US Agency for Global Media USAGM

News and Information from Around the World

92 Items
4 Sep 2026, 19:14 GMT RFA Burmese

စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဉ်ဟာ ဗီယက်နမ်နဲ့ မြန်မာစစ်တပ်ကြား ရှိပြီးသား စီးပွားရေးနဲ့ စစ်ရေးဆက်ဆံမှုတွေကို ပိုမိုနက်ရှိုင်းစေနိုင်တဲ့အတွက် ဗီယက်နမ်အစိုးရရဲ့ ဖိတ်ကြားမှုကို ရှုတ်ချကြောင်း Justice For Myanmar (JFM) က စက်တင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဗီယက်နမ်နဲ့ မြန်မာစစ်တပ်ကြား ဆက်သွယ်ရေး၊ လေယာဉ်ဆီထောက်ပံ့ရေးနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ပေးအပ်တာအပြင် စစ်ရေးလေ့ကျင့်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဗီယက်နမ်ရဲ့ အကြီးဆုံး နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ Mytel ဆက်သွယ်ရေးလုပ်ငန်းဟာ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global Investment၊ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ ပူးပေါင်းလုပ်ကိုင်တဲ့ ဖက်စပ်လုပ်ငန်းဖြစ်တယ်လို့ JFM က ထောက်ပြပါတယ်။ Mytel ဟာ ဗီယက်နမ်နဲ့ မြန်မာစစ်တပ်ကြား စီးပွားရေးဆက်ဆံမှုမှာ အဓိကကျတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး Mytel မှာ မြန်မာစစ်တပ်ပိုင် ရှယ်ယာတွေအတွက် ဆယ်နှစ်အတွင်း အမြတ်ဝေစု အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိနိုင်တယ်လို့ JFM က ဆိုပါတယ်။ ဒါ့အပြင် Mytel ဟာ မြန်မာစစ်တပ်အတွက် ဝင်ငွေရရှိစေရုံသာမက စစ်ရေးနဲ့ စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ လုပ်ငန်းတွေမှာပါ အထောက်အကူပြုနေတယ်လို့ JFM က ပြောပါတယ်။ Mytel ကနေတစ်ဆင့် ဗီယက်နမ်က ပေးအပ်နေတဲ့ ဝင်ငွေ၊ နည်းပညာနဲ့ စောင့်ကြည့်ထောက်လှမ်းရေး ဆိုင်ရာ အထောက်အပံ့တွေဟာ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို အထောက်အကူပြုနေတယ်လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။ “တရားမဝင်စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှုပေးအပ်ဖို့ ဗီယက်နမ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်နဲ့ စီးပွားရေးပတ်သက်မှုတွေကတစ်ဆင့် စစ်အုပ်စုနဲ့ ကြံရာပါပတ်သက်နေမှုကို ပိုမိုနက်ရှိုင်းလာအောင် လုပ်ဆောင်နေမှုတွေအပေါ် Justice For Myanmar က ရှုတ်ချပါတယ်။ Mytel မှတစ်ဆင့် ဗီယက်နမ်က ပေးအပ်နေတဲ့ ဝင်ငွေတွေ၊ နည်းပညာနဲ့ စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ အထောက်အပံ့တွေက မြန်မာစစ်တပ် လက်ရှိကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကူညီပေးနေတာ ဖြစ်ပါတယ်” ဗီယက်နမ်ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်မှာလည်း ပါဝင်နေတယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဗီယက်နမ်ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်မှာလည်း ပါဝင်နေတယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဩဂုတ် ၂၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ၁၀ ကြိမ်မြောက် မြန်မာ-ဗီယက်နမ် ပူးတွဲကော်မရှင်အစည်းအဝေးမှာလည်း ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရက ထုတ်ပြန်ထားပါတယ်။ ဗီယက်နမ်အနေနဲ့ မြန်မာစစ်တပ်ဆီ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ၊ နည်းပညာနဲ့ ငွေကြေးလွှဲပြောင်းပေးနေတာတွေကို ချက်ချင်းရပ်တန့်ပြီး စစ်အုပ်စုနဲ့ ဆက်နွှယ်ပတ်သက်မှုတွေကို အဆုံးသတ်ဖို့ JFM က တောင်းဆိုထားပါတယ်။ ဒါ့အပြင် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ (EU)၊ ကနေဒါနဲ့ သြစတြေးလျတို့အနေနဲ့လည်း စစ်အုပ်စုကို ထောက်ပံ့နေတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ JFM က တောင်းဆိုပါတယ်။ JFM ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရ၊ ဗီယက်နမ်အစိုးရနဲ့ Mytel တို့ဘက်က တစ်စုံတစ်ရာ တုံ့ပြန်ထားတာ မတွေ့ရသေးပါဘူး။ ဦးမင်းအောင်လှိုင်ဟာ စက်တင်ဘာ ၄ ရက်ကနေ ၆ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် သွားရောက်နေတာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ဧပြီလမှာ သမ္မတရာထူးယူပြီးနောက် ဦးမင်းအောင်လှိုင်ရဲ့ ခုနစ်ကြိမ်မြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။

Download options
4 Sep 2026, 16:55 GMT RFA Burmese

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ လမ်း ၈၀၊ ၃၉ လမ်း နဲ့ လမ်း ၄၀ ကြားက အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေတဲ့ နေအိမ် တစ်အိမ်ကို စက်တင်ဘာလ ၂ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်ခန့်မှာ စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။ အဲဒီနေရာကို စစ်သား၊ ရဲ နဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသားတချို့အပါအဝင် လူ ၁၀ ဦး ထက် မနည်း ဖမ်းဆီးခံလိုက်ရတယ် ပြောပါတယ်။ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ဖုန်း၊ ကွန်ပျူတာတွေကို စစ်တပ်က သိမ်းဆည်းသွားပြီး ဖမ်းခံရတဲ့သူတွေရဲ့ အသေးစိတ်အချက်တွေကိုတော့ မသိရသေးဘူးလို့ မန္တလေးမြို့ပေါ်က မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Voice Of Mandalay ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။ “အဲနေရာ ကျားဖြန့်ကို ဝင်ဖမ်းတာဗျ။ မြင်တဲ့သူတွေ ပြောပုံအရ တရုတ်တွေရော ကောင်မလေးတွေလည်း ပါတယ်။ Laptops(ကွန်ပျူတာတွေကို) အဝတ်နဲ့အုပ် သိမ်းဆည်းသွားတယ်ဗျ။” ဖမ်းဆီးခံရသူတွေရဲ့ နောက်ဆက်တွဲအခြေအနေကို မသိရသေးသလို မန္တလေးမြို့မှာ ဒီလိုလုပ်ငန်းတွေ ပုံစံမျိုးစုံနဲ့ ရှိနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။ အခုဝင်ရောက်စီးနင်းခဲ့တဲ့ နေရာအနီးတစ်ဝိုက်မှာ တရုတ်နိုင်ငံသားအများစု ဝင်ထွက်သွားလာနေတဲ့ ဟိုတယ်တွေနဲ့ ကျောက်ဝိုင်းလည်း ရှိတယ်လို့ ဆိုပါတယ်။ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ မြို့ကြီးတွေအထိ ဝင်ရောက်လုပ်ကိုင်လာတာကြောင့် ပြည်သူတွေ ထိခိုက်နစ်နာရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။ “ကျားဖြန့်ဆိုတာ နယ်စပ်နေရာမှာပဲ ရှိတော့တာမဟုတ်တော့ဘူးလေ။ ကျွန်တော်တို့ မန္တလေးမှာရော ရန်ကုန်လို မြို့ကြီးပြကြီးတွေမှာ ကုမ္ပဏီလိုလို ပုံစံမျိုးစုံနဲ့ လိမ်လည်လုပ်စားနေတာတွေက ရှိနေတယ်။ မန္တလေးမြို့သား တစ်ဦးအနေနဲ့ ဒီလုပ်ငန်းတွေ ရှိနေတာ လက်မခံဘူး။ ပြည်သူတွေက အခက်အခဲမျိုးစုံနဲ့ ဖြတ်သန်းနေရချိန်မှာ ဒီလို လိမ်စားနေတဲ့ လူတွေ ထွန်းကားတော့ ပိုနစ်နာရတာပေါ့ဗျာ။” ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ RFA က မဟာအောင်မြေမြို့နယ် အမှတ် (၉) ရဲစခန်းကို ဖုန်းဆက်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

