဉ်တွေနဲ့ စစ်သားတွေကို ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေအပြီးမှာလည်း စစ်လေယာဉ်တွေ တောက်လျှောက်ပြန်တက်နေတဲ့ မှတ်တမ်းတွေလည်း ကျွန်တော်တို့မှာရှိပါတယ်။ ရဲဘော် သုံးယောက် ကျဆုံးတာလည်း ရှိပါတယ်။ PDF နဲ့ ပကဖ ပေါ့နော်” လို့ ပြောပါတယ်။ တံတားဦးလေတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို နှစ်ရက်ကြာ ပိတ်ထားတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။ Myanmar Airways International (MAI) ကလည်း မန္တလေးလေဆိပ်ကနေ နိုင်ငံတကာကို ပြေးဆွဲနေတဲ့ ခရီးစဉ်အားလုံးကို ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းလိုက်တယ်လို့ စက်တင်ဘာ ၁၀ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။ ခရီးစဉ်ရပ်နားရတာဟာ လုပ်ငန်းဆိုင်ရာလိုအပ်ချက်တွေကြောင့်ဖြစ်တယ်လို့ MAI က ဆိုပြီး ပြည်တွင်းခရီးစဉ်တွေကိုတော့ ပြင်ဦးလွင်အနီး အနီးစခန်းလေဆိပ်ကနေ ပြောင်းလဲပြေးဆွဲသွားမယ်လို့ ကြေညာထားပါတယ်။ (မှတ်ချက် - ဤသတင်းတွင် NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၏ပြောစကားကို ဖြည့်စွက်ဖော်ပြထားပါသည်။)

