US Agency for Global Media USAGM

News and Information from Around the World

90 Items
8 Sep 2026, 21:50 GMT RFA Burmese

ထိုင်းနိုင်ငံမှာ ပြစ်မှုကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးရာမှာ ပိုပြီးတင်းကျပ်စေမယ့် စည်းမျဉ်းသစ်တစ်ရပ် အသက်ဝင်လာတဲ့အတွက် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာတွေ စိုးရိမ်နေကြတဲ့အကြောင်း သတင်းပေးပို့ချက်နဲ့ ထူးခြားတဲ့သတင်းတွေကို တင်ပြထားပါတယ်။ RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၃၀ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။ ။

Download options
8 Sep 2026, 21:25 GMT RFA Burmese

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်က ဘုန်းတော်ကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် သံဃာတစ်ပါးနဲ့ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့တယ်လို့ စက်တင်ဘာလ ၈ ရက် နေ့မှာ ဒေသခံတွေက RFA ကို ပြောပါတယ်။ ငါန်းဇွန် - မြို့သာ ကားလမ်းပေါ်က မင်းဂျိုရွာ အနောက်ဘက်က ရွာသစ်တောဘုန်းကြီးကျောင်းကို စစ်တပ်က စက်တင်ဘာလ ၆ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီကျောင်းမှာ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတာဖြစ်ပြီး စစ်တပ်က နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။ “အဲဒီနေ့က (စက်တင်ဘာလ ၆ ရက်) ရွာသစ်တောကျောင်း ဘုန်းကြီးက မနက် ၁၁ နာရီထိုးလို့ နေ့ဆွမ်းစားနေချိန်ကို ဒရုန်းနဲ့ချတာ။ ဘုန်းကြီးက ပွဲချင်းပြီး ပျံလွန်တော်မူတယ်။ စက်တင်ဘာလ ၇ ရက် ညနေ ၃ နာရီ ၁၅ မိနစ်မှာ သားကျင်ရွာကို ဖိုက်တာနဲ့ လာချတယ်။ ဘုန်းကြီးတစ်ပါး ခေါင်း ဒဏ်ရာရတယ်။ လူ ၃ ယောက်လည်း ဒဏ်ရာ ထပ်ရတယ်” ငါန်းဇွန်မြို့နယ်ထဲကို စစ်တပ်က နေ့စဉ် လှည့်လည်စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာအုပ်စု ၄၈ အုပ်စု၊ ရွာပေါင်း ၁၃၅ ရွာက ဒေသခံတွေလည်း မကြာခဏ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကလည်း မြို့သာတောင်ဘက်ခြမ်းကို စစ်ကြောင်းထိုးခဲ့သလို စက်တင်ဘာလ ၇ ရက်နေ့မှာလည်း ငါန်းဇွန်အရှေ့ဘက်ခြမ်းကို စစ်ကား ၁၅ စီး နဲ့ စစ်ကြောင်းထိုးခဲ့ပြီး အဲဒီမြို့နယ်ရဲ့အနောက်ဘက်ခြမ်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့် အစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Download options
8 Sep 2026, 20:43 GMT RFA Burmese

ရခိုင်ပြည်နယ် သံတွဲ၊ ဂွနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေကို စက်တင်ဘာလ ၇ ရက်နေ့မှာ အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က စက်တင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သံတွဲမြို့ အမှတ် (၈) ရပ်ကွက်ကို မနက် ၁၀ နာရီခွဲခန့်မှာ ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာကြောင့် အသက် ၈၃ နှစ်အရွယ် ဒေါ်သန်းသန်းကြွယ် နေရာမှာပဲ သေဆုံးခဲ့ပြီး အသက် ၂၈ နှစ်ကနေ ၆၆ နှစ်ကြား အရပ်သား သုံးဦး ဒဏ်ရာရခဲ့သလို နေအိမ် ရှစ်လုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေ့ နေ့လယ် သုံးနာရီခန့်မှာပဲ သံတွဲမြို့နယ် ကျောက်ကြီးနဲ့ စပါးကြီးရွာတွေ ထပ်မံ ဗုံးကြဲခံရတာကြောင့် နေအိမ် ရှစ်လုံး လုံးဝပျက်စီးခဲ့ပေမဲ့ လူ ထိခိုက်မှုမရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် ဖက်ကျကျေးရွာကိုလည်း အဲဒီနေ့ မနက် ၉ နာရီခွဲခန့်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် နေအိမ် လေးလုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ပုဏ္ဏားကျွန်းနဲ့ အနီးတစ်ဝိုက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “အခုတလော ဒီဘက်မှာ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ရှိနေတာပါ။ စက်တင်ဘာ ၄ ရက် ညကလည်း ဂူဝဘုရားအနီးကို ဗုံးကြဲခဲ့လို့ ဘုရားထဲက ရှေးဟောင်းရဟန္တာငါးရာ ဆင်းတုတော်တွေ ပျက်စီးသွားတယ်။ စက်တင်ဘာ ၃ ရက်ကလည်း မြို့နယ် သုံးခုအစပ်က ရွာတွေကို လေယာဉ်နဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်” ဂူဝဘုရားဟာ ပုဏ္ဏားကျွန်းမြို့မြောက်ဘက် စစ်တွေ၊ ပုဏ္ဏားကျွန်းကားလမ်းဘေးမှာ တည်ရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ဘုရားတစ်ဆူဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဂူဝဘုရားဝင်းအတွင်း ပျက်စီးနေသည်များကို တွေ့ရစဉ်။ (Citizen Photo) စက်တင်ဘာလ ၃ ရက်နေ့ကလည်း ပုဏ္ဏားကျွန်း၊ စစ်တွေနဲ့ ရသေ့တောင်မြို့နယ် သုံးခုအစပ်မှာရှိတဲ့ ကျေးရွာ ငါးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ စစ်တွေမြို့နယ်မှာ စစ်တပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။ သံတွဲနဲ့ ဂွကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ စစ်သင်္ဘောတွေကလည်း စက်တင်ဘာလ ၇ ရက်နေ့မှာ ကမ်းရိုးတန်းတစ်လျှောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ အထောက်အထားတွေသုတေသနပြု စုဆောင်းနေတဲ့ Myanmar Witness အဖွဲ့ရဲ့ စာရင်းတွေအရ ၂၀၂၆ ခုနှစ် ဇူလိုင်လ တစ်လအတွင်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၃၇ ကြိမ်ရှိခဲ့ပြီး ရခိုင်ပြည်နယ်မှာ ၁၄ ကြိမ်နဲ့ အများဆုံးဖြစ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် အဆောက်အအုံ ၅၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး လူ ၃၂ ဦးလည်း သေဆုံးခဲ့တယ်လို့ Myanmar Witness က ဖော်ပြထားပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ RFA က သီးခြားအတည် မပြုနိုင်သေးသလို အာဏာသိမ်းစစ်တပ်ကလည်း တစ်စုံတစ်ရာ တုံ့ပြန်ထားတာ မတွေ့ရသေးပါဘူး။

Download options
8 Sep 2026, 20:05 GMT RFA Burmese

သမ္မတရာထူးယူထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ အာဆီယံဒေသတွင်း လေးနိုင်ငံမြောက်ခရီးစဉ်အဖြစ် စက်တင်ဘာလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်မယ်လို့ ကမ္ဘောဒီးယားအခြေစိုက် သတင်းတွေမှာ ဖော်ပြပါတယ်။ ခရီးစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန် (Hun Sen) နဲ့ တွေ့ဆုံမှာဖြစ်သလို ဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet)၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ခွန်းဆူဒါရီ (Khuon Sudary) တို့နဲ့လည်း တွေ့ဆုံမယ်လို့ စစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မြန်မာနဲ့ ကမ္ဘောဒီးယား ဆက်ဆံရေး ပိုမိုခိုင်မာဖို့၊ နှစ်နိုင်ငံအစိုးရနဲ့ လွှတ်တော်တွေကြား ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ကိစ္စတွေ အဓိကဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။ စစ်တပ်ခန့်အစိုးရဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ နှစ်နိုင်ငံချင်းဆက်ဆံရေး တိုးမြှင့်ပြီး တရားဝင်မှုရရှိဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။ “အသွင်ပြောင်းအစိုးရက အာဆီယံရဲ့ ရပ်တည်ချက် ဘယ်လိုပဲဖြစ်နေဖြစ်နေ အာဆီယံထဲမှာရှိနေတဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံချင်း ဆက်ဆံရေးတိုးမြှင့်ခြင်းအားဖြင့် သူ့ရဲ့ တရားဝင်မှုကို ချဲ့ထွင်တယ်ဆိုတဲ့ ပုံစံမျိုး သူချဉ်းကပ်နေတယ်လို့ နားလည်လို့ရတယ်” အာဆီယံအသင်းအနေနဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ စစ်တပ်ခန့်အစိုးရကို ဆက်လက်တိုက်တွန်းထားပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း စစ်တပ်ခန့်အစိုးရရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေ တက်ရောက်ခွင့်ကို ကန့်သတ်ထားတာပါ။ စစ်တပ်ခန့်အစိုးရကတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကတစ်ဆင့် အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီဖြစ်လို့ အာဆီယံ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ထားရှိတဲ့ အခန်းကဏ္ဍဟာ နောင်မှာ မလိုအပ်တော့ကြောင်း၊ အာဆီယံနဲ့ ဆက်ဆံရေးတိုးတက်ဖို့ မြန်မာက ဦးဆောင်တဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့သာ ဆောင်ရွက်မယ်လို့ ဩဂုတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်တပ်ခန့်အစိုးရအနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ မြန်မာ့နိုင်ငံရေးအခြေအနေမှာ ထူးခြားတဲ့ ပြောင်းလဲမှု ဖြစ်လာနိုင်မှာမဟုတ်ကြောင်း ဝေဖန်ထားပါတယ်။ ကမ္ဘောဒီးယားခရီးစဉ်ဟာ ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ၈ ကြိမ်မြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှား၊ ဘယ်လာရုစ်နဲ့ ဗီယက်နမ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအတွင်းမှာတော့ လေးနိုင်ငံမြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပါတယ်။