Download options
4 Sep 2026, 15:35 GMT RFA Burmese

အာဏာသိမ်းစစ်တပ်က ဩဂုတ်လ တစ်လအတွင်း ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၅၂၈ မှုရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာ တရားလက်လွတ်သတ်ဖြတ်မှု ၁၀၂ မှု၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ၉၁ မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု ၇၈ မှုနဲ့ မတရားဖမ်းဆီးမှု ၅၁ မှု ပါဝင်တယ်လို့ ဆိုပါတယ်။ အရပ်သားပြည်သူတွေဟာ နေ့စဉ်အသက်အန္တရာယ် စိုးရိမ်နေရပြီး အကာအကွယ်ပေးမယ့်သူမရှိသလို ခံစားနေရတာ ကြာပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မကွေးတိုင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “ဘာသာရေးအဆောက်အအုံတွေထဲက သံဃာတော်တွေနဲ့ ကိုရင်တွေကိုလည်း သတ်တယ်။ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေတောင် မချန်ဘူး။ သူတို့အာဏာရဖို့နဲ့ အာဏာတည်မြဲဖို့အတွက် မလုပ်ရဲတာ ဘာမှမရှိသလို ဖြစ်နေပြီ။ ပြည်သူတွေမှာလည်း အားကိုးစရာမရှိတော့ဘူး။ စစ်တပ်က ပြည်သူတွေကို မသတ်တဲ့နေ့ တစ်ရက်လောက်များ ရှိသေးရဲ့လားလို့တောင် မေးရမလို ဖြစ်နေတယ်။ ဒီနေ့ ကိုယ်မသေသေးရင် နောက်နေ့ ကိုယ့်အလှည့်ဖြစ်လာနိုင်တယ်လို့ပဲ တွေးပြီး နေနေရတယ်။ နေ့တိုင်း သတ်ဖြတ်မှုတွေဖြစ်နေတဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ နေနေရတာပါ” တိုင်းနဲ့ ပြည်နယ်အလိုက်ကြည့်ရင် မန္တလေးတိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ၁၁၀ မှုနဲ့ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ၈၂ မှုနဲ့ ဒုတိယအများဆုံး၊ မကွေးတိုင်းမှာ ၆၈ မှုနဲ့ တတိယအများဆုံး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဩဂုတ်လအတွင်း ချင်း၊ ကယားနဲ့ ရခိုင်ပြည်နယ်တွေအပြင် စစ်ကိုင်းတိုင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ရှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ပြည်သူ ၆၈ ဦး သေဆုံးခဲ့တယ်လို့ NUG က ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ခုနစ်ဦး၊ အသက် ၁၈ နှစ်နဲ့အထက် ၄၅ ဦးနဲ့ အသက်အရွယ် မခွဲခြားနိုင်သူ ၁၆ ဦး ပါဝင်ပါတယ်။ ကျား၊ မ အလိုက်တော့ အမျိုးသမီး ၃၃ ဦး၊ အမျိုးသား ၂၅ ဦးနဲ့ ကျား၊ မ မခွဲခြားနိုင်သူ ၁၀ ဦး ဖြစ်ပါတယ်။ ဒီကာလအတွင်း ရန်ကုန်တိုင်းကလွဲပြီး တိုင်းနဲ့ ပြည်နယ် ၁၃ ခုမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၁၉၁ မှု ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှုအကြိမ်ရေ ၅၃၀ ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စစ်ကိုင်းတိုင်းမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၅၄ မှုနဲ့ အများဆုံးဖြစ်ခဲ့ပြီး မကွေးတိုင်းမှာ ၃၇ မှုနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။ တိုက်ခိုက်မှုအကြိမ်ရေအရတော့ မကွေးတိုင်းမှာ ၁၆၂ ကြိမ်နဲ့ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ၁၃၁ ကြိမ်နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေး ၁၈ ဦးအပါအဝင် အရပ်သား ၁၃၉ ဦး သေဆုံးခဲ့ပြီး ကလေး ၃၈ ဦးအပါအဝင် ပြည်သူ ၂၆၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ NUG က ပြောပါတယ်။ ဒါ့အပြင် အရပ်သားနေအိမ် ၁၂၆ လုံး၊ ဘာသာရေးအဆောက်အအုံ ၁၇ ခု၊ စာသင်ကျောင်း ၁၀ ကျောင်းနဲ့ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးအဆောက်အအုံ လေးခုလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ အာဏာသိမ်း စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အထောက်အထားတွေကို စနစ်တကျမှတ်တမ်းတင်ပြီး ကျူးလွန်သူတွေ ထိုက်တန်တဲ့ပြစ်ဒဏ်ခံယူရရေးနဲ့ တာဝန်ခံမှုရှိလာရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ NUG က ဆိုပါတယ်။ NUG ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ အချက်အလက်တွေကို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်ကလည်း တုံ့ပြန်ထားတာ မတွေ့ရသေးပါဘူး။

Download options
3 Sep 2026, 22:04 GMT RFA Burmese

မန္တလေးတိုင်း၊ ပြင်ဦးလွင် မြို့နယ်က ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းအတွက်ဆိုပြီး သုံးတောင်ရွာမရွာက အိမ် နဲ့ ဆိုင်ခန်း ၁၀၀ ထက် မနည်းဖျက်သိမ်းခံရတယ်လို့ ဒေသခံ တွေက RFA ကို ပြောပါတယ်။ မန္တလေး-ပြင်ဦးလွင် လမ်း ဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ် အဝင်ပေါက် ကနေ သုံးတောင်ရွာ ကိုးမြို့ရှင်နတ်နန်းအထိ အိမ်နဲ့ ဆိုင်ခန်းတွေဟာ စီမံကိန်း ဧရိယာထဲမှာပါနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျက်သိမ်းခံရတာလို့ ပြောကြ ပါတယ်။ အဲဒီစီမံကိန်းဟာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၆ ခုနှစ် ဇွန်လကတည်းကစခဲ့တာြဖစ်ပြီး အခုအနှစ်နှစ်ဆယ်အကြာမှာ စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်က ဆက်အကောင်အထည် ဖော်ဖို့ကြိုးစားနေတာပါ။ အဲဒီစီမံကိန်းအတွက် ပြင်စာရွာနဲ့ သုံးတောင်ရွာမရွာကြားက မြေဧက တစ်သောင်း​ကိုအသုံးပြုဖို့စီစဥ်နေတာပါ။ ဒါနဲ့ပတ်သက်လို့ မြေ ၂ ဧက အသိမ်းခံရတဲ့ ပြင်စာရွာသားတစ်ဦးက RFA ကို အခုလိုပြောပြပါတယ်။ “စီမံကိန်း ဧရိယာနယ်မြေကတော့ ဧက တစ်သောင်းဆိုတာက အဲဒါတော့သိထားတယ်။ ကျွန်တော်တို့တောင်မှ အဲဒီထဲမှာ အသိမ်းခံထားရတယ်။ အနီးစခန်း ဖွင့်တယ်။ အဲဒါပြီးတော့ ရတနာပုံမြို့သစ် အဲဒါတွေ ဖွင့်တယ်။ တရုတ်တွေ ဘာတွေ ဝင်လာတာမတွေ့သေးဘူး။ စက်ရုံတွေလည်ပတ်တာလည်း မတွေ့ရသေးဘူး။ အခုမှ စပြီးတော့ဖိတ်ခေါ်နေတုန်းပဲ ရှိဦးမှာပါ။ လာတာကတော့မတွေ့သေးဘူးဗျ” ဒီစီမံကိန်းအတွက် အနီးစခန်းလေဆိပ်သစ်ကို ဇူလိုင်လ ၁၁ ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း ကိုယ်တိုင် သွားပြီးဖွင့်လှစ်ခဲ့ပါတယ်။ ဒီလေဆိပ်ဖွင့်တာဟာ ရတနာပုံဆိုက်ဘာစီးတီးကို ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေ နဲ့ ရင်းနှီးမြှုပ်နှံသူတွေ အချိန်တိုတိုနဲ့ အလွယ်တကူသွားလာနိုင်အောင်ဖြစ်တယ်လို့ လေဆိပ်ဖွင့်ပွဲ မှာပြောခဲ့ပါတယ်။ တဘက်မှာလည်း အဲဒီစီမံကိန်းတစ်ခုလုံးရဲ့ လမ်း နဲ့ အခြေခံအဆောက်အအုံ တည်ဆောက် ခွင့်တွေ၊ ရေ နဲ့ မီးပေးဝေရေးလုပ်ငန်းတွေကို ဦးမင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံရဲ့ ကုမ္ပဏီက လုပ်ပိုင်ခွင့် ရထားတယ်လို့ ဒေသတွင်း မီဒီယာတွေမှာရေးသားဖော်ပြကြပါတယ်။ ဒါဟာ အရင် စစ်အာဏာရှင်အဆက်ဆက်လုပ်လေ့ရှိတဲ့အတိုင်း အခုလဲ အဲဒီအတိုင်းလုပ်နေတာလို့ အမေရိကန် ပြည်ထောင်စုမှာနေထိုင်တဲ့ စီးပွားရေးသုတေသီ ဦးစိန်ဌေးက RFA ကို ပြောပါတယ်။ “အာဏာရှင်နေဝင်း၊ သန်းရွှေ၊ သိန်းစိန် ဒီအထိပေါ့ မင်းအောင်လှိုင် သူတို့က ဘာလဲဆိုတော့ ပြည်သူလူထုကို ဘဝမြှင့်တင်ပေးတယ်ပေါ့။ အိမ်ရာတွေ ဆောက်ပေးမယ်။ (Public Service) လုပ်ပေးတယ်။ အိုးအိမ်တွေတည်ဆောက်ပေးပါတယ်ဆိုတာ လုပ်တာ။ ဒါကရုပ်ပြ။ တကယ်တော့လုပ်ရမယ့်အလုပ်ပါ။ သို့သော် သူအဲပုံစံလုပ်တယ်။ ပြီးရင် တစ်ဖက်က သူတို့အကျိုးစီးပွား သူတို့နဲ့အကျိုးတူ အရင် နဝတခေတ်ဆို ခရိုနီတွေပါ့ဗျာ တိုက်တွေဆောက် ချမ်းသာသွားတာမတွေ့ဘူးလား။ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကြတာ သူတို့သားသမီးတွေနောက်ကပါတယ်။ အခုကလည်း အဲဒါက မင်းအောင်လှိုင်က သူ့သားတွေအတွက် လုပ်ပေးတာပဲလေ ” စစ်တပ်ခန့်အစိုးရဟာ အင်္ဂလိပ်ကိုလိုနီခေတ်မြေပုံကိုအကြောင်းပြပြီး တစ်မြို့နယ်လုံးမှာသိမ်းနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “သူတို့ သိမ်းတဲ့ဟာကတော့ ၁၉၀၂ ခုနှစ် မြေပုံအရသိမ်းတာ ဆိုတော့ တော်တော်များများကတော့ပါမှာပဲ။ အဲဒီအပေါ်မှာ ကျွန်တော်တို့က အငြင်းပွားလို့လည်း မရတော့ဘူး။ သူတို့ ကိုင်ထားတဲ့ မြေပုံက အင်္ဂလိပ်လက် ထက်ကထုတ်ထားတဲ့ မြေပုံအရပါဆိုတော့ လက်ရှိ ရှိနေတဲ့သူတွေ မမွေးသေးတုန်းကဟာတွေလေ။ မမွေးခင် တုန်းကမြေပုံဆိုတော့ ဘာမှလုပ်မရဘူး။ သူတို့ လာပြီးတော့ ဒီမြေပုံပြ။ မြေပုံအရပါဆိုပြီး သိမ်းတယ်။ ခံရမှာပဲ။ အခု လက်ရှိလည်းသိမ်းနေတာပဲ။ ခံနေရတာပဲ” NLD အစိုးရလက်ထက်မှာတော့ ဒီစီမံကိန်းကို ကိုရီးယား၊ ဂျပန်နဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေကို စည်းရုံးပြီး အကောင်အထည် ဖော်ဖို့ကြိုးစားခဲ့ပေမဲ့ စစ်တပ်အာဏာသိမ်းလိုက်တဲ့အတွက် ရပ်သွားခဲ့ပါတယ်။