Download options
11 Sep 2026, 01:40 GMT RFA Burmese

စစ်တပ်ခန့်အစိုးရက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စီစဉ်ထားတဲ့ ၃၇ ကြိမ်မြောက် အာဆီယံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေး (37th ASOEN) နဲ့ ဆက်စပ်အစည်းအဝေးတွေကို အရပ်ဘက်အဖွဲ့အစည်း ၁၂၃ ဖွဲ့ ကန့်ကွက်ပြီးနောက် အွန်လိုင်းပုံစံနဲ့ ပြောင်းလဲကျင်းပခဲ့တယ်လို့ Defend Myanmar Democracy အဖွဲ့က စက်တင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒီအပြောင်းအလဲဟာ အရပ်ဘက်အဖွဲ့တွေရဲ့ တောင်းဆိုမှုနောက်ပိုင်း ဖြစ်ပေါ်လာတာဖြစ်တယ်လို့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီကိုယ်စားပြုခွင့်ကို နိုင်ငံတကာမှာ ကာကွယ်ရေးလှုပ်ရှားနေတဲ့ Defend Myanmar Democracy (DMD) က ပြောပါတယ်။ ဒါပေမဲ့ အစည်းအဝေးပုံစံပြောင်းတာဟာ အရပ်ဘက်အဖွဲ့တွေရဲ့ ကန့်ကွက်မှုကြောင့်ဖြစ်တယ်လို့ အာဆီယံက တရားဝင် ရှင်းလင်းထားတာတော့ မရှိသေးပါဘူး။ Defend Myanmar Democracy ဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီကိုယ်စားပြုခွင့်ကို နိုင်ငံတကာမှာ ကာကွယ်ရေး လှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ အာဆီယံရဲ့ မူလအချိန်ဇယားတွေအရ 37th ASOEN နဲ့ ရာသီဥတု၊ ဇီဝမျိုးစုံမျိုးကွဲ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆက်စပ်အစည်းအဝေးတွေကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဩဂုတ် ၄ ရက်ကနေ ၇ ရက်အထိ လက်ခံကျင်းပမယ်လို့ ဖော်ပြထားတာပါ။ ဒီအစီအစဉ်ကို ကန့်ကွက်တဲ့ အရပ်ဘက်နဲ့ လူ့အခွင့်အရေးအဖွဲ့ ၁၂၃ ဖွဲ့က အာဆီယံနဲ့ ASOEN ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို ဇူလိုင် ၁၈ ရက်မှာ အိတ်ဖွင့်ပေးစာ ပေးပို့ပြီး တောင်းဆိုခဲ့ပါတယ်။ အဲဒီအဖွဲ့တွေက ဆက်စပ်အစည်းအဝေး ခုနစ်ခုကို ဖိလစ်ပိုင်နိုင်ငံဆီ ပြောင်းရွှေ့ကျင်းပဖို့ ဒါမှမဟုတ် ဖိလစ်ပိုင်က အိမ်ရှင်အဖြစ် တာဝန်ယူပြီး အွန်လိုင်းကနေ ကျင်းပဖို့ တောင်းဆိုခဲ့တာပါ။ အဲဒီနောက်မှာတော့ ၃၇ ကြိမ်မြောက် ASOEN နဲ့ ဆက်စပ်အစည်းအဝေးတွေ ကျင်းပမဲ့နေရာကို “မြန်မာနိုင်ငံ” ကနေ “မြန်မာနိုင်ငံနှင့် အွန်လိုင်း” လို့ ပြောင်းလဲပြီး ဩဂုတ် ၁၀ ရက်ကနေ ၁၃ ရက်အထိ အွန်လိုင်းစနစ်နဲ့ ကျင်းပခဲ့တယ်လို့ Defend Myanmar Democracy က ဆိုပါတယ်။ စစ်တပ်ခန့် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနဲ့ တာဝန်ရှိသူတွေက နေပြည်တော် Park Royal ဟိုတယ်မှာ တက်ရောက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်စပ်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေကတော့ အွန်လိုင်းက ပါဝင်ခဲ့ကြတယ်လို့ စစ်တပ်ခန့်အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီအပြောင်းအလဲဟာ အရပ်ဘက်အဖွဲ့တွေရဲ့ တောင်းဆိုချက်အားလုံးကို ပြည့်မီတာ မဟုတ်ပေမဲ့ အရေးပါတဲ့ ပြောင်းလဲမှုတစ်ရပ်ဖြစ်တယ်လို့ Defend Myanmar Democracy အဖွဲ့ဝင် ကိုမိုက်က ပြောပါတယ်။ “အာဆီယံအနေနဲ့ စစ်တပ်ခန့်အစိုးရနဲ့ သူ့လက်အောက်ခံ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကို အနာဂတ် ASOEN အစည်းအဝေးတွေနဲ့ လုပ်ငန်းစဉ်အားလုံးကနေ ဖယ်ထုတ်သင့်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုဆိုင်ရာ ပလက်ဖောင်းတွေကို အသုံးပြုပြီး နိုင်ငံတကာအသိအမှတ်ပြုမှု ရယူတာမျိုးကိုလည်း ခွင့်မပြုသင့်ပါဘူး” စစ်တပ်ခန့် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဆန်းဦးဟာ စစ်တပ်ရဲ့ စစ်ရေးချုပ်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ (MEHL) ရဲ့ အုပ်ချုပ်မှုအဆင့် တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ဖူးကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာပိတ်ဆို့အရေးယူရေး မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ MONREC လက်အောက်မှာ ကျောက်မျက်၊ ပုလဲ၊ သတ္တုနဲ့ သစ်လုပ်ငန်းဆိုင်ရာ နိုင်ငံပိုင်လုပ်ငန်းတွေ ရှိပြီး အဲဒီထဲကလုပ်ငန်းအချို့ဟာ စစ်တပ်အတွက် ဝင်ငွေရရှိစေတဲ့ လမ်းကြောင်းတွေဖြစ်တာကြောင့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ပိတ်ဆို့အရေးယူထားပါတယ်။ အရပ်ဘက်အဖွဲ့တွေရဲ့ တောင်းဆိုချက်တွေထဲမှာ အနာဂတ် ASOEN အစည်းအဝေးတွေနဲ့ လုပ်ငန်းစဉ်တွေမှာ စစ်တပ်ခန့်အစိုးရကို ပါဝင်ခွင့်မပေးဖို့နဲ့ သူ့လက်အောက်ခံ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) ကို ရန်ပုံငွေ၊ နည်းပညာနဲ့ တခြားအကူအညီတွေ မရောက်ရှိစေဖို့လည်း တောင်းဆိုထားပါတယ်။ ဒီအစည်းအဝေးမှာ အာဆီယံနိုင်ငံတွေက နောက်ဆယ်နှစ်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာစီမံကိန်းနဲ့ ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာညီလာခံကို တင်သွင်းမယ့် ပူးတွဲကြေညာချက်တွေ အပါအဝင် အရေးကြီးစာတမ်းတချို့ကို အတည်ပြုခဲ့တယ်လို့ ထိုင်းနိုင်ငံ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဆက်စပ်ကျင်းပခဲ့တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲမှာ အာဆီယံကိုယ်စားလှယ်တွေအတွက် ကာဗွန်ဈေးနှုန်းနဲ့ ကာဗွန်ဈေးကွက်ဆိုင်ရာ လေ့လာရေးခရီးစဉ်တစ်ခုကို ဘရပ်ဆဲလ်မြို့မှာ လက်ခံကျင်းပဖို့ ဥရောပသမဂ္ဂက ကမ်းလှမ်းထားပါတယ်။ ဒီအစီအစဉ်ကနေတစ်ဆင့် စစ်တပ်ခန့်အစိုးရကိုယ်စားလှယ်တွေ ဥရောပသမဂ္ဂရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်တွေမှာ ပါဝင်လာနိုင်တဲ့အပေါ် စိုးရိမ်တယ်လို့ Defend Myanmar Democracy က ပြောပါတယ်။ Defend Myanmar Democracy (DMD)၊ Milk Tea Alliance Thailand၊ Progressive Voice၊ Blood Money Campaign၊ Justice For Myanmar၊ Karen Human Rights Group၊ Women’s League of Burma အပါအဝင် သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း ၁၂၃ ဖွဲ့က ကန့်ကွက်တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာပါ။