Download options
8 Sep 2026, 18:39 GMT RFA Burmese

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာမှာ စက်တင်ဘာလ ၇ ရက်နေ့ ညနေပိုင်းက စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဦးမြို့ရဲ့ အနောက်ဘက် ၁၅ မိုင်ခန့်အကွာမှာရှိတဲ့ တင်းတိမ်ရံရွာဈေးနဲ့ ဘူတာအနီးတစ်ဝိုက်ကို ညနေ ၅ နာရီခန့်မှာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီးတို့က လေကြောင်းကနေ ၁၁ ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် တင်းတိမ်ရံရွာ ကားဝပ်ရှော့ကို ဗုံးသီးတွေ ကျရောက်ပေါက်ကွဲပြီး အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “တိုက်ပွဲလည်း မဖြစ်ဘူး၊ ဘာမှလည်း မရှိဘူး။ ဒါကို လေကြောင်းကနေ လာကြဲသွားတာ။ သေဆုံးတဲ့သူတွေထဲမှာ ကားလာပြင်တဲ့ ပန်းကုန်းရွာက တစ်ယောက်နဲ့ ဇီးကုံးရွာက တစ်ယောက် ပါတယ်။ ကျန်တဲ့ ငါးယောက်က ကားဝပ်ရှော့ထဲက” သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ အမည်၊ အသက်အရွယ် စတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။ ကားဝပ်ရှော့နေရာ ဗုံးကြဲခံရတာကြောင့် နေအိမ်အဆောက်အအုံတွေနဲ့ ကားတချို့လည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းမှာလည်း တင်းတိမ်ရံရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၆ လသားအရွယ် ကလေးငယ်အပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၂၂ ခုနှစ်ကလည်း တင်းတိမ်ရံရွာကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့တာကြောင့် ဈေးအပါအဝင် နေအိမ် ၄၀၀ နီးပါး ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။ တင်းတိမ်ရံရွာဟာ အိမ်ခြေ ၇၀၀ ခန့်ရှိတဲ့ စံပြရွာတစ်ရွာဖြစ်သလို ဈေး၊ အထက်တန်းကျောင်း၊ တိုက်နယ်ဆေးခန်း၊ မီးရထားဘူတာတွေပါရှိပြီး ရေဦး-ဘုတလင်-မုံရွာသွား မီးရထားလမ်းပေါ်က အချက်အချာကျတဲ့ ရွာကြီးတစ်ရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဩဂုတ်လ ၃၁ ရက်အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆,၀၆၂ ဦးအထိ ရှိခဲ့ပါတယ်။

Download options
8 Sep 2026, 15:25 GMT RFA Burmese

ထိုင်းနိုင်ငံမှာ ပြစ်မှုကျူးလွန်တဲ့နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးမယ့်စည်းမျဥ်းသစ်ဟာ ပိုတင်းကျပ်ထားပြီး သြဂုတ်လ ၂၈ ရက်နေ့က စလို့အသက်ဝင်ခဲ့ပါတယ်။ ဒီစည်းမျဥ်းသစ်ကြောင့် မြန်မာနိုင်ငံသားတွေအတွက် စိုးရိမ်စရာတွေဖြစ်လာတယ်လို့ ရွှေ့ပြောင်းမြန်မာအရေးဆောင်ရွက်တဲ့သူတွေနဲ့ အလုပ်သမားတွေက RFA ကိုပြောပါတယ်။ ဒီပြည်နှင်ဒဏ်စည်းမျဉ်းသစ်ဟာရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအပေါ်မှာ ရက်စက်ရာရောက်တယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ယောက် RFA ကိုပြောပါတယ်။ “ဒီစည်းမျဉ်းသစ်က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပေါ်မှာ အရမ်းကိုရက်စက်ရာရောက်တယ်လို့ ထင်ပါတယ်။ ဗီဇာ၊ work permit၊ passport စာရွက်စာတမ်းနဲ့ ပတ်သက်ပြီးတော့ ဒီအလုပ်ရှင်တွေဘက်က လည်း တချို့အလုပ်ရှင်တွေက ပူးပေါင်းမပေးတာတွေရှိတယ်ပေါ့နော်။ ပြီးတော့ကျတော့ ဒီလိုမျိုးစာရွက် စာတမ်းမရှိဘူး၊ မပြည့်စုံဘူးဆိုရင် တခြား အလုပ်ပြောင်းဖို့ကလည်းမလွယ်၊ ပြောင်းရင်လည်း တရားဝင်မဖြစ် အဲဒီလိုမျိုးတွေပေါ့နော်။ အဲဒီလိုမျိုးအခက်အခဲတွေ အများကြီးကြုံနေရပါတယ်” ဒီစည်းမျဥ်းမှာအရေးယူခံရနိုင်တဲ့အခြေအနေ ၆ မျိုးသတ်မှတ်ထားပါတယ်။ ဘယ်နိုင်ငံခြားသားမဆို ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာတာ၊ အလုပ်သမားဥပဒေနဲ့မညီဘဲ အလုပ်လုပ်တာ၊ နိုင်ငံခြားသားတွေအတွက် သတ်မှတ်ထားတဲ့ စီးပွားရေးဥပဒေနဲ့မကိုက်ညီတဲ့လုပ်ငန်းလုပ်တာ၊ အစိုးရနဲ့ဆိုင်တဲ့ စာရွက်စာတမ်း အတုလုပ်တာ၊ ထောင်ငါးနှစ်ကျနိုင်တဲ့ပြစ်မှုကျူးလွန်တာနဲ့ ဒီပြစ်မှုတွေအားလုံးထဲက တစ်ခုခုကိုကျူးလွန်တဲ့သူပဲဖြစ်ဖြစ် အားပေးကူညီတဲ့သူပဲဖြစ်ဖြစ် ပြည်နှင်ဒဏ်စည်းမျဥ်းနဲ့ ငြိစွန်းတယ်လို့ ထိုင်းဝန်ကြီးချုပ်ရုံးက သြဂုတ်လ ၂၇ ရက်နေ့စွဲနဲ့ထုတ်ပြန်တာဖြစ်ပါတယ်။ ဒါပေမဲ့ စည်းမျဉ်းသစ်အရ အလုပ်သမားတွေအနေနဲ့ စာရွက်စာတမ်းမပြည့်စုံတာနဲ့ ချက်ချင်းဖမ်းပြီး နိုင်ငံပြန်ပို့တာမျိုးမဟုတ်ဘဲ တရားရေးလုပ်ထုံးလုပ်နည်းတွေအတိုင်း စုံစမ်းစစ်ဆေးပြီးမှသာ တရားရုံးကဆုံးဖြတ်မယ့်အခြေအနေလို့ ဥပဒေရေးရာအကြံပေး မနွဲ့ဒါလီဇော် က RFA ကို ပြောပါတယ်။ “ပြည်နှင်ဒဏ်မခံရခင် နိုင်ငံခြားသားတစ်ဦးမှာ ဘယ်လိုတရားရေးအခွင့်အရေးရှိလဲဆိုလို့ရှိရင်တော့ တရားရုံးမှာ ကိုယ်ကဒီလိုအခြေအနေတွေရှိတယ်၊ ဒီလို ပြဿနာတွေရှိခဲ့လို့မရတာပါ။ ဥပမာ ထားပါတော့ ဒီဘတ်ရိုက်တာတို့ ဘာတို့ဆိုလို့ရှိရင် အစိုးရကချပေးတဲ့အချိန်နောက်ကျဖြစ်တာကြောင့်မို့လို့ မရတာတွေ၊ အဲဒီလိုရှိခဲ့တာကြောင့် မလုပ်ရသေးတဲ့ အခြေအနေတွေဆိုလို့ရှိရင် တရားရုံးမှာဖြေရှင်းလို့ရပါတယ်။ ဆိုတော့ ပြည်နှင်ဒဏ်က တိုက်ရိုက်ဖမ်းတာနဲ့ တန်းပို့မယ်ဆိုတဲ့ပုံစံတော့မဟုတ်ဘူး” ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေထဲမှာ ရွှေ့ပြောင်းလုပ်သားတွေအပြင် မြန်မာနိုင်ငံရဲ့နိုင်ငံရေး အခြေ အနေကြောင့် ထွက်ပြေးလာတဲ့သူတွေ၊စစ်မှုထမ်းဥပဒေကြောင့်ရှောင်တိမ်းလာတဲ့ လူငယ်ကျောင်းသားတွေနဲ့စစ်ဘေးရှောင်လာသူတွေလည်း ရှိနေပါတယ်။ ဒါကြောင့်အဲဒီလိုပုဂ္ဂိုလ်မျိုးတွေကို ပြန်ပို့မယ်ဆိုရင်အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တဲ့အတွက်ထိုင်းအစိုးရက ထည့်သွင်းစဥ်းစားထားတာတွေ့ရတယ်လို့ ထိုင်းနိုင်ငံမှာရွှေ့ပြောင်းအလုပ် သမားတွေရဲ့ ကလေးတွေ အတွက်တည်ထောင်ထားတဲ့ ပညာရေးနဲ့ဖွံ့ဖြိုးရေးတိုးတက်ရေးဖောင်ဒေးရှင်း(FED) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က RFA ကိုပြောပါတယ်။ “ပြည်တွင်းစစ်ထဲမှာ တိမ်းရှောင်တဲ့လူတွေလည်း အများကြီးရှိတယ်။ အဲဒါကို တကယ်လို့ ပြန်ပို့မယ်ဆိုလို့ ရှိရင်တော့ ထိုင်းအစိုးရကလည်း ပြန်ပြီးတော့ ရှင်းပြထားတာရှိပါတယ်။ တကယ်လို့ မိခင်နိုင်ငံကို ပြန်ပို့လို့ အခက်အခဲရှိနိုင်တဲ့လူတွေ ဒါ စနစ်တကျတင်ပြပြီးတော့ နော်၊ ဒါ တတိယနိုင်ငံတစ်ခုခုမှာ တာဝန်ယူပြီးတော့ အဲဒါ သွားပြီးတော့ နိုင်ငံရေးခိုလှုံခွင့်ရနိုင်တယ်ဆိုတဲ့ အခြေအနေတွေတော့ရှိပါတယ်“ ထိုင်းနိုင်ငံမှာအလုပ်လုပ်ခွင့်လက်မှတ်ရှိထားတဲ့ နိုင်ငံခြားသားတွေဟာ သတ်မှတ်ပေးထားတဲ့အလုပ်အမျိုး အစားကိုပဲလုပ်ရမှာဖြစ်ပြီး၊ သတ်မှတ်ထားတာနဲ့မဟုတ်ပဲ လုပ်နေရင် ဒီစည်းမျဥ်းနဲ့ညိစွန်းနေပါတယ်။ ဒါကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက်စိုးရိမ်စရာ ဖြစ်နေပါတယ်။ ဒီအခြေအနေမှာ အလုပ်ရှင်တွေကလည်း အလုပ်အမျိုးအစားပြောင်းဖို့အတွက်မကူညီတာတွေလည်းရင်ဆိုင်နေကြရပါတယ်။ ဥပမာ လယ်လုပ်သားအဖြစ်ခွင့်ပြုချက်ရထားတဲ့သူက စားသောက်ဆိုင်တွေ၊ စျေးတွေမှာလုပ်တယ်ဆိုရင် ညိစွန်းနေတာပါ။ တစ်ဖက်မှာလည်းသန်းနဲ့ချီတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာလိုအပ်နေတဲ့ အောက်ခြေသိမ်းအလုပ်တွေမှာဖြည့်ဆည်းပေးနေတဲ့သူတွေဖြစ်တာကြောင့်စည်းမျဉ်းသစ်ကို တင်းတင်းကျပ်ကျပ်အကောင်အထည်ဖော်လာရင် ထိုင်းအလုပ်ရှင်တွေအနေနဲ့လည်း လုပ်သားရှားပါးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက သုံးသပ်ထားပါတယ်။