Download options
3 Sep 2026, 21:36 GMT RFA Burmese

ပြင်ဦးလွင်မြို့နယ် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းအတွက် အနီးပတ်ဝန်းကျင် ကျေးရွာတွေက အိမ်တွေ မြေတွေ ဆိုင်ခန်းတွေ အသိမ်းခံ၊ အဖျက်ခံရတဲ့အကြောင်း သတင်းပေးပို့ချက်နဲ့ ထူးခြားတဲ့ သတင်းတွေကို တင်ပြထားပါတယ်။ RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၃၀ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။ ။

Download options
3 Sep 2026, 19:24 GMT RFA Burmese

ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်တွေရဲ့ အရင်းခံအကြောင်းတရားနဲ့ မြေပြင်အခြေအနေတွေကို အသိအမှတ်မပြုဘဲ နိုင်ငံတချို့က နိုင်ငံရေးလှုံ့ဆော်မှုအရ ထုတ်ပြန်တဲ့ ကြေညာချက်တွေ၊ လူမှုကွန်ရက်မီဒီယာတွေနဲ့ သတင်းဖော်ပြချက်တွေကို ပယ်ချတယ်လို့ စစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီး လူအများအပြား သေဆုံး၊ နေရပ်စွန့်ခွာခဲ့ရတဲ့ ၂၀၁၇ ခုနှစ်ဖြစ်စဉ် ကိုးနှစ်ပြည့်ချိန်မှာ ကုလသမဂ္ဂ၊ နိုင်ငံတကာအစိုးရတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တာဝန်ခံမှုနဲ့ တရားမျှတမှုရရှိရေး တောင်းဆိုချက်တွေ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် အခုလို တုံ့ပြန်လာတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကတော့ စစ်တပ်ခန့်အစိုးရဟာ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းက ဖြစ်ရပ်တွေကို ARSA ရဲ့ တိုက်ခိုက်မှုကြောင့်လို့ ပြောပြီး စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးပမ်းနေတာလို့ တုံ့ပြန်ပါတယ်။ စစ်တပ်ခန့်အစိုးရရဲ့ ထုတ်ပြန်ချက်ဟာ မြေပြင်ပကတိအခြေအနေမှန်ကို လိမ်လည်လှည့်ဖြားထားပြီး နိုင်ငံတကာတရားရုံးတွေနဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို စိန်ခေါ်နေတာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်နဲ့ တက်ကြွလှုပ်ရှားသူ ကိုအောင်မြိုင်က ဝေဖန်ပါတယ်။ “စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ဟာ မြေပြင်ပကတိအခြေအနေမှန်ကို ပြောင်ပြောင်တင်းတင်း လိမ်လည်လှည့်ဖြားထားပြီးတော့ နိုင်ငံတကာတရားရုံးတွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို စိန်ခေါ်စော်ကားလိုက်တာပါပဲ ဒါကြောင့် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ကို ကျွန်တော်တို့ ကန့်ကွက်တယ်” ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးစခန်း ၃၀ နဲ့ တပ်ရင်းဌာနချုပ်တစ်ခုကို အာဆာ (ARSA) အဖွဲ့က တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန်ထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရက ပြောပါတယ်။ အဲဒီနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေတွေရဲ့ အကြောင်းရင်းဟာ ARSA အဖွဲ့ရဲ့ ကြိုတင်စီစဉ်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတာဆိုတဲ့အချက်ကို နိုင်ငံတချို့ရဲ့ ထုတ်ပြန်ချက်တွေမှာ အသိအမှတ်ပြုဖို့ ပျက်ကွက်နေတယ်လို့လည်း ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေသူအားလုံးကို မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူတွေအဖြစ် ပြောဆိုမှုအပေါ် စိုးရိမ်ကြောင်းနဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဖြေရှင်းရမယ့်ကိစ္စဖြစ်ကြောင်း စစ်တပ်ခန့်အစိုးရက ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ မရှိတဲ့ လူမျိုးအမည်တစ်ခုကို အသုံးပြုဖော်ပြနေတာကို ကန့်ကွက်ကြောင်းနဲ့ အဲဒီစကားရပ်ကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ အသုံးပြုပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်တွေအပေါ် နိုင်ငံရေးအကျိုးအမြတ် ရရှိဖို့ ကြေညာချက်တွေ၊ ထုတ်ပြန်ပြောဆိုချက်တွေ ထုတ်ပြန်နေတာကို လက်မခံနိုင်ဘူးလို့လည်း စစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကတော့ ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည်ကို ငြင်းပယ်ပြီး “ဘင်္ဂါလီ” လို့ ဆက်လက်သုံးနှုန်းနေတာဟာ ရိုဟင်ဂျာတွေရဲ့ လူမျိုးစုအဖြစ် တည်ရှိမှုနဲ့ အခွင့်အရေးတွေကို အသိအမှတ်မပြုတဲ့ သဘောထားကို ပြသနေတယ်လို့လည်း ဆိုပါတယ်။ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး ကြိုးပမ်းနေတာကလည်း နိုင်ငံတကာရဲ့ တာဝန်ခံမှုဆိုင်ရာ ဖိအားတွေကို ရှောင်လွှဲဖို့ ဟန်ပြလုပ်ဆောင်တာလို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ပြောပါတယ်။ ဒီကိစ္စကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဖြေရှင်းရမယ့် ကိစ္စအဖြစ် မထားဘဲ နိုင်ငံတကာပြဿနာအဖြစ် ဆက်လက်ကိုင်တွယ်ဖို့နဲ့ ရိုဟင်ဂျာတွေရဲ့ အမည်နာမနဲ့ နိုင်ငံသားအခွင့်အရေးတွေကို အပြည့်အဝ အာမခံပြီး ဘေးကင်းလုံခြုံ၊ ဂုဏ်သိက္ခာရှိစွာ ပြန်လည်အခြေချနိုင်ရေး ဖော်ဆောင်ပေးဖို့ ရိုဟင်ဂျာတွေနဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက တောင်းဆိုထားပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွေမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာဒုက္ခသည် ခုနစ်သိန်းနီးပါး ထွက်ပြေးသွားခဲ့ကြောင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