Download options
11 Sep 2026, 00:03 GMT RFA Burmese

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ စက်တင်ဘာလ ၉ ရက်နေ့အထိ ရှစ်လကျော်အတွင်း အာဏာသိမ်းစစ်တပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေး ၁၂၁ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ မိန်းကလေး ၅၄ ဦးနဲ့ ယောက်ျားလေး ၆၇ ဦး ပါဝင်ပြီး အငယ်ဆုံးက အသက် နှစ်လအရွယ် ယောက်ျားလေးတစ်ဦး ဖြစ်တယ်လို့ AAPP က ဆိုပါတယ်။ ဒေသအလိုက်ကြည့်ရင် ပဲခူးတိုင်းမှာ ၂၉ ဦးနဲ့ အများဆုံးသေဆုံးခဲ့ပြီး ချင်းပြည်နယ်မှာ ၂၄ ဦးနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။ သေဆုံးသူ ၁၂၁ ဦးထဲက ၈၇ ဦးဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး ၁၇ ဦးကတော့ စစ်တပ်ရဲ့ ဖမ်းဆီးမှုခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရတာလို့ AAPP က ဖော်ပြပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲမတိုင်ခင်နဲ့ နောက်ပိုင်းကာလတွေမှာလည်း အရပ်သားတွေ ရင်ဆိုင်နေရတဲ့ အန္တရာယ်ဟာ လျော့ကျမသွားဘဲ ပိုဆိုးလာနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။ “စစ်တပ်ပြောတဲ့ ရက်တစ်ရာမတိုင်ခင်ဖြစ်ဖြစ်၊ ရက်တစ်ရာအတွင်းဖြစ်ဖြစ်၊ ရက်တစ်ရာအပြီးဖြစ်ဖြစ် ပြည်သူတွေအတွက် ဘာထူးခြားသွားလို့လဲ။ စစ်ဘေး၊ ရေဘေးနဲ့ လေကြောင်းဗုံးကြဲတဲ့ဘေးတွေက ပိုတောင်ဆိုးလာသေးတယ်လေ” စက်တင်ဘာလ ၅ ရက်နေ့မှာလည်း မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မုတ္တောကြီးရွာ ကို စစ်တပ်က ဝင်ရောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၃ နှစ်အရွယ် မောင်ဝိုင်းလမင်းအောင်နဲ့ မဝေဝေဌေးတို့ သေဆုံးခဲ့တယ်လို့ AAPP က ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တယ်လို့ သတင်းရရှိထားပေမယ့် အမည်နဲ့ အချက်အလက်တွေ အတည်ပြုဖို့ လိုနေသေးတဲ့ ကလေး အယောက် ၇၀ ရဲ့ စာရင်းကိုလည်း AAPP က သီးခြားကောက်ယူစိစစ်နေပါတယ်။ တစ်ဖက်မှာလည်း AAPP ရဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ စက်တင်ဘာလ ၁၀ ရက်နေ့အထိ စစ်တပ်ကြောင့် အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးရွယ်အို ၈၂ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီး ၅၀ နဲ့ အမျိုးသား ၃၂ ဦး ပါဝင်ပါတယ်။ ဒေသအလိုက် စစ်ကိုင်းတိုင်းမှာ ၂၂ ဦးနဲ့ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ၁၇ ဦးနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။ သက်ကြီးရွယ်အို သေဆုံးသူတွေထဲမှာ အမျိုးသမီး ၅၀ နဲ့ အမျိုးသား ၃၂ ဦး ပါဝင်ပါတယ်။ စစ်ကိုင်းတိုင်းမှာ ၂၂ ဦးနဲ့ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ၁၇ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။ အဲဒီသေဆုံးသူ ၈၂ ဦးထဲက ၅၇ ဦးဟာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး ၁၇ ဦးကတော့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာလို့ AAPP က ဆိုပါတယ်။ ဩဂုတ်လ ၁၁ ရက်နေ့ကလည်း မကွေးတိုင်း စလင်းမြို့နယ်၊ ရွာသစ်ကလေးရွာအပါအဝင် ကျေးရွာတချို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ရွာသစ်ကလေးရွာက သက်ကြီးအမျိုးသား ဦးဖိုးအေး ဗုံးစထိမှန်ပြီး သေဆုံးခဲ့တယ်လို့ AAPP က ဖော်ပြပါတယ်။ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့အထိ စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံအဖွဲ့တွေရဲ့ လက်ချက်ကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၈,၃၆၇ ဦး သေဆုံးခဲ့ပြီး ၃၁,၉၀၇ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။ AAPP ကတော့ ဒီစာရင်းတွေဟာ လက်လှမ်းမီသလောက် ကောက်ယူအတည်ပြုထားတဲ့ စာရင်းတွေဖြစ်တာကြောင့် မြေပြင်မှာ သေဆုံးသူနဲ့ ဖမ်းဆီးခံရသူ အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။ ဒီစာရင်းတွေကို RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်တပ်ခန့်အစိုးရဘက်ကလည်း တုံ့ပြန်ထားတာ မတွေ့ရသေးပါဘူး။

Download options
10 Sep 2026, 22:34 GMT RFA Burmese

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ခဲ့တာကြောင့် ရွာ ခြောက်ရွာက ဒေသခံ ၅ ထောင်ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက စက်တင်ဘာလ ၁၀ ရက်နေ့မှာ RFA ကို ပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာတွေထဲမှာ ဆည်ကြီးကျိုး၊ ရုံးပင်တက်၊ ဘိုကုန်း၊ ပန်းပင်ကုန်းနဲ့ အောင်စည်သာ စတဲ့ ကျေးရွာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီကျေးရွာတွေဟာ သဲကုန်းမြို့နဲ့ လေးမိုင်ဝန်းကျင်လောက်ပဲ ဝေးပြီး အိမ်ခြေနဲ့ လူဦးရေများတဲ့ ရွာကြီးတွေ ဖြစ်တယ်လို့ သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြေပြင်တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။ “စစ်ကြောင်းထိုးတော့ ရွာတွေလည်းပဲ မီးရှို့တယ်ပေါ့။ လူတော်တော်များများ ပြေးနေရတယ်။ ဆည်ကြီးကျိုးရွာက နေအိမ် ၂ လုံး ၊ ရုံးပင်တက်ကျေးရွာက နေအိမ် ၁၁ လုံးလည်း မီးရှို့ခံရတယ်ဗျ။” ဒေသခံတွေ အခုလို ထွက်ပြေးတိမ်းရှောင်နေရတာ လေးရက်ခန့်ရှိလာပြီဖြစ်ပြီး မိုးလည်း ဆက်တိုက်ရွာနေတာကြောင့် စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ပြောပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့ကစပြီး အင်းမအခြေစိုက် တပ်မ ၆၆၊ ရဲကွန်မန်ဒိုနဲ့ နယ်မြေခံပြည်သူ့စစ်တွေ ပူးပေါင်းထားတဲ့ အင်အား ၁၀၀ ခန့်က ဒီဒေသကို စစ်ကြောင်းထိုးနေတာလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။ သဲကုန်းမြို့အနီးတစ်ဝိုက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာတာကြောင့် စစ်တပ်ဘက်ကလည်း နယ်မြေစိုးမိုးနိုင်ဖို့ PDF စခန်းတချို့အနီးအထိ စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကလည်း သဲကုန်းမြို့နယ်၊ ဆရာအတတ်သင် (၁) လမ်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်ဂိတ်တစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ငါးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF-3601 တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