Download options
7 Sep 2026, 21:51 GMT RFA Burmese

မြန်မာနဲ့ဗီယက်နမ်အကြား ကာကွယ်ရေးနဲ့ လုံခြုံရေးမှာ ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ဖို့ ဗီယက်နမ် သမ္မတ တိုလန်း (To Lam) နဲ့ စစ်တပ်ခန့်အစိုးရ ခေါင်းဆောင် ဦးမင်းအောင်လှိုင်တို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။ ဦးမင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဥ်အတွင်း စက်တင်ဘာ ၅ ရက်နေ့က ဆွေးနွေးရာမှာ လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာတွေကို အဓိကပါဝင်ခဲ့ပြီး ဒီအထဲမှာ ကာကွယ်ရေးနဲ့ လုံခြုံရေးမှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးတိုးမြင့်ဖို့ သဘောတူခဲ့တာလို့ ရိုက်တာသတင်းက ရေးပါတယ်။ ဒါ့အပြင် ဦးမင်းအောင်လှိုင်ဟာ မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့ပြီး ဗီယက်နမ် နိုင်ငံမှာရှိတဲ့ ဒီဂျစ်တယ်နည်းပညာနဲ့ စက်မှုလုပ်ငန်းတွေကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။ ဒီအထဲမှာ ဗီယက်နမ် လျှပ်စစ်ကားထုတ်လုပ်‌တဲ့ ကုမ္ပဏီဖြစ်တဲ့ VinFast နဲ့ မြန်မာနိုင်ငံက မိုင်တယ် Mytel ဆက်သွယ်ရေးလုပ်ငန်းကို အကျိုးတူ လုပ်ကိုင်နေတဲ့ ဗီယက်နမ်စစ်တပ်ပိုင် တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Viettel ကိုလည်းသွားရောက်ခဲ့ပါတယ်။ ဖိုရမ်မှာ ၂၀၂၁ အာဏာသိမ်းအပြီး မြန်မာနိုင်ငံက ထွက်ခွါသွားတဲ့ ဗီယက်နမ်လုပ်ငန်းတွေ ပြန်လာဖို့လည်း စစ်အာဏာသိမ်းခေါင်းဆောင်က ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ နှစ်နိုင်ငံအချင်းချင်း နယ်မြေအသုံးပြုပြီး တိုက်ခိုက်တာတွေ ဖြစ်မလာအောင်တားဆီးဖို့ကတိကိုလည်း သက်တမ်းတိုးခဲ့တယ်လို့ဆိုပါတယ်။ ရှာဖွေကယ်ဆယ်ရေးနဲ့ ဘေးအန္တရာယ် တုံ့ပြန်ရေးတွေကိုလည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေနဲ့အတူ ပြုလုပ်ဖို့လည်း သဘောတူခဲ့တယ်လို့သိရပါတယ်။ ဒီ ခရီးစဉ်မတိုင်ခင် ဩဂုတ်လ ၂၆ ရက်နေ့ကလည်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်ကို လာရောက်ပြီး နှစ်နိုင်ငံကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ တိုးမြှင့်ရေး ဆွေးနွေးခဲ့ တယ်လို့ ဗီယက်နမ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ စစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းခဲ့တဲ့ စစ်တပ်ခန့်အစိုးရအဖွဲ့မှာ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ဟာ အိန္ဒိယ ၊ တရုတ် ၊ လာအို ၊ ထိုင်း ၊ ရုရှားနဲ့ ဘယ်လာရုစ် နိုင်ငံတွေကို သွားရောက်ခဲ့ပြီး အခု ဗီယက်နမ်ခရီးစဉ်ဟာ ခုနစ်နိုင်ငံမြောက် နိုင်ငံခြားခရီးစဉ် ဖြစ်လာပါတယ်။ မြန်မာစစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်ပြီး နိုင်ငံတကာအရေးယူမှုတွေ ဖြစ်လာအောင် လှုပ်ရှားနေတဲ့ Justice For Myanmar (JFM) ကတော့ ဗီယက်နမ်ခရီးစဉ်ဟာ ဗီယက်နမ်နဲ့ မြန်မာ စစ်တပ်ကြား ရှိပြီးသား စီးပွားရေးနဲ့ စစ်ရေးဆက်ဆံမှုတွေကို ပိုမိုနက်ရှိုင်းစေနိုင်တဲ့အတွက် ဗီယက်နမ်အစိုးရရဲ့ ဖိတ်ကြားမှုကို ရှုတ်ချကြောင်း စက်တင်ဘာလ ၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ကန့်ကွက်ထား ပါတယ်။ ဒီခရီးစဥ်ကြောင့် မြန်မာစစ်တပ်အတွက် နည်းပညာနဲ့ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းတွေ ရရှိလာနိုင်သလို၊ အာဆီယံအသင်းထဲက တစ်နိုင်ငံချင်းဆီနဲ့ ဆက်ဆံရေးကနေ နိုင်ငံရေးအရတရားဝင်မှု ရအောင် ကြိုးပမ်းနေတာလို့ လေ့လာသူတွေ သုံးသပ်ကြ ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအတွင်းမှာတော့ သုံးနိုင်ငံမြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပြီး အခုစက်တင်ဘာလ အတွင်းမှာပဲ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။ အာဆီယံအဖွဲ့ကတော့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ စစ်တပ်ခန့်အစိုးရကို ဆက်လက်တိုက်တွန်းထားပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း စစ်တပ်ခန့်အစိုးရရဲ့ အဆင့်မြင့် ခေါင်းဆောင်တွေ တက်ရောက်ခွင့်ကို ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