Download options
3 Sep 2026, 18:59 GMT RFA Burmese

ဩဂုတ်လတစ်လအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၈၀ အထိ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ AAPP စာရင်းတွေအရ ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၁ ဦး ရှိခဲ့ပြီး ဩဂုတ်လမှာတော့ ၈ဝ ဦးအထိ မြင့်တက်လာတာကြောင့် နှစ်ဆခွဲလောက် များလာတာဖြစ်ပါတယ်။ အရပ်သားတွေအပေါ် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ သတ်ဖြတ်မှုတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေကို ချိုးဖောက်နေတာဖြစ်တယ်လို့ AAPP တာဝန်ရှိသူ ဦးအောင်မျိုးကျော် က ထုတ်ပြန်ချက်မှာ ပြောပါတယ်။ “အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူတွေအပေါ် လေကြောင်းမှ တိုက်ခိုက်မှုအပြင် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးစဉ် မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းများကို နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိနေပါတယ်။ ဒီဖြစ်စဉ်တွေက စစ်အုပ်စုအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း ထင်ရှားနေပါတယ်။ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအား လုံးဝအသိအမှတ်မပြုဘဲ အခုထက်ပိုတဲ့ ဖိအားပေးမှုတွေဆက်လက် လုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်” ဩဂုတ်လအတွင်း လူ ၁၅ ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ရှိခဲ့ပြီး ရခိုင်ပြည်နယ် သံတွဲမြို့နယ်နဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်တို့မှာ ဖြစ်ပွားခဲ့တယ်လို့ AAPP က ဖော်ပြပါတယ်။ ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ် ကျောက်ကြီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၆ ဦးခန့် သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ ဩဂုတ်လ ၂၁ ရက်နေ့ကလည်း မြောင်မြို့နယ် ဆွဲလဲအိုရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း ခုနစ်ရက်တရားစခန်း ပြုလုပ်နေတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် ဩဂုတ်လအတွင်း အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် အရပ်သား ၅ ဦးကနေ ၈ ဦးအထိ သေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ရှိခဲ့ပြီး ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ချင်းပြည်နယ် ပလက်ဝနဲ့ မင်းတပ်မြို့နယ်တို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အခုလို ကျူးလွန်သူတွေ၊ အားပေးကူညီသူတွေနဲ့ အမိန့်ပေးစေခိုင်းသူတွေအားလုံးကို ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြုလုပ်ပြီး နစ်နာခံစားခဲ့ရသူတွေအတွက် တရားမျှတမှု ပြန်လည်ရရှိအောင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ AAPP က တိုက်တွန်းထားပါတယ်။ AAPP က ထုတ်ပြန်ထားတဲ့ ဒီစာရင်းဟာ လက်လှမ်းမီသလောက် ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအပေါ် အခြေခံထားတာဖြစ်ပြီး အတည်ပြုနိုင်တဲ့ ဖြစ်စဉ်တွေကိုပဲ ထည့်သွင်းထားတာလို့ ဆိုပါတယ်။ ဒါကြောင့် မြေပြင်မှာ အမှန်တကယ် သေဆုံးသူအရေအတွက်ဟာ အခုထက် ပိုများနိုင်တယ်လို့လည်း ပြောထားပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာ တုံ့ပြန်လာတာ မတွေ့ရသေးပါဘူး။ စစ်တပ်ဘက်ကတော့ စစ်တပ်နဲ့ လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့တွေဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မရှိဘူးလို့ အရင်က အကြိမ်ကြိမ် ငြင်းဆိုထားဖူးပါတယ်။

Download options
3 Sep 2026, 01:07 GMT RFA Burmese

မလေးရှားအစိုးရက မြန်မာစစ်တပ်ခန့်အစိုးရနဲ့ချိတ်ဆက်ပြီး ရိုဟင်ဂျာအပါအဝင် မလေးရှား လူဝင်မှု ကြီးကြပ်ရေး အကျဥ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ ဒုက္ခသည် ၁၅၀၀ နီးပါး လွှဲပြောင်းပို့ဆောင်မဲ့ အစီအစဥ်မှာ ကုလသမဂ္ဂအနေနဲံ တစ်စုံတစ်ရာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNHCR က စက်တင်ဘာ ၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဒီလိုပြန်ပို့တာဟာ စစ်ဘေးဖြစ်နေတဲ့ နိုင်ငံကို ပြန်ပို့တာဖြစ်လို့ သူတို့အတွက် မလုံခြုံနိုင်ဘူးလို့လည်း သတိပေးလိုက်ပါတယ်။ နိုင်ငံတကာကျင့်ထုံးဥပဒေတွေအရ လူ့အခွင့်အရေး ချိုးဖောက်ခံမယ့် အန္တရာယ်ရှိရင် ဘယ်သူတစ်ဦး တစ်ယောက်မှ နေရပ်ပြန်ပို့ဖို့ မသင့်ကြောင်း၊ စစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံဟာ စစ်နဲ့အကြမ်းဖက်မှုတွေ ရှိနိုင်တာကြောင့် လုခြုံပြီး ဂုဏ်သိက္ခာရှိရှိ ပြန်တဲ့လမ်းတော့ မဖြစ်နိုင်ပါဘူးလို့လည်း UHBCR အဖွဲ့က ပြောပါတယ်။ မလေးရှားနိုင်ငံအနေနဲ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ မလေးရှား လဝက အကျဥ်းထောင်တွေထဲက ရိုဟင်ဂျာ ၁၄၇၆ ဦးကို ပထမဆုံးအသုတ်အဖြစ် မြန်မာနိုင်ငံကို ပြန်ပို့သွားမယ် လို့ သြဂုတ် ၂၇ ရက်နေ့က ကြေညာထားပါတယ်။ မလေးရှား ဒေသခံနိုင်ငံသားတွေနဲ့ ရိုဟင်ဂျာတွေအကြား တင်းမာမှုတွေ မြင့်တက်လာနေချိန်မှာ မ‌လေးရှား ဝန်ကြီး ချုပ် အန်ဝါအီဘရာဟင် (Anwar Ibrahim)က မြန်မာနိုင်ငံအစိုးရသစ်အနေနဲ့ ရိုဟင်ဂျာ ၅၀၀၀ ကို နေရပ်ပြန်ရန် သဘောတူညီခဲ့တယ် လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ဒီအစဥ်အရ ပထမအဆင့်ကို စက်တင်ဘာလ ၂၉ ရက်နေ့မှာ စတင်မှာဖြစ်ပြီး မြန်မာဘက်က ဖော်ထုတ် ပေးပို့ ထားတဲ့ မြန်မာနိုင်ငံသား ၁၄၇၆ ဦးပါမယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ သူတို့ကို မြန်မာရေတပ် စစ်သင်္ဘောနှစ်စင်းနဲ့ ဆေးရုံသင်္ဘောတစ်စင်း အသုံးပြုသယ်ဆောင်မယ်လို့ သိရပါတယ်။ ၂၀၂၆ ခုနှစ်အတွင်း မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာ ၄၀၀၀ ကျော်ကို အစိုးရအသိအမှတ်ပြု ဒုက္ခသည် မှတ်ပုံတင်စာရွက်စာတမ်း (DPP) အစီအစဉ်နဲ့ မှတ်ပုံတင်ပေးမှာဖြစ်ပြီး ကျန် ၅၀၀၀ကိုတော့ မြန်မာနဲ့ သဘောတူထားတဲ့အတိုင်း မိမိဆန္ဒအလျောက် နေရပ်ပြန်ရေးလုပ်ငန်းစဉ်နဲ့ ပြန်ပို့မယ်လို့လည်း မလေးရှားပြည်ထဲရေး ဝန်ကြီးဌာနက ပြောကြားပါတယ်။ မြန်မာနိုင်ငံက စစ်တပ်ခန့်အစိုးရကတော့ ဒီလိုပြန်ပို့တာလက်ခံမယ်ဆိုတဲ့ သတင်းတွေအပေါ် တစုံတရာ လူသိရှင်ကြား ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ဒီလို အတင်းအကြပ် ပြန်ပို့တာဟာ သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာဖြစ်ကြောင်း၊ သူတို့ကို ပြန်ပို့အစား တရားဝင် နေထိုင်ခွင့်အဆင့်သတ်မှတ်ပေးဖို့နဲ့ သူတို့အသက်လုံခြုံရေးကို ကာကွယ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က သြဂုတ်လ ၃ ရက်နေ့က ကြေညာချက်ထုတ်ပြန် ထောက်ပြထားပါတယ်။ HRW ရဲ့ အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး ဘရိုင်ရိုနီ လော (Bryony Lau) က “မြန်မာပြည်ပြန်ရောက်ရင် လူံအခွင့်အရေးချိုးဖောက်မှုတွေနဲ့အတူ ဖိနှိပ်မှုတွေလည်း ကြုံရဖို့ရှိတဲ့အတွက် ရိုဟင်ဂျာ ၅၀၀၀ ကိုပြန်ပို့တာကို ရပ်ဖို့ တိုက်တွန်း” ထားပါတယ်။ အသက်အန္တရာယ်ဘေးကျရောက်နိုင်တယ်ဆိုရင် မလေးရှားရောက် ရိုဟင်ဂျာ ၅၀၀၀ မြန်မာနိုင်ငံပြန်ပို့မဲ့ အစီအစဥ်ကို ဆက်အကောင်အထည်မှာ မဟုတ်ပါဘူးလို့ မလေးရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဖာမီ ဖတ်ဇေး (Fahmi Fadzil) က သြဂုတ်လ ၅ ရက်နေ့က တုံ့ပြန် ပြောကြားခဲံ့ ပါတယ်၊