Download options
10 Sep 2026, 20:59 GMT RFA Burmese

ရန်ကုန် ရွှေပြည်သာ စက်မှုဇုန် Costec International အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံတာတွေကို တိုင်ကြားထားတာ ရှစ်လကျော်ရှိလာပေမယ့် ဖြေရှင်းမှုမရှိသေးတဲ့အကြောင်း သတင်းပေးပို့ချက်နဲ့ ထူးခြားတဲ့သတင်းတွေကို တင်ပြထားပါတယ်။ RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၃၀ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။ ။

Download options
10 Sep 2026, 20:22 GMT RFA Burmese

မကွေးတိုင်း မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က ရေနံမှော်ဒေသမှာ စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် စက်တင်ဘာ ၁၀ ရက်နေ့အထိ အနည်းဆုံး ကျေးရွာ ၇ ရွာက ဒေသခံ ၈ ထောင်လောက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ စစ်တပ်စစ်ကြောင်းဟာ တဲကြီးရွာကို မီးရှို့ခဲ့သလို ရေနံတွင်းတချို့လည်း ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကို ကူညီကယ်ဆယ်ပေးနေသူတစ်ဦးက ပြောပါတယ်။ “အခု ရှောင်နေရတာက အကုန်လုံးဆိုရင် ရွာပေါင်း ၇ ရွာလောက်ရှိတယ်။ အခု ကျွန်တော်တောင် ရိက္ခာသွားဝေပြီး ပြန်လာတာဗျ။ ရေနံမှော်ထဲက ၄ တွင်းလောက် မီးရှို့ခံရတယ်။ ကျောက်ခွက်ရေနံမြေ ဝဲလ်တူးနဲ့ ဝဲလ်ဝမ်းအနီးက ပြည်သူပိုင် ရေနံကျင်းတချို့ ဖျက်ဆီးခံလိုက်ရတယ်။” တိမ်းရှောင်နေရတဲ့ရွာတွေထဲမှာ မြိုင်မြို့နယ်က တဲကြီးရွာ၊ ကျောက်ခွက်ရွာနဲ့ ပေါက်မြို့နယ်က နသတ်ရွာ၊ ဆုံကုန်းရွာတို့လည်း ပါဝင်ပါတယ်။ လက်ရှိမှာ စစ်တပ်စစ်ကြောင်းဟာ တဲကြီးရွာမှာ တပ်စွဲထားပြီး ရွာကို အကြိမ်ကြိမ် မီးရှို့နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါပေမဲ့ လုံခြုံရေးအခြေအနေကြောင့် ပျက်စီးဆုံးရှုံးမှု အတိအကျကိုတော့ မသိရသေးပါဘူး။ ဒီစစ်ကြောင်းဟာ ပခုက္ကူမြို့အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်က ထွက်လာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဒေသခံနဲ့ ကူညီကယ်ဆယ်နေသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကတည်းက မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က ရေနံမှော်ဒေသတွေဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် အရင်ကလည်း ဒေသခံ နှစ်သောင်း လောက် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ဆိုပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့် အစိုးရဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Download options
10 Sep 2026, 18:47 GMT RFA Burmese