Download options
7 Sep 2026, 21:48 GMT RFA Burmese

မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ နိုင်ငံကနေ ထွက်ခွာသွားတဲ့ ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်တွေ ပြန်လာရင်းနှီးမြှုပ်နှံဖို့ စစ်တပ်ဖွဲ့စည်းထားတဲ့ စစ်တပ်ခန့်အစိုးရက ဖိတ်ခေါ်လိုက်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဉ်နဲ့ပတ်သက်ပြီး ပြည်တွင်း သတင်း မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ သမ္မတရုံးပြောခွင့်ရသူ ဒေါက်တာ ခိုင်ခိုင်စိုးက ဒီအကြောင်း ထည့်သွင်းပြောခဲ့တာပါ။ “လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်မတို့နိုင်ငံကနေ ထွက်ခွာသွားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြန်လာဖို့ စိတ်ဝင်စားလို့ မေးမြန်းနေတာတွေ၊ ရင်းနှီးမြှုပ်နှံချင်တဲ့အဖွဲ့တွေရှိတယ်ဆိုတဲ့ သတင်းကောင်းလည်း ကြားခဲ့ရပါတယ်။ B to B MOU ခုနစ်ခုလည်း ရေးထိုးနိုင်ခဲ့ပါတယ်” လို့ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။ ဒါပေမဲ့ ပြန်လာဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ ဗီယက်နမ်ကုမ္ပဏီတွေရဲ့အမည်၊ ရင်းနှီးမြှုပ်နှံမယ့် ငွေပမာဏနဲ့ လုပ်ငန်းအမျိုးအစားတွေကိုတော့ သူက ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။ စက်တင်ဘာ ၆ ရက်နေ့က ဟနွိုင်းမြို့မှာကျင်းပတဲ့ မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်မှာလည်း အာဏာသိမ်း စစ်ခေါင်းဆောင်က မြန်မာနိုင်ငံမှာ စိုက်ပျိုးမြေ၊ သဘာဝသယံဇာတ၊ ရေချိုနဲ့ ရေငန်သဘာဝ အရင်းအမြစ်တွေ ပေါကြွယ်ဝပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်တယ်လို့ ပြောပါတယ်။ ကျောက်ဖြူ၊ သီလဝါနဲ့ ထားဝယ် အထူးစီးပွားရေးဇုန်သုံးခုအပြင် စက်မှုစီမံကိန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံ နိုင်တယ်လို့ ဆိုပါတယ်။ သီလဝါအထူးစီးပွားရေးဇုန်ဟာ မြဝတီကနေ ထိုင်း၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့အထိ ဆက်သွယ်မယ့် အရှေ့-အနောက် စီးပွားရေးစင်္ကြံနဲ့ ချိတ်ဆက်နိုင်တယ်လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်ဟာလည်း ဒေသတွင်း တောင်ပိုင်းစီးပွားရေးစင်္ကြံနဲ့ ချိတ်ဆက် နိုင်မယ့် မဟာဗျူဟာမြောက်စီမံကိန်းဖြစ်တယ်လို့ သူက ဆိုပါတယ်။ မြန်မာနဲ့ ဗီယက်နမ် နှစ်နိုင်ငံက စစ်တပ်ဆက်နွှယ်အဖွဲ့အစည်းတွေ ပါဝင်တည်ထောင်ထားတဲ့ Mytel ကို နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်ရေးရဲ့ စံနမူနာကောင်းတစ်ခုဖြစ်တယ်လို့ ဦးမင်းအောင်လှိုင်က ရည်ညွှန်းခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဆက်သွယ်ရေးဝန်ဆောင်မှု စတင်ခဲ့တဲ့ Mytel မှာ ဗီယက်နမ်စစ်တပ်ပိုင် Viettel Global က ရှယ်ယာ ၄၉ ရာခိုင်နှုန်းနဲ့ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ရဲ့ လက်အောက်ခံ Star High က ၂၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ ကျန် ၂၃ ရာခိုင်နှုန်းကို Myanmar National Telecom Holding Public က ပိုင်ဆိုင်ထားတာပါ။ ဗီယက်နမ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အခြေအနေသိပ်မကွာခြားခဲ့ပေမယ့် ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနဲ့ လုပ်သားအင်အားပါဝင်မှုကို အခြေခံပြီး ဆယ်စုနှစ်နှစ်ခုအတွင်း အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာတာဖြစ်တယ်လို့ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။ ဒါပေမဲ့ စစ်ရေးပဋိပက္ခ၊ လျှပ်စစ်မီးပြတ်တောက်မှု၊ နိုင်ငံခြားငွေရှားပါးမှုနဲ့ သွင်းကုန်ကန့်သတ်ချက်တွေကြောင့် ပြည်တွင်းမှာရှိပြီးသား စက်ရုံတွေနဲ့ ကုမ္ပဏီတွေတောင် လုပ်ငန်းဆက်လက်လည်ပတ်ဖို့ ခက်ခဲနေတယ်လို့ အထည်ချုပ်လုပ်ငန်းအသိုင်းအဝိုင်းက RFA ကို ပြောပါတယ်။ မြန်မာနိုင်ငံမှာ ၁၃ နှစ်ကျော် လည်ပတ်ခဲ့ပြီး နာမည်ကြီး H&M အမှတ်တံဆိပ်အတွက် အဝတ်အထည် ချုပ်လုပ်ပေးခဲ့တဲ့ Teng Hui Myanmar အထည်ချုပ်စက်ရုံတောင် အော်ဒါမရတော့လို့ ပိတ်သိမ်းရတဲ့ အခြေအနေမှာ ရင်းနှီးမြှုပ်နှံသူအသစ်တွေ ဝင်လာဖို့ မလွယ်ကူနိုင်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အထည်ချုပ်လုပ်ငန်းအသိုင်းအဝိုင်းက တစ်ဦးက RFA ကို ပြောပါတယ်။ “မြန်မာနိုင်ငံမှာ ၁၃ နှစ်ကျော် လည်ပတ်ခဲ့တဲ့စက်ရုံ၊ H&M က အော်ဒါမှာယူနေတဲ့ Teng Hui Myanmar စက်ရုံတောင် ပိတ်နေရချိန်မှာ ဘယ်လိုစီးပွားရေးသမား၊ ရင်းနှီးမြှုပ်နှံချင်သူတွေက လာမှာလဲ။ ဒီလောက် ပြည်တွင်းမှာ စစ်တွေဖြစ်နေတာ၊ မီးကလည်း မမှန်လို့ စက်ရုံအသီးသီး ဒီငါးနှစ်အတွင်းမှာ ထွက်နေတာလေ။ စစ်တပ်ရဲ့ ဦးစားပေးမှုတွေရနေတဲ့ တရုတ်စက်ရုံတွေအောက်က အထည်ချုပ်စက်ရုံတွေတောင် အော်ဒါမရတော့လို့ ပိတ်သိမ်းနေကြတာ၊ ဘယ်နိုင်ငံက စီးပွားရေးသမားတွေက လာရဲတော့မှာလဲ” တရုတ်နိုင်ငံက Wuhan Kings Rich Garment ကုမ္ပဏီလက်အောက်ခံ Kings Rich Fashion (Myanmar) အထည်ချုပ်စက်ရုံဟာလည်း အလုပ်သမားအခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ တိုင်ကြားချက်တွေ ထွက်ပေါ်ခဲ့ပြီးနောက် အော်ဒါရရှိမှုလျော့နည်းလာတာကြောင့် ပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာတွေလည်းရှိပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ စစ်ရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှု၊ နိုင်ငံခြားငွေရှားပါ းမှု၊ သွင်းကုန်ကန့်သတ်ချက်နဲ့ လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် နိုင်ငံတကာကုမ္ပဏီတချို့ မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ကြသလို စက်ရုံနဲ့လုပ်ငန်းတချို့လည်း လုပ်ငန်းလျှော့ချတာ၊ ရပ်ဆိုင်းတာနဲ့ ပိတ်သိမ်းတာတွေ ဆက်တိုက်ရှိလာခဲ့ပါတယ်။

Download options
7 Sep 2026, 21:45 GMT RFA Burmese

ဆိုးဝါးလာတဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်ဖို့ နိုင်ငံတကာက နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြ ပေမယ့် မအောင်မြင်ခဲ့ဘဲ ဆိုးသထက်ဆိုးလာနေပြီး ဒီအခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ကို ပို့ဆောင်အရေးယူကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုကာ တာ့ခ် (Volker Turk) က စက်တင်ဘာ ၇ ရက်နေ့က အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။ ၆၃ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အခုလိုပြောလိုက်တာဖြစ်ပြီး မြန်မာစစ်အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေကို အထောက်အကူဖြစ်စေတဲ့ လက်နက်၊ ဂျက်လေယာဥ်လောင်စာဆီနဲ့ လူ့အခွင့်အရေးချိုးဖောက်ရာမှာပါ အသုံးချလို့ရတဲ့ ဘယ်ပစ္စည်းမျိုးမဆို တင်ပို့ရောင်းချတာ မလုပ်ဖို့လည်း သူက တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတကာဥပဒေတွေ ချိုးဖောက်နေတာကို မသိကျိုးကျွံပြုပြီး မြန်မာစစ်တပ်ကြီးစိုးတဲ့ အစိုးရသစ်နဲ့ ပုံမှန်ဆက်ဆံရေး ပြန်ထူထောင်ဖို့ နိုင်ငံတွေက ကြိုးပမ်းနေတာကိုလည်း သူက သတိပေးပါတယ်။ “မိမိတို့အနေနဲ့ အပြောင်းအလဲပေါ်မူတည်ပြီး ထိတွေ့ဆက်ဆံဖို့ ဆိုတာထက် လူ့အခွင့်အရေးကို အခြေခံတဲ့ ဆက်ဆံရေးကို ပိုလိုအပ်နေပါတယ်။ အကြမ်းဖက်တိုက်ခိုက်တာတွေ ရပ်သွားပြီလား၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးလို့ရပြီလား၊ အပြစ်မရှိဘဲ ဥပဒေမဲ့ ဖမ်းဆီးအကျဥ်းချထားသူတွေ ပြန်လွတ်လာပြီလားဆိုတာတွေကို အခြေခံပြီး ထိတွေ့ဆက်ဆံတာတွေ လုပ်သင့်ပါတယ်။” စိတ်ချယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေအရ စစ်အာဏာသိမ်းပြီးကတည်းက အရပ်သား ၁၂၀၀ ကျော် သေဆုံးခဲ့ရကြောင်း၊ စိစစ်လို့မကုန်နိုင်တဲ့ သတင်းတွေအရ တကယ်တမ်းသေဆုံးရသူဟာ ၃၀၀၀ ကျော်ဖွယ်ရှိကြောင်း။ အများစုဟာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် အဓိက သေဆုံးရတာ ဖြစ်ကြောင်းလည်း မစ္စတာ တာ့ခ်က ပြောပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေရဲ့ အခြေအနေတွေကိုလည်း ကုလသမဂ္ဂမဟာမင်းကြီးက ထောက်ပြခဲ့ပြီး သူတို့ဟာ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်တာနဲ့ ဖိနှိပ်မှုတွေ ခံနေရကြောင်း၊ ဒါ့အပြင် အတင်းအကြပ်ခိုင်းစေတာ၊ စစ်မှုထမ်းခေါ်တာတွေလည်းကြုံနေရတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကလည်း စစ်တပ်ကြီးကြပ်ပြီး ကျင်းပတဲ့ရွေးကောက်ပွဲကာလ အရပ်သား ၇၀၀ ကျော်သေဆုံးခဲ့ရပြီး အများစုဟာ စစ်တပ်လက်ချက်ကြောင့်ဖြစ်ပြီး နိုင်ငံတကာက မသိကျိုးကျွံပြုနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောခဲ့ဖူးပါတယ်။ သူဟာ ၂၀၂၄ ဇူလိုင်လက ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက် အစည်းအဝေးမှာ လည်း မြန်မာနိုင်ငံက ဆင်ခြင်တုံတရားမဲ့စွာ အကြောက်တရားနဲ့ အုပ်ချုပ်နေတဲ့ စစ်ကောင်စီ ကို ICC ကို လွှဲအပ် အရေးယူဖို့ တောင်းဆိုခဲ့ဖူး ပါတယ်။