Download options
3 Sep 2026, 01:03 GMT RFA Burmese

ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ကျင်စွန်း နှစ်ခြင်းခရစ်ယာန်အသင်း အုပ်ဆရာ ဆရာဝီလျံဟာ စစ်တပ်ခန့်အစိုးရ တပ်တွေရဲ့ လက်ချက်ကြောင့် ချင်းခရစ်ယာန်တစ်ဦးနဲ့အတူ ဇွန်လ ၄ ရက်နေ့က သတ်ဖြတ်ခံခဲ့ရတယ်လို့ အမေရိကန် မေရိလန်းပြည်နယ် အခြေစိုက် မြန်မာလေ့လာရေးသိပ္ပံ BRI က သြဂုတ်လ ၂၇ ရက်နေ့က ကြေညာလိုက်ပြီး အမေရိကန်အစိုးရအနေနဲ့ ဝင်ရောက်ပါဝင်ကူညီဖို့လို့လည်း တောင်းဆိုလိုက်ပါတယ်။ သူတို့ နှစ်ဦးကို ဒေသခံ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF ထောက်ခံအားပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၆ မေလ ၁၆ ရက်နေ့က ပဲခူးအခြေစိုက် ခမရ ၇၇ လက်အောက်ခံ တပ်တွေက ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ဇွန်လ ၄ ရက်နေ့မှာ အသတ်ခံရတာလို့ သိရပါတယ်။ ဆရာဝီလျံဟာ ဒီဘုရားကျောင်းမှာ ၂၅ နှစ်ကျော် သင်းအုပ်ဆရာအဖြစ် တာဝန်ထမ်းနေခဲ့သူဖြစ်ပြီး စျပနကို သြဂုတ်လ ၂၆ ရက်နေ့က ကျင်စွန်းရွာ ကျောင်းမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အိမ်ခြေ ၃၀၀ ခန့်သာရှိတဲ့ ဒီရွာဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာပိုင်တွေရဲ့ အကြိမ်ကြိမ် တိုက်ခိုက် ဖျက်ဆီးတာခံခဲ့ရတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ ၂၀၂၁ အောက်တိုဘာလထဲမှာ အနီးအနားရွာတွေကို စစ်ကြောင်းထိုးစဥ် ကျင်စွန်းရွာဘုရားကျောင်းလည်း မီးရှို့ခံခဲ့ရသလို ပစ္စည်းတွေ လုယက်ယူတာလည်း ခံခဲ့ရဖူးပါတယ်။ ၂၀၂၆ မေလက အရှေ့တီမောတရားရုံးမှာ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ အမှုတွဲမှာ ခရစ်ယာန်သင် းအုပ်ဆရာ တစ်ဦးနဲ့ ဘာသာရေးအဖွဲ့ဝင် သုံးဦးကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာအပါအဝင် ကိုယ်ဝန် ဆောင် အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာ၊ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးနဲ့ သတင်း ထောက်တစ်ဦး အပါအဝင် အရပ်သား ရှစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်တာ၊ စစ်လက်နက်အင်အား အလွန်အကျွံသုံးပြီး စစ်ဘက် အရပ်ဘက် မခွဲခြားဘဲ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ကျန်းမာရေး ဝန်ထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးရတာတွေ ပါဝင်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ခရစ်ယာန်ပြည်နယ်တွေဖြစ်ကြတဲ့ ကယား၊ ချင်း နဲ့ ကချင် ပြည်နယ် တွေမှာ၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ တခြား အသင်းအပင်း လူမှုအဖွဲ့အစည်းတွေဟာ စစ်တပ်ရဲ့ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခံရတယ် လို့ ၂၀၂၂ က အမေရိကန် ခရစ်ယာန်အသင်းတော် စာစောင် UCA News က ရေးသားခဲ့ဖူးပါတယ်။