ရန်ကုန်တိုင်း ရွှေပြည်သာ စက်မှုဇုန် (၃) မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် Costec International အထည်ချုပ်စက်ရုံမှာ လုပ်ခလစာ ဖြတ်တောက်ခံရတာ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ ဖိအားပေးခံရတာနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာ စတဲ့ ကိစ္စတွေကို အလုပ်သမားဌာနအဆင့်ဆင့်ကို အကြိမ်ကြိမ် တိုင်ကြားထားပေမဲ့ မပြေလည်သေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီကနေ ဩဂုတ်လကုန်အထိ ဖြစ်ပေါ်ခဲ့တဲ့ နစ်နာမှုစာရင်းအရ အလုပ်သမား ၇၈၂ ဦး ထိခိုက်နစ်နာခဲ့ပြီး ငွေကြေးနစ်နာမှု ကျပ်သိန်း ၃၈၀ နီးပါး(ကျပ် ၃၇,၇၇၀,၆၀၀) ရှိတယ်လို့ အဲဒီစက်ရုံက အခြေခံအလုပ်သမားအဖွဲ့အစည်း ဘဏ္ဍာရေးမှူး မနှင်းအိခိုင်က ပြောပါတယ်။ “အလုပ်သမား ၇၈၂ ဦး နစ်နာခဲ့ပါတယ်။ နစ်နာဆုံးရှုံးတဲ့ ငွေကြေးပမာဏကို တိတိကျကျ တွက်ထားတာကတော့ ကျပ် ၃၇,၇၇၀,၆၀၀ ရှိပါတယ်ရှင့်” အဲဒီစက်ရုံမှာ အလုပ်သမား ၁,၀၀၀ ဝန်းကျင်ရှိပြီး ကုန်ဈေးနှုန်းမြင့်တက်လာတာနဲ့ လုပ်ခလစာ မလုံလောက်တော့တာကြောင့် အလုပ်သမားတွေက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်ကစပြီး လုပ်ခလစာကို မူလနှုန်းအတိုင်း ပြန်ပေးရေးနဲ့ လုပ်ခ၊ အချိန်ပိုကြေး၊ ရက်မှန်ကြေးတွေ တိုးပေးရေး စုပေါင်းတောင်းဆိုခဲ့ကြတာပါ။ ညှိနှိုင်းမှုတွေအပြီး တစ်ရက်လုပ်ခကို ၇,၈ဝဝ ကျပ် ကနေ ၈,၃၀၀ အထိ တိုးပေးတာအပါအဝင် တချို့အချက်တွေမှာ သဘောတူညီမှုရခဲ့ပြီး အလုပ်သမားတွေ ဇန်နဝါရီ ၁၀ ရက်မှာ လုပ်ငန်းခွင် ပြန်ဝင်ခဲ့ကြပါတယ်။ စုပေါင်းတောင်းဆိုခဲ့တဲ့ ရက်တွေအတွက် လုပ်ခလစာ မဖြတ်တောက်ဖို့ အလုပ်သမားဌာန တာဝန်ရှိသူတွေက ညွှန်ကြားထားပေမယ့် အလုပ်ရှင်ဘက်က လုပ်ခလစာနဲ့ ရက်မှန်ကြေးတွေ ဖြတ်တောက်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် အဲဒီတောင်းဆိုမှုတွေမှာပါဝင်ခဲ့တဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို ဖိအားပေးတာနဲ့ နှစ်ဖက်သဘောတူစာချုပ် ဖောက်ဖျက်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ အဲဒီလိုချိုးဖောက်ခံရတာတွေကို မြို့နယ်၊ ခရိုင်နဲ့ တိုင်းအဆင့်အထိ အကြိမ်ကြိမ်တိုင်ကြားခဲ့ပေမယ့် ထိရောက်တဲ့ ဖြေရှင်းမှု မရသေးဘူးလို့ အခြေခံအလုပ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌ ကိုကျော်ကျော်လတ်က ပြောပါတယ်။ “ကျွန်တော်တို့ အခုလို တိုင်ကြားနေတာကလည်း အခကြေးငွေပေးချေရေးဆိုင်ရာ ဥပဒေနဲ့ ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေတွေအတိုင်း တရားဝင်တိုင်ကြားနေတာပါ။ ကျွန်တော်တို့ တောင်းဆိုနေတာလည်း အများကြီးမဟုတ်ပါဘူး။ ဖြတ်တောက်ခံထားရတဲ့ လုပ်ခလစာတွေ ပြန်ရချင်တယ်။ နောက်ပြီး အလုပ်ရှင်ဘက်ကလည်း အလုပ်သမားဥပဒေတွေကို လေးစားလိုက်နာစေချင်တယ်။ ဒါပဲ ကျွန်တော်တို့ လိုချင်တာပါ။” အခုလို လုပ်ခလစာနစ်နာတာတွေက လက်ရှိကုန်စျေးနှုန်းတွေမြင့်တက်နေချိန်မှာ အလုပ်သမားတွေရဲ့ စားဝတ်နေရေးကို ပိုခက်ခဲစေတယ်လို့ ပြောကြပါတယ်။ ဒီစက်ရုံမှာ အချိန်ပိုကြေး မပါဘဲ တစ်ရက်လုပ်ခ ၈,၃၀၀ ကျပ် ရရှိပြီး လက်ရှိကုန်ဈေးနှုန်းနဲ့ ယှဉ်ရင် စားဝတ်နေရေးအတွက် မလုံလောက်တော့ဘူးလို့ အခြေခံအလုပ်သမားအဖွဲ့အစည်း အလုပ်အမှုဆောင် မနော်ဖောဖောက ပြောပါတယ်။ “အခု ကြက်ဥတစ်လုံးတောင် ၇၀၀၊ ဆန်တစ်ပြည် တစ်သောင်း၊ ဆီတစ်ပိဿာ ၁၇,၀၀၀ လောက် ဖြစ်နေပြီ။ ဒါတောင် မုန့်ဖိုး၊ ပဲဖိုး၊ လက်ဖက်ရည်ဖိုး၊ အဆောင်ခတွေ မပါသေးဘူးနော်။ ရတဲ့လုပ်အားခနဲ့ နေ့တိုင်းတက်နေတဲ့ ကုန်ဈေးနှုန်းကို ဘယ်လိုမှ ချိန်ပြီး တွက်စားလို့ မရတော့ဘူး။ တစ်ရက်တစ်ရက် ဘာစားရမလဲဆိုတာထက် ဘာကိုလျှော့စားရမလဲဆိုတာပဲ စဉ်းစားနေရတယ်” ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး Costec International စက်ရုံဘက်နဲ့ သက်ဆိုင်ရာ မြို့နယ်အလုပ်သမားရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အခုသတင်းထုတ်လွှင့်ချိန်အထိ တုံ့ပြန်ဖြေကြားတာ မရှိခဲ့ပါဘူး။ အလုပ်သမားတွေကတော့ မပြေလည်သေးတဲ့ တိုင်ကြားချက်တွေကို ထိရောက်စွာ ဖြေရှင်းပေးဖို့နဲ့ ဖြတ်တောက်ခံထားရတဲ့ လုပ်ခလစာနဲ့ နစ်နာမှုတွေ ပြန်လည်ရရှိဖို့ ဆက်လက်တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