Download options
6 Sep 2026, 21:43 GMT RFA Burmese

စစ်တပ်ခန့်အစိုးရသမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဉ်ကြောင့် စစ်ဘက်ဆက်ဆံရေး တိုးမြှင့်လာနိုင်ပြီး မြန်မာစစ်တပ်အတွက် စစ်ဘက်နည်းပညာနဲ့ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းတွေ ရရှိလာနိုင်သလို၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ နှစ်နိုင်ငံချင်း ဆက်ဆံရေးကနေ နိုင်ငံရေးအရ တရားဝင်မှု၊ အသိအမှတ်ပြု လက်ခံမှုရရှိရေးအတွက်လည်းဖြစ်လာတဲ့အကြောင်း သုံးသပ်ချက်နဲ့ ထူးခြားတဲ့သတင်းတွေကို တင်ပြထားပါတယ်။ RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၃၀ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။ ။

Download options
6 Sep 2026, 19:58 GMT RFA Burmese

စစ်တပ်ခန့်အစိုးရ သမ္မတဦးမင်းအောင်လှိုင်ရဲ့ ဗီယက်နမ်နိုင်ငံခရီးစဉ်အတွင်း ဗီယက်နမ်သမ္မတ တိုလန်းနဲ့ စက်တင်ဘာ ၅ ရက်က ဟနွိုင်းမြို့မှာတွေ့ဆုံပြီး နှစ်နိုင်ငံကြား နိုင်ငံရေး၊ ကာကွယ်ရေးနဲ့လုံခြုံရေး၊ စီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုအပြင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဗီယက်နမ်နဲ့ မြန်မာဆက်ဆံရေးတိုးမြှင့်လာတာဟာ မြန်မာစစ်တပ်အတွက်စစ်ဘက်နည်းပညာနဲ့ လက်နက်ထုတ် လုပ်ရေးကဏ္ဍမှာ အခွင့်အလမ်းဖြစ်လာနိုင်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက သုံးသပ်ပါတယ်။ “ဗီယက်နမ်နဲ့မဟာမိတ် ရင်းနှီးဆက်ဆံရေးကလည်းပိုပြီး အားကောင်းလာတဲ့ အနေ အထားရှိတယ်။ ရင်းနှီး မြှုပ်နှံမှုတွေက အပြန်အလှန် ရှိနေတဲ့အခါဖြစ်တယ်။ ဗီယက်နမ်က စစ်လက်နက်နည်းပညာကော IT နည်း ပညာတွေလည်း အားကောင်းလာတော့ မြန်မာစစ်တပ်အတွက် စစ်လက်နက်ထုတ်လုပ်ရေးအတွက် ဗီယက်နမ်ဟာ အခန်းကဏ္ဍတစ်ခုအနေနဲ့ အထောက်အကူဖြစ်နိုင်တယ်။ ဖလှယ်နိုင်တဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေ ရှိနိုင်တယ်။ ဒါကြောင့် ဒီကဏ္ဍကို စစ်တပ်ဘက်က၊ မင်းအောင်လှိုင်ဘက်က တိုးမြှင့်နိုင်ဖို့ ခြေလှမ်းပြင် ကြိုးပမ်းလာတာလို့တော့ပြောလို့ရနိုင်မယ်ဗျ” အာဏာသိမ်းပြီးနောက် နိုင်ငံတကာမှာအထီးကျန်လာတဲ့ မြန်မာစစ်တပ်အနေနဲ့ ရင်းနှီးတဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ စစ်ဘက်ဆက်ဆံရေးတိုးမြှင့်ဖို့ ဦးစားပေးလာတာဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဦးမင်းအောင်လှိုင်က ဗီယက်နမ်သမ္မတ တိုလန်းနဲ့တွေ့ဆုံချိန်မှာ မြန်မာ–ဗီယက်နမ် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်လိုကြောင်း၊ စစ်တပ်နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုဟာလည်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေ ရေးအတွက် အရေးပါကြောင်းပြောပါတယ်။ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအပြင် ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေးနဲ့ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း တိုးမြှင့်လိုတယ်လို့ သူက ဆိုပါတယ်။ ဗီယက်နမ်ဘက်ကလည်း ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရရဲ့ တည်ငြိမ်ရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ ဆွေးနွေးရေး ကြိုးပမ်းမှုတွေကို အလေးထားကြောင်းပြောဆိုခဲ့သလို ကာကွယ်ရေးနဲ့ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုကို နှစ်နိုင်ငံဆက်ဆံရေးရဲ့ “အဓိကမဏ္ဍိုင်”အဖြစ် မြှင့်တင်ဖို့ သဘောတူခဲ့ကြပါတယ်။ စစ်တပ်ခန့်အစိုးရကအခုလိုဆောင်ရွက်လာတာဟာ အာဏာတည်မြဲရေးနဲ့ နိုင်ငံတကာကလက်ခံလာရေးအတွက် တိုင်းပြည်ရဲ့ သယံဇာတနဲ့လဲဖို့ ကြိုးပမ်းနေတာလို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေး ဒုတိယဝန်ကြီး ဦးကျော်နီက သုံးသပ်ပါတယ်။ “စစ်အုပ်စုအနေနဲ့တော့ လိုအပ်ချက်တွေ ကြီးနေတာပေါ့နော်။ လူသားအရင်းအမြစ် လိုအပ်ချက်၊ လက်နက် နည်းပညာလိုအပ်ချက် ဒါတွေက တအားကြီးနေတာ။ ကြီးနေတဲ့အခါကျတော့ သူတို့တွေက နိုင်ငံတကာပတ်ပြီး တော့ တိုင်းပြည်ရဲ့ ရင်းမြစ်တွေနဲ့လဲပြီးတော့ သူတို့တည်မြဲရေးအတွက်ကို ဆက်ကြိုးစားနေတာပဲပေါ့နော်။ သမ္မတ ဆိုပြီးတော့အမည်ခံတဲ့ကိစ္စကို နိုင်ငံတကာကလက်ခံအောင်လို့ သူကနည်းမျိုးစုံ ကြိုးစားနေတာပေါ့” စစ်တပ်ခန့်အစိုးရဟာ အာဆီယံအသင်းဝင်တွေနဲ့ နှစ်နိုင်ငံချင်းဆက်ဆံရေး တိုးမြှင့်ပြီး တရားဝင်မှုရရှိရေး ကြိုးပမ်းနေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကရှုမြင်ပါတယ်။ “အသွင်ပြောင်းအစိုးရက အာဆီယံရဲ့ ရပ်တည်ချက်ဘယ်လိုပဲဖြစ်နေဖြစ်နေ အာဆီယံထဲမှာရှိနေတဲ့ Member States တွေနဲ့ နိုင်ငံချင်း ဆက်ဆံရေးတိုးမြှင့်ခြင်းအားဖြင့် သူ့ရဲ့ Legitimacy ကို ချဲ့ထွင်တယ်ဆိုတဲ့ ပုံစံမျိုး သူ ချဉ်းကပ်နေတယ်လို့ ကျွန်တော်တို့ နားလည်လို့ရတယ်။ အာဆီယံအနေနဲ့ကျတော့ နဂိုတည်းက တင်းမာတဲ့ ရပ်တည်ချက်မျိုး ရှိထားတဲ့ နိုင်ငံတွေက အခုချက်ချင်းတော့ ပြောင်းလဲမှာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့ရဲ့ ဥက္ကဋ္ဌ သက်တမ်းကုန်သွားပြီး စစ်အစိုးရနဲ့နီးစပ်တဲ့နိုင်ငံတွေ ဥက္ကဋ္ဌ အလှည့်ကျတဲ့အချိန်ဆိုရင်တော့ အာဆီယံထဲမှာပုံစံတစ်မျိုးတွေ့ရနိုင်တယ်။ အဲလိုဖြစ်အောင်လည်း ကြိုးစားနေတယ်လို့ ကျွန်တော်တို့ မြင်လို့ရတယ်” အခုလိုသုံးသပ်ပြောဆိုတာတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်တပ်ခန့်အစိုးရ သမ္မတရုံး သတင်းနဲ့ပြန်ကြား ရေးဗျူရိုကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိသေးပါဘူး။ အာဆီယံအသင်းအနေနဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ စစ်တပ်ခန့်အစိုးရကို ဆက်လက်တိုက်တွန်းထားပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း စစ်တပ်ခန့်အစိုးရရဲ့ အဆင့်မြင့်ခေါင်း ဆောင်တွေ တက်ရောက်ခွင့်ကို ကန့်သတ်ထားဆဲဖြစ်ပါတယ်။ ဗီယက်နမ်ခရီးစဉ်ဟာ ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ခုနစ်ကြိမ်မြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအတွင်းမှာတော့ သုံးနိုင်ငံမြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပြီး အခု စက်တင်ဘာလ ၁၁ ရက်နဲ့ ၁၂ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံကို သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

Download options
6 Sep 2026, 19:48 GMT RFA Burmese

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ အနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ငါးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။ ဩဂုတ်လ ၄ ရက်နေ့မှာ အိုင်ကြီးရွာနဲ့ ပေါက်တောရွာကို စစ်တပ်က Gyrocopter (ဂျိုင်ရိုကော်ပတာ) နဲ့ ဗုံးကြဲခဲ့တာကြောင့် အဲဒီရွာတွေက လူလတ်ပိုင်းနဲ့ အသက်ကြီးပိုင်းတွေ ဖြစ်တဲ့ အမျိုးသမီး ၃ ဦး နဲ့ အမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနေ့မှာ အသစ်ဖွင့်ထားတဲ့ စစ်တပ်ဂိတ်တစ်ခုကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ရမှာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက RFA ကို ပြောပါတယ်။ “အဲဒါက ဂျိုင်ရိုကော်ပတာ ပစ်တဲ့အချိန်မှာ သေဆုံးခဲ့တာဗျ။ ပထမ တိုက်ပွဲဖြစ်နေစဉ် ကာလမှာက Mi 35 နဲ့ ပစ်တာပါဗျ။ လတ်တလောမှာ ပြည်သူတွေတော့ ၆ ရွာလောက် ခဏ ရှောင်နေရတယ်။” အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က အထိနာပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့သလို ဒေသကာကွယ်ရေးအဖွဲ့ဘက်က ၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်က အနီးပတ်ဝန်းကျင် ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုရားစေတီ ပုထိုးတွေ အပါအဝင် သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ပြီး အိုင်ကြီးရွာ၊ ပေါက်တောရွာ၊ မြို့စိုးရွာ၊ ညောင်နီပင်ရွာနဲ့ ညောင်လှရွာ စတဲ့ ရွာတွေက လူပေါင်း ၈၀၀ ခန့်လည်း ဘေးလွတ်ရာကို ရှောင်တိမ်းနေရတယ်လို့ ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့် အစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကနေ ဇွန်လ ၂ ရက်နေ့အတွင်းကလည်း ပုဂံမြို့တစ်ဖက်ကမ်း မြစ်ခြေမြို့ကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်နဲ့ အဆောက်အအုံ တစ်ထောင်ကျော်ကို မီးရှို့ဖျက်ဆီးကာ အရပ်သား ၂၄ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