Download options
3 Sep 2026, 01:01 GMT RFA Burmese

မြန်မာလူငယ်တွေ တိုင်းတစ်ပါးနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်နေကြတာဟာ နိုင်ငံအတွက် အလွန်နစ်နာ ပြီး နိုင်ငံ့အရင်းအမြစ်တွေ များစွာဆုံးရှုံးရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။ ဩဂုတ်လ ၃၁ ရက်နေ့ နေပြည်တော်မှာကျင်းပတဲ့ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနဲ့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွေမှာ ထူးချွန်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ ဦးမင်းအောင်လှိုင်က အခုလို ပြောခဲ့တာပါ။ ဒါဟာ စစ်အာဏာသိမ်းမှုကြောင့် လူငယ်တွေအလုပ်အကိုင်အခွင့်အလမ်းတွေ ပျောက်ဆုံးခဲ့ပြီး ဖြစ်လာတဲ့ ပြည်တွင်းစစ်နဲ့ မတည်ငြိမ်မှုတွေ ကြောင့် ဘဝနဲ့ အသက်ပျက်ကြရတဲ့ လူငယ်တွေ၊ အတင်းအကြပ် စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ ပြည်ပကို ထွက်ပြေးရတာတွေ ဖြစ်နေခဲ့အပြီး ကာလအတန်ကြာမှာ အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သူ့အစိုးရအနေနဲ့ လူငယ်ရေးရာဝန်ကြီးဌာနကို အသစ်ဖွဲ့စည်းပြီး လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ လူငယ်တွေအနေနဲ့ နိုင်ငံက သင်ပေးလိုက်တဲ့ ပညာရပ်တွေနဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို အကျိုးပြုပြီး ပြန်လည်ကျေးဇူးဆပ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ သားသမီးတွေ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရမှာကို စိုးရိမ်တာအပါအဝင် လုံခြုံရေး၊ ပညာရေးနဲ့ စီးပွားရေးအခြေအနေတွေကြောင့် ပြည်ပပို့နိုင်ဖို့ ကြိုးစားနေတဲ့ မိဘတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် လုံခြုံရေးအာမခံချက်မရှိတော့တာကြောင့် အခွင့်အရေးရတာနဲ့ သားသမီးကို ပြည်ပပို့ဖို့ ကြိုးစားနေတဲ့ ရန်ကုန်မြို့ခံ မိဘတစ်ဦးက RFA ကို ပြောပါတယ်။ “လူငယ်တွေက ပြည်ပမထွက်ရင် ဘာမှကို အာမခံချက်မရှိတာပါ။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး ဘာမှမရှိပါဘူး။ အခု တချို့မိဘတွေဆို သူတို့သားသမီးတွေကို ပြည်ပမပို့နိုင်သေးလို့ အမြဲစိုးရိမ်နေကြတာပါ။ နေ့လာဆွဲမလား၊ ညလာဆွဲမလား စိုးရိမ်ထိတ်လန့်နေရပါတယ်။ လူလာမဆွဲရင်လည်း စစ်မှုထမ်းကြေးဆိုပြီး လူငယ်တွေရှိတဲ့အိမ်တွေက လစဉ် သောင်းချီ၊ သိန်းချီ တောင်းသလောက် ပေးနေရတာပါ။ အိမ်မှာနေလည်းမလုံခြုံ၊ ခရီးလည်းထွက်မရတဲ့ လူငယ်တွေအတွက်တော့ ပြည်ပထွက်တာ အလုံခြုံဆုံးလို့ပဲ မြင်ပါတယ်” ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ နိုင်ငံရေးပဋိပက္ခ၊ စီးပွားရေးအကျပ်အတည်းနဲ့ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုတွေကြောင့် ပြည်ပထွက်ခွာသူတွေ များလာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းစစ်တပ်ခေါင်ဆောင်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် စစ်မှုထမ်းရမှာကို ရှောင်ရှားဖို့ လူငယ်အများအပြား ပြည်ပထွက်ခွာခဲ့ကြတယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) နဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။ ၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အစီရင်ခံစာမှာလည်း စစ်မှုထမ်းဥပဒေ အသက်သွင်းမယ်လို့ ကြေညာပြီးနောက် လူငယ်အများအပြား နိုင်ငံကနေ ထွက်ခွာတာ ဒါမှမဟုတ် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေထဲ ဝင်ရောက်တာတွေ ဖြစ်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး လူငယ်တွေ ပြည်ပထွက်ခွာမှု များလာချိန်မှာပဲ စစ်တပ်ခန့်အစိုးရက စစ်မှုထမ်းအရွယ် အမျိုးသားတွေ ပြည်ပထွက်ပြီး အလုပ်လုပ်ခွင့်ကို နည်းမျိုးစုံနဲ့ကန့်သတ်တာတွေလည်း လုပ်ခဲ့ပါတယ်။ ILO ရဲ့ အစီရင်ခံစာတစ်စောင်မှာတော့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသားတွေ ပြည်ပရွှေ့ပြောင်းရတဲ့ အကြောင်းရင်းဟာ ပိုကောင်းတဲ့ အလုပ်အကိုင်နဲ့ ဘဝအခြေအနေကို ရှာဖွေဖို့တင် မဟုတ်တော့ဘဲ လုံခြုံရေးအခြေအနေ ဆိုးရွားလာတာ၊ စစ်ရေးပဋိပက္ခတွေနဲ့ ဖိနှိပ်မှုတွေကနေ ရှောင်ရှားဖို့လည်း ဖြစ်လာတယ်လို့ ဖော်ပြထားပါတယ်။ တစ်ဖက်မှာလည်း ပြည်တွင်းမှာ ကုန်ဈေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှုနဲ့ လုပ်ခလစာနည်းပါးမှု တွေကြောင့် လူငယ်နဲ့ အလုပ်သမားအများအပြားအတွက် စားဝတ်နေရေး ရပ်တည်ဖို့ ခက်ခဲနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အထည်ချုပ်စက်ရုံအပါအဝင် လုပ်ငန်းခွင်တချို့မှာ လုပ်ခလစာမလုံလောက်တာ၊ လုပ်ခလစာ ဖြတ်တောက်ခံ ရတာနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေရှိနေတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေကလည်း မကြာခဏ ထောက်ပြနေကြပါတယ်။ လူငယ်တွေ ပြည်ပထွက်အလုပ်လုပ်နေတာဟာ နိုင်ငံ့အရင်းအမြစ် ဆုံးရှုံးမှုဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေးအကျပ်အတည်းတွေအပြင် စစ်မှုထမ်းရမယ့်အရေး စိုးရိမ်မှုတွေဟာ လူငယ်တွေ ပြည်ပထွက်ခွာရတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်နေတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

Download options
3 Sep 2026, 00:57 GMT RFA Burmese

ရန်ကုန်တိုင်းမှာ HIV လူနာ ခုနစ်သောင်းကျော်ရှိနေ ပြီး ART (Antiretroviral Therapy) ဆေးပေးဌာနတွေနဲ့ ခုခံအားကျ၊ ကာလသား ရောဂါတိုက်ဖျက်ရေးဌာန ၆၂ ခုကနေ ဆေးဝါးတွေ အခမဲ့ပေးနေတယ်လို့ စစ်တပ်ခန့်အစိုးရအဖွဲ့ ရန်ကုန်တိုင်း လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ဩဂုတ်လ ၃၁ ရက်နေ့က ပြောပါတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝေယံပိုင်က HIV လူနာတွေအတွက် ART ဆေးဝါးတွေ မပြတ်လပ်အောင် ဘယ်လိုစီစဉ်ထားသလဲ၊ ဆေးထုတ်ယူရတာ ပိုအဆင်ပြေအောင် နေရာနဲ့အချိန်တွေ တိုးချဲ့ပေးဖို့ ရှိ၊ မရှိ ဩဂုတ် လ ၃၁ ရက်နေ့က စစ်တပ်က စီစဥ်ထားတဲ့ရန်ကုန်တိုင်းလွှတ်တော်မှာ မေးမြန်းခဲ့တာပါ။ ဒီမေးခွန်းကို လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ရန်ကုန်တိုင်းအတွင်း HIV လူနာ ၇၀,၂၅၃ ဦးရှိပြီး ခုခံအားကျ၊ ကာလသား ရောဂါ တိုက်ဖျက်ရေးဌာနတွေနဲ့ ART ဆေးပေးဌာန ၆၂ ခုကနေ ART ဆေးဝါးတွေ အခမဲ့ပေးနေ တယ်လို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။ ART ဆေးဝါးတွေ မပြတ်လပ်အောင် နှစ်စဉ်လိုအပ်မယ့် ဆေးပမာဏကို Forecasting Meeting တွေကနေ ကြိုတင်တွက်ချက်ဝယ်ယူနေသလို၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ART ဆေးဝယ် ယူရေး ဘဏ္ဍာငွေကို တခြားရောဂါတွေထက် ဦးစားပေးသုံးစွဲနေတယ်လို့ ဦးဗိုလ်ဌေးက ပြောပါတယ်။ ART ဆေးပေးဌာန ၆၂ ခုဟာ ရန်ကုန်တိုင်းအတွင်း မြို့နယ်အားလုံးနီးပါးကို လွှမ်းခြုံနိုင်ပြီး လူနာတွေအတွက် ဆေးထုတ်ယူရမယ့်အချိန်ကိုလည်း အဆင်ပြေအောင် ညှိနှိုင်းပေးနေတယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ HIV/AIDS ရောဂါတိုက်ဖျက်ရေးလုပ်ငန်းမှာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ ရန်ကုန်က ဝန်ထမ်းဟောင်း တစ်ဦးကတော့ နိုင်ငံတကာအကူအညီတွေ လျော့ကျလာတာကြောင့် HIV ကာကွယ်ရေးနဲ့ စစ်ဆေးရေး လုပ်ငန်းတွေ ထိခိုက်နေတယ်လို့ RFA ကို ပြောပါတယ်။ “အပြည်ပြည်ဆိုင်ရာ အကူအညီတွေ လျော့သွားတာကြောင့် မြန်မာနိုင်ငံမှာ HIV ကာကွယ်ရေးနဲ့ စစ်ဆေးရေးလုပ်ငန်းတွေ သိသိသာသာ ထိခိုက်နေတယ်လို့ ပြောချင်ပါတယ်။ သူတို့ အာဏာသိမ်းပြီးကတည်းက စထိခိုက်ခဲ့ရတာပါ။ အမေရိကန်ရဲ့ ကူညီထောက်ပံ့မှုမူဝါဒတွေ ပြောင်းသွားပြီးနောက်ပိုင်း INGO အချို့ရဲ့ HIV ဝန်ဆောင်မှုအချို့ ရပ်သွားသလို ART ဆေးပေးတဲ့ စခန်းအချို့လည်း ပိတ်လိုက်ရတော့ ပိုဆိုးပါတယ်” လက်ရှိမှာ ART ဆေးဝါးဖြန့်ဖြူးမှု အကြီးအကျယ် ပြတ်မသွားသေးပေမဲ့ HIV စစ်ဆေးတာနဲ့ ကူးစက်မှုကာကွယ်ဖို့ PrEP ဆေးပေးတဲ့ ဝန်ဆောင်မှုတွေကတော့ ထိခိုက်နေတယ်လို့ သူက ဆက်ပြောပါတယ်။ ၂၀၂၅ ခုနှစ် မတ်လမှာ ထုတ်ပြန်ထားတဲ့ UNAIDS အချက်အလက်တွေအရ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ အကူအညီဆိုင်ရာ မူဝါဒအပြောင်းအလဲကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံတကာအဖွဲ့အစည်းတွေပေးနေတဲ့ HIV ဝန်ဆောင်မှု တချို့ ရပ်ဆိုင်းခဲ့ပြီး ART ဆေးပေးတဲ့နေရာတချို့လည်း ပိတ်ခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီအချိန်အထိ ART ဆေးဝါးဖြန့်ဖြူးရေးမှာ အကြီးအကျယ်ပြတ်တောက်တာ မရှိသေးပေမဲ့ HIV စစ်ဆေးရေးနဲ့ ကူးစက်မှုကာကွယ်ရေးအတွက် PrEP ဝန်ဆောင်မှုတွေ ထိခိုက်ခဲ့တယ်လို့ UNAIDS က ဆိုပါတယ်။ HIV နဲ့ နေထိုင်သူတွေရဲ့ အမျိုးသားကွန်ရက်ဖြစ်တဲ့ Myanmar Positive Group (MPG) ကလည်း စစ်ရေးပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်မှု၊ လောင်စာရှားပါးမှုနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် HIV နဲ့ နေထိုင်သူတချို့အတွက် ဆေးကုသမှုနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ရယူဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဝေးလံခေါင်သီတဲ့ဒေသနဲ့ ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာဆိုရင် ART ဆေးရယူဖို့ ခရီးဝေးသွားရတာ၊ သွားလာစရိတ်များတာနဲ့ ဝန်ဆောင်မှုပြတ်တောက်တာတွေဟာ အဓိကအတားအဆီးတွေ ဖြစ်နေတယ်လို့ MPG က ထောက်ပြထားပါတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်းက ၇၀,၂၅၃ ဦးဆိုတဲ့ စာရင်းဟာ HIV နဲ့ နေထိုင်သူအားလုံးကို ခန့်မှန်းထားတဲ့ ကိန်းဂဏန်းလား၊ ကျန်းမာရေးစာရင်းထဲမှာ စာရင်းဝင်ထားသူတွေလား၊ ဒါမှမဟုတ် ART ကုသမှုခံယူနေသူ အရေအတွက်လားဆိုတာ လွှတ်တော်က ပြောဆိုထားတဲ့ အချက်အလက်တွေထဲ ရှင်းရှင်းလင်းလင်း ခွဲခြားထားတာ မတွေ့ရသေးဘူးလို့ HIV/AIDS ရောဂါတိုက်ဖျက်ရေးလုပ်ငန်း တာဝန်ထမ်းဆောင်ခဲ့သူတွေက ပြောပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ HIV ရောဂါဝန်ထုပ်ဝန်ပိုး မြင့်မားတဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။ WHO ရဲ့ ၂၀၂၂ ခုနှစ် ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှာ HIV နဲ့ နေထိုင်သူ ၂၈၀,၀၀၀ ခန့်ရှိပြီး အဲဒီနှစ်အကုန်မှာ လူ ၂၁၀,၀၀၀ နီးပါး ART ကုသမှု ဆက်လက်ခံယူနေတယ်လို့ ဆိုပါတယ်။