Download options
10 Sep 2026, 16:41 GMT RFA Burmese

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာရှိတဲ့ တံတားဦးလေတပ်စခန်းကို စက်တင်ဘာ ၁၀ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ FPV တိုက်ခိုက်ရေးဒရုန်း ခြောက်စင်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ခန့်အစိုးရက သတင်းထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုအတွင်း လေတပ်စခန်းထဲက အဆောက်အအုံနဲ့ စစ်လေယာဉ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပေမဲ့ စစ်တပ်ခန့်အစိုးရဘက်ကတော့ ထိခိုက်ပျက်စီးတာ မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။ လေတပ်လုံခြုံရေးတာဝန်ရှိသူတွေက လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ဒရုန်းတွေကို အချိန်မီဟန့်တားနိုင်ခဲ့ပြီး ဒရုန်းတွေမှာပါလာတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို သက်မဲ့ပြုလုပ်နိုင်ခဲ့တယ်လို့လည်း စစ်တပ်ခန့်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်တချို့ ယာယီရပ်နားခဲ့ရပြီး တိုက်ခိုက်သူတွေကို စုံစမ်းဖော်ထုတ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက တိုက်ခိုက်မှုဖြစ်ပြီးနောက် လေကြောင်းခရီးစဉ် လေးခုထက်မနည်း ဖျက်သိမ်းခဲ့ရသလို လေဆိပ်နဲ့ အနီးဝန်းကျင်မှာ လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ “အိမ်ကညီမက မန္တလေးကနေ ရန်ကုန်သွားမှာ။ ထွက်သွားပြီး နှစ်နာရီလောက်ကြာတော့ ပြန်လာခေါ်ပါအုန်းဆိုလို့ သွားခေါ်လိုက်ရတယ်။ အရင်ကလို လေယာဉ် Dealy ထင်တာ။ လေဆိပ်ဘေးကပ်ရပ်က လေတပ်စခန်းဘက်မှာ ပေါက်ကွဲသံကြားရပြီး လေကြောင်းခရီးစဉ်တွေ cancel ဖြစ်ကြောင်းကြေညာတယ်လို့ ပြောတယ်။ သွားခေါ်တော့လည်း လေဆိပ်လမ်းတစ်လျှောက်လုံး စစ်ဆေးလိုက်တာမှ အကြာကြီးပဲ အိမ်ကို ၇နာရီကျော်မှ ပြန်ရောက်တယ်” ဖျက်သိမ်းလိုက်တဲ့ ပြည်တွင်းပြည်ပ လေယာဉ်ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး အစားထိုးပြေးဆွဲပေးမဲ့ ရက်အတိအကျကို မသိရသေးသလို လေကြောင်းလိုင်းတွေဘက်ကလည်း ဆက်သွယ်လာတာ မရှိသေးဘူးလို့ သူက ဆိုပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ လက်ရှိအချိန်အထိ တော်လှန်ရေးအင်အားစုတွေဘက်က ထုတ်ပြန်ကြေညာတာ မတွေ့ရသေးပါဘူး။ တံတားဦးလေတပ်စခန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်လေယာဉ်တွေနဲ့ လေတပ်စခန်းအနီးတစ်ဝိုက်ကို ကင်းထောက်ပျံသန်းတာတွေ ရှိခဲ့သလို မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲမှာလည်း လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ နွားထိုးကြီးမြို့နယ်ထဲက လေကြောင်းပစ်ခတ်မှုတွေနဲ့ ထိခိုက်မှုအခြေအနေကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