Download options
6 Sep 2026, 19:16 GMT RFA Burmese

မြန်မာနိုင်ငံအနှံ့ ရင်ဆိုင်နေရတဲ့ ပြည်တွင်းစစ်ကို ကျော်လွှားနိုင်ဖို့ စစ်တပ်အင်အား တောင့်တင်းခိုင်မာဖို့ လိုတယ်လို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက စက်တင်ဘာလ ၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။ နေပြည်တော်က ဇေယျာသီရိဗိမာန်ခန်းမမှာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က အရာရှိတွေနဲ့ တွေ့ဆုံချိန် ပြောခဲ့တာလို့ စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ရုပ်သံတွေက ထုတ်ပြန်ပါတယ်။ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ စစ်တပ်အင်အား ကောင်းလာတာဟာ နိုင်ငံနဲ့ပြည်သူတွေအတွက် ပိုဆိုးတဲ့အကျိုးဆက်တွေ ဖြစ်ပေါ်စေနိုင်တယ်လို့ RFA ကို ပြောပါတယ်။ “စစ်တပ်အင်အားကောင်းလေ တိုင်းပြည်ပျက်စီးမှုနဲ့ ပြည်သူသေဆုံးမှု ပိုများလေလို့ မြင်ပါတယ်။ မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်က ပြည်ပရန်ကို ကာကွယ်တိုက်ခိုက်နေတာမဟုတ်ဘဲ အာဏာတည်မြဲရေးအတွက် နိုင်ငံသားအချင်းချင်းကို တိုက်ခိုက်နေတာပါ။ ပြည်သူကိုကာကွယ်ရမယ့် တပ်မဟုတ်ဘဲ ပြည်သူကို အန္တရာယ်ပြုနေတဲ့တပ်ဖြစ်နေတာကြောင့် စစ်တပ်အင်အား ကောင်းလာတာဟာ တိုင်းပြည်အတွက် ပိုဆိုးလာနိုင်ပါတယ်” မြန်မာနိုင်ငံဟာ နိုင်ငံရေးစနစ်မတူတဲ့ အင်အားကြီးနိုင်ငံနှစ်ခုကြားမှာ တည်ရှိပြီး မဟာဗျူဟာအရ အရေးပါတာကြောင့် နိုင်ငံအပေါ် ဩဇာလွှမ်းမိုးလိုသူတွေရှိတယ်လို့ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ပြောခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ကိုင်အဖွဲ့တွေကလည်း လူမျိုးရေးနဲ့ အယူဝါဒရေးရာတွေကို အကြောင်းပြပြီး နိုင်ငံပြိုကွဲအောင် ကြိုးပမ်းနေတယ်လို့ သူက စွပ်စွဲထားပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ တပ်အင်အားဖြည့်တင်းဖို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် နိုင်ငံတစ်ဝန်း စစ်မှုထမ်းသင်တန်းတွေ ဆက်တိုက်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ၂၀၂၅ ခုနှစ် တစ်နှစ်ထဲမှာပဲ တပ်သားသစ် ၆၀,၀၀၀ ကျော် စုဆောင်းခဲ့ပြီး အဲဒီအရေအတွက်ဟာ အာဏာသိမ်းမှုမတိုင်မီ ၂၀၂၀ ခုနှစ်က စုဆောင်း ရရှိခဲ့တဲ့ အင်အားထက် ခြောက်ဆခန့် ပိုများလာတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(MDSI) က ဇွန်လ ၁၂ နေ့မှာ ထုတ်ပြန်ထားပါတယ်။

Download options
6 Sep 2026, 18:46 GMT RFA Burmese

မကွေးတိုင်း၊ မင်းဘူးမြို့နယ် မုတ္တောကြီးကျေးရွာကို စက်တင်ဘာလ ၅ ရက်နေ့မနက်ပိုင်းမှာ စစ်တပ်စစ်ကြောင်းစီးနင်းဝင်ရောက်ပြီးနောက် အသက်မပြည့်သေးတဲ့ ကလေးတစ်ဦးနဲ့ မသန်စွမ်းအမျိုးသမီးတစ်ဦးကို သတ်ဖြတ်ကာ နောက်ထပ် ဒေသခံနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက RFAကို ပြောပါတယ်။ သေဆုံးသွားသူတွေဟာ အသက် ၂၀အရွယ် ဆွံ့ အ နားမကြားသူ မဝေဝေဌေးနဲ့ အသက် ၁၃ နှစ်အရွယ် မောင်ဝိုင်းလမင်းအောင်တို့ ဖြစ်ပြီး ဝမ်းဗိုက်၊ လည်ပင်းနဲ့ ရင်ဘတ်တို့မှာ သေနတ် ဒဏ်ရာနှစ်ချက်စီ ဖောက်ဝင်ကာ နေရာမှာတင် သေဆုံးသွားပြီး နောက်ထပ် ဒဏ်ရာရထားတဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်ကိုတော့ ဆေးကုသပေးထားတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့ ဒေသခံ နှစ်ဦးထဲမှာ အသက်မပြည့်သေးသူ တစ်ဦးပါသွားပြီး ပြန်မလွတ်လာကြသေးဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “အသက် ၂၀ အရွယ် နဲ့ အသက် ၁၄ နှစ်အရွယ်တစ်ယောက်ပါ။ သူတို့ကို အခုထိစစ်ကြောင်းက ပြန်မလွှတ်ပေးသေးဘူး။ လူသားဒိုင်းအနေနဲ့ ဖမ်းခေါ်သွားတာဗျ။ စစ်တပ်စစ်ကြောင်းက မနက် ၅ နာရီကျော်ကြီး ဝင်လာတော့ ဒေသခံတွေက ရှောင်ချိန်မရတော့ဘဲ ဖမ်းဆီးခံလိုက်ကြရတာ။ ဝရုန်းသုန်းကားပြေးကြရင်း စစ်ကြောင်းနဲ့တိုးပြီး ဖမ်းခံလိုက်ရတာဗျ၊ သတ်ဖြတ်ခံရသူတွေကိုတော့ မနေ့(စက်တင်ဘာ ၅ရက်)ကပဲ သင်္ဂြိုလ်လိုက်ပြီ” အဲဒီစစ်ကြောင်းမှာ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်း အင်အား တစ်ရာနီးပါးပါလာပြီး ခြေလျင်တပ်ရင်း ခလရ -၈၈ က ပုသိမ်-မုံရွာလမ်းမပေါ်က ပေါင်းရွာလမ်းဆုံမှာ အထိုင်ချထားတဲ့စစ်ကြောင်းတွေနဲ့ ပေါင်းဆုံကာ ရွာတွေကို စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။ စစ်တပ်စစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့တဲ့ မုတ္တောကြီးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အထိုင်ချနေထိုင်နေတာ မရှိသလို တိုက်ပွဲလည်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မုတ္တောကြီးကျေးရွာနဲ့ ပေကုန်းကျေးရွာ အပါအဝင် ရွာပေါင်း လေးရွာထက်မနည်းက ဒေသခံတစ်ထောင်ခန့်ဟာ စစ်တပ်စစ်ကြောင်းနဲ့ လွတ်ကင်းရာနေရာတွေ၊ လက်နက်ကြီး မကျရောက်နိုင်တဲ့ တောတောင်တွေထဲမှာ ယာယီရှောင်ပုန်းနေကြတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၆ စက်တင်ဘာလ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်နဲ့ အရပ်သား ပြည်သူစုစုပေါင်း ၈,၃၃၄ ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