Download options
3 Sep 2026, 00:54 GMT RFA Burmese

စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ဟာ ဗီယက်နမ်နိုင်ငံကို စက်တင်ဘာလ ၄ ရက်ကနေ ၆ ရက်နေ့ အထိ တရားဝင်ခရီးစဉ် သွားရောက်မယ်လို့ ဗီယက်နမ်အစိုးရပိုင် သတင်းဌာန VNA က စက်တင်ဘာလ ၁ ရက်နေ့မှာ ဖော်ပြပါတယ်။ ခရီးစဉ်အတွင်း ဗီယက်နမ်သမ္မတ တိုလမ် (To Lam) နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အပြင် စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးမယ်လို့ စစ်တပ်ခန့်အစိုးရဘက်ကလည်း ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဦးမင်းအောင်လှိုင်ဟာ မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်ကို တက်ရောက်မှာဖြစ်ပြီး ဗီယက်နမ် နိုင်ငံမှာရှိတဲ့ ဒီဂျစ်တယ်နည်းပညာနဲ့ စက်မှုလုပ်ငန်းတွေကိုလည်း သွားရောက်လေ့လာမယ်လို့ ဆိုပါတယ်။ ဒီခရီးစဉ်မတိုင်ခင် ဩဂုတ်လ ၂၆ ရက်နေ့ကလည်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်ကို လာရောက်ပြီး နှစ်နိုင်ငံကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ တိုးမြှင့်ရေး ဆွေးနွေးခဲ့ တယ်လို့ ဗီယက်နမ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ ဦးမင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဉ်ဟာ အာဆီယံအဖွဲ့ဝင် မိတ်ဖက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ပြီး တရားဝင်မှုရရှိရေး ကြိုးပမ်းတဲ့ သဘောဖြစ်ပေမဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ် ကို အကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ မြန်မာ့နိုင်ငံရေးအခြေအနေမှာ ထူးခြားတဲ့ ပြောင်းလဲမှု ဖြစ်လာနိုင်မယ်လို့ မမြင်ကြောင်း သုံးသပ်ပါတယ်။ “အဓိကကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက တရုတ်နဲ့ နီးစပ်တဲ့ မိတ်ဖက်နိုင်ငံတွေဆီကနေ တရားဝင်မှု ရရှိဖို့ ဆက်တိုက်ကြိုးပမ်းလာတဲ့ သဘောသာဖြစ်ပေမဲ့ အာဆီယံရဲ့ 5PC ကို အကောင်အထည်မဖော်ဘဲနဲ့တော့ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေဟာ ထူးထူးခြားခြား ပြောင်းလဲသွားမယ်လို့ မထင်ပါဘူး။ ဗီယက်နမ်ဟာ အာဆီယံရဲ့ 5PC ကို ထောက်ခံတဲ့နိုင်ငံဖြစ်တဲ့အတွက် အခုလို ထိတွေ့ဆက်ဆံတာဟာ ထိုင်းလိုပဲ တစ်နိုင်ငံချင်း အနေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး 5PC အကောင်အထည်ဖော်ရေး ကြိုးပမ်းတဲ့သဘောလို့ မြင်ပါတယ်။ တခြားဖက်က ကြည့်ရင်လည်း စစ်တပ်ခန့်အစိုးရရဲ့ အခုလိုခရီးစဉ်တွေဟာ စီးပွားရေးအကျိုးအမြတ်ထက် သံတမန်ရေးအထီးကျန်မှုကို ကုစားဖို့နဲ့ ဒေသတွင်းမှာ သူတို့ကိုယ်သူတို့ တရားဝင်အစိုးရတစ်ရပ်အဖြစ် ပုံဖော်ဖို့ အခွင့်အလမ်းတစ်ခုအဖြစ် အသုံးချနေတာလို့ မြင်ပါတယ်” စစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းခဲ့တဲ့ စစ်တပ်ခန့်အစိုးရအဖွဲ့မှာ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ဟာ အိန္ဒိယ ၊ တရုတ် ၊ လာအို ၊ ထိုင်း ၊ ရုရှားနဲ့ ဘယ်လာရုစ် နိုင်ငံတွေကို သွားရောက်ခဲ့ပြီး အခု ဗီယက်နမ်ခရီးစဉ်ဟာ ခုနစ်နိုင်ငံမြောက် နိုင်ငံခြားခရီးစဉ် ဖြစ်လာပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအတွင်းမှာတော့ သုံးနိုင်ငံမြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပြီး အခုစက်တင်ဘာလ အတွင်းမှာပဲ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။ အာဆီယံအဖွဲ့ကတော့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ စစ်တပ်ခန့်အစိုးရကို ဆက်လက်တိုက်တွန်းထားပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း စစ်တပ်ခန့်အစိုးရရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေ တက်ရောက်ခွင့်ကို ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