Download options
10 Sep 2026, 00:12 GMT RFA Burmese

အိန္ဒိယနိုင်ငံဘက်ကနေ မြန်မာနိုင်ငံဘက်က လက်နက်ကိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဒရုန်းတပ်ဆင်မောင်းနှင်ပစ်ခတ်နည်းတွေ သင်တန်းပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတဲ့ အမေရိကန် နိုင်ငံသားတစ်ဦးနဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးကို စွဲဆိုထားတဲ့အမှုတွေထဲက မတရားသင်းဆက်သွယ်မှုအပါအဝင် ဥပဒေမဲ့လုပ်ရပ်တွေလုပ်ဆောင်ခြင်းကို တားမြစ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ (UAPA) နဲ့ စွဲဆိုထားတဲ့အမှုကို အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ ဦးဆောင်အဖွဲ့ဖြစ်တဲ့ အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ NIA က စက်တင်ဘာ ၈ ရက်နေ့မှာ ပယ်ဖျက်လိုက်ပါတယ်။ ဒီအမှုဟာ သူတို့အပေါ် စွဲဆိုထားတဲ့ အကြီးလေးဆုံးပုဒ်မဖြစ်ပြီး ခွင့်ပြုချက်မဲ့ ကန့်သတ်နယ်မြေ သွားရောက်တာ အပါအဝင် တခြားလူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ ဆက်လက် တရားစွဲဆိုထား တယ်လို့ သိရပါတယ်။ အိန္ဒိယအစိုးရ တရားရေးအရာရှိ ရာဟူး တီရာဂီ (Rahul Tyagi)က “လောလောဆယ် ပြစ်ဒဏ်တစ်ပေါင်းထဲ ကျခံနိုင်တဲ့ လဝက ဥပဒေတွေနဲ့ပဲ စွဲချက်တင်ထားပေမယ့် နောက်ရလာမယ့် ဒရုန်းနဲ့ ဒီဂျစ်တယ်မှတ်တမ်းတွေ ကရတဲ့ သက်သေအထောက်အထားတွေရဲ့ အဖြေကိုကြည့်ပြီး ပြန်စဥ်းစားနိုင်တယ်”လို့ဆိုပါတယ်။ ဒီအမှုဟာ လွတ်လပ်ခြင်း၏သားများ - နိုင်ငံတကာအဖွဲ့ (Sons of Liberty International) လို့ တိုက်ရိုက် အဓိပ္ပာယ်ရတဲ့ နိုင်ငံတကာအပျော်တမ်းစစ်သည်အဖွဲ့ ထူထောင်သူ နဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ အမေရိကန်နိုင်ငံသား မက်သူး အေရွန်ဗန်ဒိုက် (Matthew Aaron VanDyke)နဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးကို မတ်လက ဖမ်းဆီး စစ်ဆေးရာက ပေါ်ထွက်လာတဲ့ အမှုဖြစ်ပါတယ်။ NIA ရဲ့အဆိုအရ မြန်မာအရပ်ဘက်လေယာဥ်ကို ဒရုန်းနဲ့တိုက်ခိုက်ရာမှာ မစ္စတာ ဗန်ဒိုက်နဲ့ ယူကရိန်းနိုင်ငံသား ၆ ဦး ပါဝင်ပတ်သက်ခဲ့တယ်လို့ ပြီးခဲ့တဲ့အပတ်က တရားရုံးကို တင်ပြလျှောက်ထား ခဲ့ပါတယ်။ တောင်အာရှမှာ အကြီးဆုံး အကျဥ်းထောင်ဖြစ်တဲ့ ဒေလီမြို့က တီဟာထောင်မှာ အချုပ်ကျနေတဲ့ ဗန်ဒိုက်နဲ့ ယူကရိန်းနိုင်ငံသား ကမင်းစကီ ဗစ်တာ (Kaminskyi Viktor) ကို လူတွေ့စစ်ဆေးခွင့်ပေးဖို့ တရားရုံးတော်ကို လျှောက်ထားရာမှာ သြဂုတ်လ ၃၁ ရက်နေ့က တရားရုံးခွင့်ပြုမိန့်နဲ့ စစ်ဆေးခဲ့အပြီး အခုလို စွဲချက်ထွက်ပေါ် လာတာဖြစ်ပါတယ်။ အိန္ဒိယထောက်လှမ်းရေးအဖွဲ့ရဲ့ အဆိုအရ ယူကရိန်းနိုင်ငံသား ၁၄ ဦးအထိ အိန္ဒိယနိုင်ငံကို ကမ္ဘာ့လှည့်ခရီးသွား ဗီဇာနဲ့ ရောက်လာပြီး လေကြောင်းနဲ့ အာသံပြည်နယ် ဂူဝါဟတီမြို့ကို သွားရောက်ခဲ့ကြောင်း၊ အဲဒီကမှ ကန့်သတ်နယ်မြေ ခရီးသွားလာခွင့် အမိန့်နဲ့ ကာကွယ်ရေးဧရိယာခွင့်ပြုမိန့်တွေမပါဘဲ မီဇိုရမ်ပြည်နယ်ကို သွားရောက်ခဲ့ကြကြောင်း၊ အဲဒီကနေမှ မြန်မာနိုင်ငံထဲကို တရားမဝင် ဖြတ်ကျော် ဝင်ရောက်ပြီး ဒရုန်း စစ်ဆင်ရေး နည်းပညာ၊ ဒရုန်းပျံသန်းတာနဲ့ တပ်ဆင်တာ စတာတွေကို သင်တန်းပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီသင်တန်းဟာ မြန်မာစစ်တပ်အစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်အဖွဲ့တွေကို ပေးခဲ့တာဖြစ်ပြီး ဒီအထောက်အထား သက်သေတွေကို စွပ်စွဲခံနိုင်ငံခြားသားတွေရဲ့ ဖုန်းနဲ့ ကွန်ပျူတာတွေကနေ ဗီဒီယို ဓာတ်ပုံနဲ့ အသံဖိုင်တွေနဲ့ သိရှိခဲ့ရတယ်လို့လည်း တရားရုံးကို တင်ပြခဲ့ပါတယ်။ အခုနှစ် မတ်လက အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ အိန္ဒိယနိုင်ငံဘက်ကနေ မြန်မာနိင်ငံထဲကို ဝင်ရောက်ခဲ့တဲ့ ယူကရိန်းနိုင်ငံသား ခြောက်ဦးနဲ့ အမေရိကန်နိုင်ငံသား တစ်ဦးကို NIA က ဖမ်းဆီးထိန်းသိမ်းခဲ့တယ် လို့ ကြေညာခဲ့ပါတယ်။ ယူကရိန်းနိုင်ငံသား သုံးဦးကို ဒေလီမြို့၊ အခြား သုံးဦးကို လက္ခနောင်မြို့နဲ့ အမေရိကန်နိုင်ငံသားတစ်ဦးကို ကာလကတ္တား လေဆိပ်မှာ မတ်လ ၁၃ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်မှုကာကွယ်ရေးဥပဒေအရ အမှုဖွင့်ခဲ့ပါတယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ပြောကြားချက်မှာ ယူကရိန်းနိုင်ငံသား ‌ခြောက်ဦးဟာ အိန္ဒိယမြန်မာနယ်ခြားဒေသရှိ ကန့်သတ်နယ်မြေတွေကို သွားရောက်ပြီး တရားမဝင်လုပ်ငန်းတွေ လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားကို စွဲချက်မှာ ပြသထားနိုင်ခြင်းမရှိကြောင်း၊ အိန္ဒိယနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး အိုလက်ဆန်ဒါ ပိုလစ်ချက် (Oleksandr Polishchuk) က အိန္ဒိယနိုင်ငံခြားရေးဌာန အရာရှိကြီးတွေကို တွေ့ဆုံပြီး ယူကရိန်းနိုင်ငံသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ သံရုံးနဲ့တွေ့ဆုံခွင့်ပေးဖို့ မတ်လ ၁၆ ရက်နေ့က ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်သံရုံးကတော့ ဒီဖြစ်စဥ်ကို သိရှိကြောင်း၊ ဒါပေမယ့် တစ်ဦးတစ်ယောက်ချင်းရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကန့်သတ်ချက်အရ အမှုကိုထုတ်ပြောလို့မရကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၉ ရက်နေ့က အိန္ဒိယကလာတဲ့ သတင်းတွေအရ နိုင်ငံခြားသားတွေဟာ မီဇိုရမ်ပြည်နယ်ကို ဖြတ်ပြီး မြန်မာဘက်က ချင်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ သွားရောက်ပြီး ဒရုန်းတိုက်ခိုက်ရေး ပညာ သင်ပေးခဲ့တာလို့သိရပါတယ်။ ဒီရေးသားချက်တွေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Download options
10 Sep 2026, 00:10 GMT RFA Burmese