Download options
6 Sep 2026, 18:30 GMT RFA Burmese

ကသာ-ဗန်းမော်လမ်းပေါ်က အရေးပါတဲ့ စင်ခန်းဧရာဝတီမြစ်ကူးတံတားကို စက်တင်ဘာ ၆ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် တံတားပျက်စီးကာ ဖြတ်သန်းသွားလာလို့ မရတော့ဘူးလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်ခန်းကျေးရွာအနီးမှာရှိတဲ့ စင်ခန်းဧရာဝတီမြစ်ကူးတံတားဟာ ရထားလမ်းပါ ထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ်။ အဲဒီမြစ်ကူးတံတားဟာ စစ်ရေးအတွက် အဓိကအရေးပါတဲ့ တံတားတစ်စင်းဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ “တံတားပေါ် တည့်တည့်ကျသွားတော့ ကားတစ်စီးစာလောက် အပေါက်ဖြစ်သွားတယ်။ သွားလာလို့ မရလောက်တော့ဘူး။ နောက်ပြီး တံတားအရှေ့ဘက်နဲ့အနောက်ဘက်က တံတားအဆင်းနားတွေမှာ ကွန်ကရစ်တွေ ပေါက်ထွက်ပြီး အထဲက သံချောင်းတွေကွေးကုန်တယ်။ ဒီနေ့(စက်တင်ဘာ ၆ရက်) ကတော့ လေကြောင်းကနေ အကြိမ် နှစ်ဆယ်လောက် ပစ်ခတ်တာရှိတယ်” အရေးပေါ်စစ်ရေးအခြေအနေကြောင့် အဲဒီစင်ခန်းတံတားကို ဇွန်လအစောပိုင်းကတည်းက ဒေသခံတွေကို ဖြတ်သန်းသွားလာခွင့်မပေးဘဲ ပိတ်ထားတာဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်ခံရချိန်မှာ အရပ်သား ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။ စက်တင်ဘာ ၂ ရက်ကလည်း စင်ခန်းတံတားအောက် ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဘက် ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သင်္ဘောနှစ်စင်း လက်နက်ချ ခဲ့တယ်လို့ KIA ဘက်က ပြောထားပါတယ်။ အဲဒီစစ်သင်္ဘောတွေပေါ်မှာ စစ်သားတွေအပြင် အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်ပြီး စုစုပေါင်း လူ ၁၅၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ သူတို့အားလုံးကို လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ “စစ်သုံ့ပန်း ၁၅၀ ကျော်အထဲမှာ အရပ်သားတွေလည်း ပါဝင်နေနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဂရုတစိုက်စစ်ဆေးနေပါတယ်။ စင်ခန်းတံတား ပျက်စီးတဲ့အခြေအနေ အသေးစိတ်ကိုတော့ ကျွန်တော်တို့ဆီကို ဘာမှ သတင်းတက်မလာသေးပါဘူး။ စစ်သင်္ဘောတွေ တပ်တက်လာတာလည်း ကြားပါတယ်” ဒါ့အပြင် စက်တင်ဘာလ ၅ ရက်နေ့ကလည်း မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်သင်္ဘောအစင်း နှစ်ဆယ်ကျော်ပါဝင်တဲ့ စစ်ရေယာဉ်တန်းတစ်ခုဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ဘက်စစ်ကူသွားနိုင်ဖို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆက်တက်လာတယ်လို့ ဆိုပါတယ်။ အဲဒီစစ်ရေယာဉ်တွေပေါ်မှာ စစ်သားတွေနဲ့ ပြည်သူ့စစ်တွေအပြင် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ တင်ဆောင်လာတာဖြစ်ပြီး စက်တင်ဘာ ၆ ရက် ညနေပိုင်းမှာ စဉ့်ကူးမြို့နယ်အတွင်း ဝင်ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Download options
5 Sep 2026, 02:03 GMT RFA Burmese

မြန်မာအရပ်ဘက်လေယာဥ်ကို ဒရုန်းနဲ့တိုက်ခိုက်ရာမှာ အမေရိကန်မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မက်သူး အေရွန်ဗန်ဒိုက် (Matthew Aaron VanDyke) နဲ့ ယူကရိန်းနိုင်ငံသား ၆ ဦး ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ‌ထောက်လှမ်းရေးအဖွဲ့ (NIA) က တရားရုံးကို တင်ပြလျှောက်ထာ းလိုက်တယ်လို့ အိန္ဒိယက လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ တောင်အာရှမှာ အကြီးဆုံး အကျဥ်းထောင်ဖြစ်တဲ့ ဒေလီမြို့က တီဟာထောင်မှာ အချုပ်ကျနေတဲ့ ဗန်ဒိုက်နဲ့ ယူကရိန်းနိုင်ငံသား ကမင်းစကီ ဗစ်တာ (Kaminskyi Viktor) ကို လူတွေ့စစ်ဆေးခွင့်ပေးဖို့ တရားရုံးတော်ကို လျှောက်ထားရာမှာ သြဂုတ်လ ၃၁ ရက်နေ့က တရားရုံးခွင့်ပြုမိန့်နဲ့ စစ်ဆေးခဲ့အပြီး အခုလို စွဲချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ NIA ရဲ့ လျှောက်ထားချက်မှာ မြန်မာအရပ်ဘက်လေယာဥ်ကို ဒရုန်းနဲ့တိုက်ခိုက်ရာမှာ အမေရိကန်တစ်ဦးနဲ့ ယူကရိန်းနိုင်ငံသားတချို့ပါဝင်ပတ်သက်နေတယ်လို့ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေရခဲ့ကြောင်း ဖော်ပြထားပါတယ်။ အိန္ဒိယထောက်လှမ်းရေးအဖွဲ့ရဲ့ အဆိုအရ ယူကရိန်းနိုင်ငံသား ၁၄ ဦးအထိ အိန္ဒိယနိုင်ငံကို ကမ္ဘာ့လှည့်ခရီးသွား ဗီဇာနဲ့ ရောက်လာပြီး လေကြောင်းနဲ့ အာသံပြည်နယ် ဂူဝါဟတီမြို့ကို သွားရောက်ခဲ့ကြောင်း၊ အဲဒီကမှ ကန့်သတ်နယ်မြေ ခရီးသွားလာခွင့် အမိန့်နဲ့ ကာကွယ်ရေးဧရိယာခွင့်ပြုမိန့်တွေမပါဘဲ မီဇိုရမ်ပြည်နယ်ကို သွားရောက်ခဲ့ကြကြောင်း၊ အဲဒီကနေမှ မြန်မာနိုင်ငံထဲကို တရားမဝင် ဖြတ်ကျော် ဝင်ရောက်ပြီး ဒရုန်း စစ်ဆင်ရေး နည်းပညာ၊ ဒရုန်းပျံသန်းတာနဲ့ တပ်ဆင်တာ စတာတွေကို သင်တန်းပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီသင်တန်းဟာ မြန်မာစစ်တပ်အစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်အဖွဲ့တွေကို ပေးခဲ့တာဖြစ်ပြီး ဒီအထောက်အထား သက်သေတွေကို စွပ်စွဲခံနိုင်ငံခြားသားတွေရဲ့ ဖုန်းနဲ့ ကွန်ပျူတာတွေကနေ ဗီဒီယို ဓာတ်ပုံနဲ့ အသံဖိုင်တွေနဲ့ သိရှိခဲ့ရတယ်လို့လည်း တရားရုံးကို တင်ပြခဲ့ပါတယ်။ လောလောဆယ် အိန္ဒိယ တရားရုံးက တရားရုံးအနေနဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးတာကို ခွင့်ပြုတာ တားမြစ်တာ စတာတွေကို အဆုံးအဖြတ်ပေးတဲ့ ဥပဒေမရှိဘူးလို့ ပြောဆိုခဲ့ပြီး တောင်းဆိုချက်ကို ခွင့်ပြုခဲ့ပါတယ်။ တချိန်ထဲမှာလည်း အစွပ်စွဲခံနိုင်ငံခြားသားတွေရဲ့ ရှေ့နေအဖွဲ့ကတော့ ဒီအဆင့်မှာ စုံစမ်းစစ်ဆေးတာဟာ ဥပဒေကြောင်းအရ အကြောင်းမခိုင်လုံဘူးလို့ ကန့်ကွက်ခဲ့ပါတယ်။ အခုနှစ် မတ်လက အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ အိန္ဒိယနိုင်ငံဘက်ကနေ မြန်မာနိင်ငံထဲကို ဝင်ရောက်ခဲ့တဲ့ ယူကရိန်းနိုင်ငံသား ခြောက်ဦးနဲ့ အမေရိကန်နိုင်ငံသား တစ်ဦးကို NIA က ဖမ်းဆီးထိန်းသိမ်းခဲ့တယ် လို့ ကြေညာခဲ့ပါတယ်။ ယူကရိန်းနိုင်ငံသား သုံးဦးကို ဒေလီမြို့၊ အခြား သုံးဦးကို လက္ခနောင်မြို့နဲ့ အမေရိကန်နိုင်ငံသားတစ်ဦးကို ကာလကတ္တား လေဆိပ်မှာ မတ်လ ၁၃ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်မှုကာကွယ်ရေးဥပဒေအရ အမှုဖွင့်ခဲ့ပါတယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ပြောကြားချက်မှာ ယူကရိန်းနိုင်ငံသား ‌ခြောက်ဦးဟာ အိန္ဒိယမြန်မာနယ်ခြားဒေသရှိ ကန့်သတ်နယ်မြေတွေကို သွားရောက်ပြီး တရားမဝင်လုပ်ငန်းတွေ လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားကို စွဲချက်မှာ ပြသထားနိုင်ခြင်းမရှိကြောင်း၊ အိန္ဒိယနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး အိုလက်ဆန်ဒါ ပိုလစ်ချက် (Oleksandr Polishchuk) က အိန္ဒိယနိုင်ငံခြားရေးဌာန အရာရှိကြီးတွေကို တွေ့ဆုံပြီး ယူကရိန်းနိုင်ငံသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ သံရုံးနဲ့တွေ့ဆုံခွင့်ပေးဖို့ မတ်လ ၁၆ ရက်နေ့က ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်သံရုံးကတော့ ဒီဖြစ်စဥ်ကို သိရှိကြောင်း၊ ဒါပေမယ့် တစ်ဦးတစ်ယောက်ချင်းရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကန့်သတ်ချက်အရ အမှုကိုထုတ်ပြောလို့မရကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒီနိုင်ငံခြားသားတွေဟာ မြန်မာနိုင်ငံဘက်က ဘယ်လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်နေသလဲ ဆိုတဲ့ အချက်ကိုတော့ နယူးဒေလီတရားရုံးက အမည် တိတိကျကျဖော်ထုတ်မထားတဲ့အတွက် မသိရသေးဘူးလို့ သိရပါတယ်။