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က သြဂုတ်လက ထုတ်ပြန် ခဲ့တဲ့ နှစ်ပတ်လည်အစီအရင်ခံစာဟာ မြန်မာစစ်တပ်အပေါ် ဆန့်ကျင်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေ က ပြောဆိုစွပ်စွဲချက်တွေကို တစ်ဖက်သတ် စွပ်စွဲရေးသားထားတဲ့ အစီအရင်ခံစာဖြစ်ပြီး ၂၀၁၈ က စတင်ဖွဲ့စည်း ခဲ့တဲ့ IIMM အဖွဲ့ကိုလည်း အသိအမှတ်မပြုကြောင်း မြန်မာစစ်တပ်ခန့် အစိုးရ နိုင်ငံခြားရေးဌာနက စက်တင်ဘာ ၉ ရက်နေ့က ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။ စက်တင်ဘာ ၇ ရက်ကနေ ၉ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ၆၃ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံမှာ IIMM အကြီးအကဲ နီကိုလတ်စ် ခွန်ဂျန် (Nicholas Koumjian) တက်ရောက်ပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ အကြောင်း ပြောကြားခဲ့တဲ့အပေါ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုလို တုံ့ပြန် ကန့်ကွက်တာဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုကာ တာ့ခ် (Volker Turk) အနေနဲ့ မြန်မာအစိုးရရဲ့ သဘောဆန္ဒမပါဘဲ IIMM ကို ဖွဲ့ဖို့ ဆုံးဖြတ်ခဲ့တာဟာလည်း အချုပ်အခြာအာဏာပိုင် နိုင်ငံ တစ်နိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးဖို့သက်သက်ပဲလို့လည်း စွပ်စွဲထားပါတယ်။ ၂၀၂၆ ခုနှစ်အတွက် IIMM နှစ်ပတ်လည် အစီအရင်ခံစာ ဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လကနေ ၂၀၂၆ ခုနှစ် ဇွန်လအထိ စုံစမ်းစစ်ဆေးထားတာတွေကို အခြေခံထားပြီး မြန်မာစစ်တပ်က အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ တိုက်ခိုက်တာ၊ ဖမ်းဆီးချုပ်နှောင်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်နေကြောင်း တွေ့ရှိထားတယ်လို့ ဖော်ပြထားပါတယ်။ အထူးသဖြင့် စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ တိုက်ခိုက်မှုတွေ တိုးမြင့်လာတာဖြစ်ပြီး ဒီနေ့အထိလည်း လျော့ကျမသွားသေးဘူးလို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေမှာ ပါရာမော်တာနဲ့ ဒရုန်းတွေကို ပိုသုံးလာတာကြောင့်လည်း အရပ်သားတွေ ကြိုတင်သတိပြုဖို့ ခက်ခဲလာပြီး ထွက်ပြေးဖို့နဲ့ ပုန်းခိုဖို့အတွက် အခွင့်အလမ်း ပိုနည်းလာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်ထိန်းချုပ်ထားတဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ တရားမဝင် ဖမ်းဆီးချုပ်နှောင်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာနဲ့ ဖမ်းဆီးခံထားရချိန် သေဆုံးတာတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကိုလည်း စုဆောင်းထားတယ်လို့ IIMM က ဖော်ပြပါတယ်။ စစ်တပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ သက်သေ ၇၅၀ ကျော်ရဲ့ ထွက်ဆိုမှုတွေအပါအဝင် ရင်းမြစ်ပေါင်း ၁၆၀၀ ကျော်ကရရှိခဲ့တဲ့ ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်၊ စာရွက်စာတမ်း၊ မြေပုံ၊ ဂြိုလ်တုပုံရိပ်နဲ့ ဆိုရှယ်မီဒီယာနဲ့ မှုခင်းဆေးပညာ အထောက်အထားတွေကို အခြေခံထားတာလို့ IIMM က ဆိုပါတယ်။ ဂျီနီဗာ လူ့အခွင့်အရေးညီလာခံမှာ ဆိုးဝါးလာတဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်ဖို့ နိုင်ငံတကာက နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြ ပေမယ့် မအောင်မြင်ခဲ့ဘဲ ဆိုးသထက်ဆိုးလာနေပြီး ဒီအခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ကို ပို့ဆောင်အရေးယူကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

Download options