Download options
5 Sep 2026, 00:30 GMT RFA Burmese

ဒီတစ်ပတ်အစီအစဉ်မှာတော့အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့ တက္ကသိုလ်ပညာရေးစနစ်မှာ ပညာဆက်မသင်ချင်တော့တဲ့အတွက်ကြောင့် အာဏာရှင်နဲ့မပူးပေါင်းတဲ့ CDM လှုပ်ရှားမှုမှာပါခဲ့ပြီး၊ ၅ နှစ်အကြာမှာ ပြည်ပနိုင်ငံတစ်ခုက တက္ကသိုလ်တစ်ခုမှာ ပညာသင်ဆုရရှိခဲ့တဲ့ ကိုသုတဝန်း နဲ့ စကားပြောထားပါတယ်။ သူဟာ စစ်တပ်အာဏာသိမ်းတဲ့အချိန်က လူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့လို့ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် အိမ်နီးချင်းထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာရသူဖြစ်ပါတယ်။ ဒီ “စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်" ပေါ့ဒ်ကတ်စ် အစီအစဥ်ဟာ စစ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲဖြစ်လာတဲ့ ဒုက္ခသုက္ခတွေထဲ ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘဝတွေအကြောင်းတင်ပြနေတာဖြစ်ပြီး အပတ်စဉ် မြန်မာစံတော်ချိန် စနေနေ့မနက် ၇ နာရီတိုင်းမှာ RFA Burmese website, Youtube နဲ့ Facebook ကနေ ထုတ်လွှင့်နေတာဖြစ်ပါတယ်။

Download options
4 Sep 2026, 20:43 GMT RFA Burmese

မြန်မာနိုင်ငံတစ်ဝန်းမှာ ဩဂုတ်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ မြေပြင်စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၅၅ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က စက်တင်ဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ BWU က ဩဂုတ် ၁ ရက်ကနေ ၃၁ ရက်နေ့အထိ ကောက်ယူထားတဲ့ အချက်အလက်တွေအရ သေဆုံးသူတွေထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၃ ဦးရှိပြီး အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့သေဆုံးသူတွေကတော့ လက်နက်ကြီးပစ်ခတ်မှု၊ ကျည်ထိမှန်မှုနဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုတို့ကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ တိုင်းနဲ့ ပြည်နယ်အလိုက်ကြည့်ရင် ရခိုင်ပြည်နယ်မှာ အမျိုးသမီး ၁၇ ဦးနဲ့ အများဆုံးသေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၁၃ ဦးနဲ့ ဒုတိယအများဆုံး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမျိုးသမီးတွေအနေနဲ့ ကိုယ့်အိမ်နဲ့ ကိုယ့်ရပ်ရွာထဲမှာတောင် လုံခြုံမှုမရှိတော့တဲ့အခြေအနေ ဖြစ်နေတယ်လို့ ရန်ကုန်မြို့က အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက RFA ကို ပြောပါတယ်။ “လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အမျိုးသမီးတွေဟာ ကိုယ့်အိမ်နဲ့ ကိုယ့်ရပ်ရွာထဲမှာတောင် လုံခြုံမှုမရှိတော့ပါဘူး။ အမျိုးသမီးတွေကို အကာအကွယ်ပေးရေးနဲ့ ကျူးလွန်သူတွေ တာဝန်ခံလာရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ လိုပါတယ်” ဒါ့အပြင် အမျိုးသမီး ၅၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဲဒီထဲက ၄၃ ဦးဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ BWU က ဖော်ပြထားပါတယ်။ ဇူလိုင်လအတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၂၆ ဦး သေဆုံးခဲ့ရာက ဩဂုတ်လမှာ ၅၅ ဦးအထိ မြင့်တက်လာတာကြောင့် တစ်လအတွင်း သေဆုံးသူအရေအတွက် နှစ်ဆကျော် တိုးလာတာဖြစ်ပါတယ်။ ဇူလိုင်လမှာ သေဆုံးသူ ၂၆ ဦးထဲက ၂၄ ဦးဟာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး နှစ်ဦးက လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာပါ။ အဲဒီလအတွင်း အမျိုးသမီး ၄၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း BWU က ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အစိုးရတစ်ရပ်ပုံစံ ဖော်ဆောင်နေပေမယ့် နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်တာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာနဲ့ ညှဉ်းပန်းနှိပ်စက်တာတွေကို ဆက်လက်ကျူးလွန်နေတယ်လို့ BWU က ထောက်ပြထားပါတယ်။ ဒီအကြမ်းဖက်မှုတွေ ရပ်တန့်နိုင်ဖို့မြန်မာပြည်သူတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထိရောက်တဲ့ အကူအညီနဲ့ လက်တွေ့လုပ်ဆောင်မှုတွေကို အရေးတကြီး လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ BWU ရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လကုန်အထိ ရှစ်လအတွင်း စစ်တပ်ရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး စုစုပေါင်း ၄၁၃ ဦး သေဆုံးခဲ့ပါတယ်။ ပထမခြောက်လအတွင်း ၃၃၂ ဦး၊ ဇူလိုင်လမှာ ၂၆ ဦးနဲ့ ဩဂုတ်လမှာ ၅၅ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။ BWU ရဲ့ အချက်အလက်တွေဟာ သတင်းမီဒီယာတွေနဲ့ ဒေသတွင်းသတင်းရင်းမြစ်တွေကနေ စုဆောင်းထားတာဖြစ်ပြီး မှတ်တမ်းမတင်နိုင်သေးတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတာကြောင့် အမှန်တကယ် ထိခိုက်သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။ ဒီအချက်အလက်တွေကို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်တပ်ခန့်အစိုးရဘက်ကလည်း ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ထားတာ မတွေ့ရသေးပါဘူး။

Download options
4 Sep 2026, 19:14 GMT RFA Burmese

စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဉ်ဟာ ဗီယက်နမ်နဲ့ မြန်မာစစ်တပ်ကြား ရှိပြီးသား စီးပွားရေးနဲ့ စစ်ရေးဆက်ဆံမှုတွေကို ပိုမိုနက်ရှိုင်းစေနိုင်တဲ့အတွက် ဗီယက်နမ်အစိုးရရဲ့ ဖိတ်ကြားမှုကို ရှုတ်ချကြောင်း Justice For Myanmar (JFM) က စက်တင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဗီယက်နမ်နဲ့ မြန်မာစစ်တပ်ကြား ဆက်သွယ်ရေး၊ လေယာဉ်ဆီထောက်ပံ့ရေးနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ပေးအပ်တာအပြင် စစ်ရေးလေ့ကျင့်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဗီယက်နမ်ရဲ့ အကြီးဆုံး နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ Mytel ဆက်သွယ်ရေးလုပ်ငန်းဟာ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global Investment၊ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ ပူးပေါင်းလုပ်ကိုင်တဲ့ ဖက်စပ်လုပ်ငန်းဖြစ်တယ်လို့ JFM က ထောက်ပြပါတယ်။ Mytel ဟာ ဗီယက်နမ်နဲ့ မြန်မာစစ်တပ်ကြား စီးပွားရေးဆက်ဆံမှုမှာ အဓိကကျတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး Mytel မှာ မြန်မာစစ်တပ်ပိုင် ရှယ်ယာတွေအတွက် ဆယ်နှစ်အတွင်း အမြတ်ဝေစု အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိနိုင်တယ်လို့ JFM က ဆိုပါတယ်။ ဒါ့အပြင် Mytel ဟာ မြန်မာစစ်တပ်အတွက် ဝင်ငွေရရှိစေရုံသာမက စစ်ရေးနဲ့ စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ လုပ်ငန်းတွေမှာပါ အထောက်အကူပြုနေတယ်လို့ JFM က ပြောပါတယ်။ Mytel ကနေတစ်ဆင့် ဗီယက်နမ်က ပေးအပ်နေတဲ့ ဝင်ငွေ၊ နည်းပညာနဲ့ စောင့်ကြည့်ထောက်လှမ်းရေး ဆိုင်ရာ အထောက်အပံ့တွေဟာ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို အထောက်အကူပြုနေတယ်လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။ “တရားမဝင်စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှုပေးအပ်ဖို့ ဗီယက်နမ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်နဲ့ စီးပွားရေးပတ်သက်မှုတွေကတစ်ဆင့် စစ်အုပ်စုနဲ့ ကြံရာပါပတ်သက်နေမှုကို ပိုမိုနက်ရှိုင်းလာအောင် လုပ်ဆောင်နေမှုတွေအပေါ် Justice For Myanmar က ရှုတ်ချပါတယ်။ Mytel မှတစ်ဆင့် ဗီယက်နမ်က ပေးအပ်နေတဲ့ ဝင်ငွေတွေ၊ နည်းပညာနဲ့ စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ အထောက်အပံ့တွေက မြန်မာစစ်တပ် လက်ရှိကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကူညီပေးနေတာ ဖြစ်ပါတယ်” ဗီယက်နမ်ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်မှာလည်း ပါဝင်နေတယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဗီယက်နမ်ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်မှာလည်း ပါဝင်နေတယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဩဂုတ် ၂၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ၁၀ ကြိမ်မြောက် မြန်မာ-ဗီယက်နမ် ပူးတွဲကော်မရှင်အစည်းအဝေးမှာလည်း ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရက ထုတ်ပြန်ထားပါတယ်။ ဗီယက်နမ်အနေနဲ့ မြန်မာစစ်တပ်ဆီ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ၊ နည်းပညာနဲ့ ငွေကြေးလွှဲပြောင်းပေးနေတာတွေကို ချက်ချင်းရပ်တန့်ပြီး စစ်အုပ်စုနဲ့ ဆက်နွှယ်ပတ်သက်မှုတွေကို အဆုံးသတ်ဖို့ JFM က တောင်းဆိုထားပါတယ်။ ဒါ့အပြင် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ (EU)၊ ကနေဒါနဲ့ သြစတြေးလျတို့အနေနဲ့လည်း စစ်အုပ်စုကို ထောက်ပံ့နေတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ JFM က တောင်းဆိုပါတယ်။ JFM ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရ၊ ဗီယက်နမ်အစိုးရနဲ့ Mytel တို့ဘက်က တစ်စုံတစ်ရာ တုံ့ပြန်ထားတာ မတွေ့ရသေးပါဘူး။ ဦးမင်းအောင်လှိုင်ဟာ စက်တင်ဘာ ၄ ရက်ကနေ ၆ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် သွားရောက်နေတာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ဧပြီလမှာ သမ္မတရာထူးယူပြီးနောက် ဦးမင်းအောင်လှိုင်ရဲ့ ခုနစ်ကြိမ်မြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။

Download options