Download options
2 Sep 2026, 19:08 GMT RFA Burmese

ဧရာဝတီတိုင်း လေးမျက်နှာ၊ ဟင်္သာတ၊ ရေကြည်နဲ့ ငသိုင်းချောင်းမြို့တွေမှာ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁၂ ဦးအထိ ရှိလာပြီလို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေက RFA ကို စက်တင်ဘာ ၂ ရက်နေ့မှာ ပြောပါတယ်။ ငသိုင်းချောင်းမြို့မှာ နှစ်ပတ်အတွင်း အသက် ၂ဝ ကျော်ကနေ ၃ဝ ကျော်အရွယ် လူငယ်အမျိုးသား ခြောက်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။ “ကျွန်တော် သိသလောက်ဆိုရင် သေဆုံးသူ ခြောက်ယောက် ရှိလာပြီ။ ငသိုင်းချောင်းကကြီးပဲ။ ဘယ်အရွယ်လောက်ရှိပြီလဲဆိုရင် အများစုက လူငယ်တွေပဲ။ အများဆုံးက ဒီကောင်လေးတွေက ၃၆နှစ် ၃၇ နှစ်လောက် ရှိမယ်။ တချို့ကောင်လေးတွေဆို ၂၀ ကျော်ပဲ ရှိတယ်။ ကျက်ကွင်းရွာက လှေမှောက်လို့ သုံးယောက် ဆုံးသွားတယ်။ တစ်နေ့က (သြဂုတ်လ ၃၁ ရက်) ပေါ့။ ရေကနစ်တာ ဝါးတစ်ပြန်လောက်တော့ ရှိမယ်။ အလောင်းတွေကတော့ မနေ့က (စက်တင်ဘာလ ၁ ရက်) ပြန်ရတယ်” ရေကြည်မြို့ပေါ်ရပ်ကွက်မှာလည်း ဩဂုတ် ၂၂ ရက် ညနေပိုင်းက ခြောက်တန်း ကျောင်းသားတစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေက ပြောပါတယ်။ ငသိုင်းချောင်းမြို့မှာ လက်ရှိ ရေ သုံးပေဝန်းကျင် ပြန်ကျသွားပေမယ့် နေအိမ်တွေနဲ့ လယ်ယာစိုက်ခင်းတွေ ရေနစ်မြုပ်နေဆဲဖြစ်တာကြောင့် ကယ်ဆယ်ရေးစခန်း ၁၁ ခု ဖွင့်လှစ်ထားရတယ်လို့ ဆိုပါတယ်။ ရေဘေးသင့်သူတွေအတွက် စားဝတ်နေရေးအခက်အခဲတွေ ရှိနေသလို သက်ကြီးရွယ်အိုတချို့လည်း ကျန်းမာရေးထိခိုက်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေက ပြောပါတယ်။ လေးမျက်နှာမြို့နယ်မှာတော့ ဇူလိုင် ၃၀ ရက်က ငဝန်မြစ်ရေကာတာ ကျိုးပေါက်ပြီးနောက် ဘေးလွတ်ရာ မရွှေ့ပြောင်းနိုင်တဲ့ သက်ကြီးရွယ်အို သုံးဦးနဲ့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူ လူငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုဆိုရင် သေဆုံးသူ ငါးယောက်လောက် ရှိပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “လေးမျက်နှာက ပထမပိုင်းမှာ သုံးယောက် ဆုံးသေးတယ်။ စပြီးတော့ တာကျိုးတုန်းက စိတ်မနှံ့တဲ့အဖွားကြီးတွေဘာတွေ အဲဒီမှာစောင့်တဲ့ သက်ကြီးရွယ်အို သုံးယောက် ဆုံးသွားတယ်။ ကယ်ဆယ်ရေးတစ်ယောက်လည်း ဆုံးသွားသေးတယ်။ ဟင်္သာတ လဟာပက တစ်ယောက်ဆုံးတယ်။ လောလောဆယ်သိရတာ ငါးယောက်လောက် ရှိတာပေါ့” လေးမျက်နှာနဲ့ ဟင်္သာတမြို့နယ်တွေမှာ ရေပြန်ကျလာပေမယ့် အနိမ့်ပိုင်းနေရာတွေမှာ ရေကျန်နေဆဲဖြစ်တာကြောင့် ရေဘေးသင့်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။ ကျုံပျော်မြို့နယ်မှာတော့ စက်တင်ဘာ ၂ ရက်နေ့အထိ ရေအနည်းငယ်သာ ပြန်ကျသေးပြီး ကျောင်းကုန်းမြို့နယ်မှာ လေးမျက်နှာနဲ့ ငသိုင်းချောင်းဘက်က စီးဆင်းလာတဲ့ ရေတွေ စုဝေးနေတာကြောင့် အရင်ကထက် ရေပိုကြီးနေတယ်လို့ ကျုံပျော်မြို့ခံတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်ကစပြီး လေးမျက်နှာ၊ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နဲ့ ကျောင်းကုန်းမြို့နယ်တွေမှာ ရေကြီးရေလျှံခဲ့တာကြောင့် လယ်ဧက တစ်သိန်းကျော် ရေနစ်မြုပ်ခဲ့တယ်လို့ ဆန်စပါးလုပ်ငန်းရှင်တွေက ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ မိုးကြီးတာအပြင် ဆည်တမံ၊ ရေလှောင်ကန်တွေကနေ ရေလွှတ်တာတွေကြောင့် ဧရာဝတီ၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းနဲ့ ကရင်ပြည်နယ်က မြို့နယ် ၂၅ မြို့နယ်မှာ ရေကြီးရေလျှံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီ ရေဘေးကြောင့် သေဆုံးသူ ၃၂ ဦး ၊ ပျောက်ဆုံးသူ နှစ်ဦးရှိခဲ့ပြီး လူဦးရေ ၆၁၉,၇၆၈ ဦး ရေဘေးသင့်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရေဘေးကြောင့် သေဆုံးသူတွေနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Download options
2 Sep 2026, 15:04 GMT RFA Burmese

စစ်လက်နက်ပစ္စည်းတွေနဲ့အတူ စစ်သုံ့ပန်းတွေကို ဖမ်းဆီးထားပြီး အဲဒီထဲမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေလည်း ပါဝင်ဟုဆို။

Download Video
RFA logo
Video
Credit: RFA Burmese
2 Sep 2026, 15:04 GMT RFA Burmese

(Updated – 3:34 AM Sep 3,2026) ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကို စစ်ကူပို့နေတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောတွေကို စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်သင်္ဘောနှစ်စင်း ထပ်မံပျက်စီးပြီး စစ်သုံ့ပန်းရာနဲ့ချီ ဖမ်းဆီးမိခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ရေးသတင်းရင်းမြစ်တွေက RFA ကို အတည်ပြုပြောပါတယ်။ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေက ဆင်ခန်းတံတားအကျော် ဘူးတောင်ကျေးရွာအနီးမှာ သောင်တင်ပိတ်မိနေချိန် KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်သင်္ဘောနှစ်စင်း ထိခိုက်ပျက်စီးခဲ့ပြီး သင်္ဘောပေါ်မှာ ပါလာသူ ရာနဲ့ချီ ဖမ်းဆီးရမိခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ “ရွှေတွေတူးထားတော့ မြစ်ကြောင်းမှာ သောင်တွေထွန်းတော့ သောင်တင်သွားတာ။ ဒီမနက် ၆ နာရီကတည်းက ရွှေကူကနေ စစ်သင်္ဘောတွေ စထွက်တာ။ သင်္ဘောဝမ်းဗိုက်ပေါ်နဲ့သောင်နဲ့ထိပြီး လှုပ်မရပြုမရချိန် KIA နဲ့ ပူးပေါင်းတပ်တွေက ညှပ်ပိတ်ပြီး ပစ်တော့ အင်ဂျင်ခန်းတွေ မီးလောင်ပြီးပျက်စီးတာ။ နှစ်စင်းက အလံဖြူထောင်ပြီး ပူးပေါင်းလာတယ်။ နောက် ငါးစင်းကတော့ အောက်ကိုပြန်မျောသွားတယ်။ တချို့တွေလည်း သင်္ဘောပေါ်က ခုန်ချကြတာတွေရှိတယ်” လက်ရှိမှာ သိမ်းဆည်းရမိထားတဲ့ စစ်သင်္ဘောတွေပေါ်က စစ်လက်နက်ပစ္စည်းတွေနဲ့အတူ စစ်သုံ့ပန်းတွေကို ဖမ်းဆီးထားပြီး အဲဒီအထဲမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ သူတို့အားလုံးကို လေကြောင်းအန္တရာယ်ကင်းတဲ့ နေရာတွေမှာ ထိန်းသိမ်းထားပြီး ဖမ်းဆီးရမိသူ အရေအတွက်အတိအကျကိုတော့ မသိရသေးဘူးလို့ အဲဒီစစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။ ဖမ်းဆီးရမိသူတွေထဲက ထိခိုက်ဒဏ်ရာရထားသူတွေကို ဆေးကုသပေးနေပေမဲ့ စစ်တပ်က ဂျက်တိုက်လေယာဉ်တွေ အသုံးပြုပြီး လေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်နေတာကြောင့် အချိန်မီဆေးကုသခွင့်မရဘဲ သေဆုံးသူတချို့လည်း ရှိတယ်လို့ သူက ပြောပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ KIA နဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်မှုကြောင့် အခုဆိုရင် မန္တလေးကနေ ဗန်းမော်ဘက် ဆန်တက်လာတဲ့ စစ်သင်္ဘောတွေထဲက အနည်းဆုံး ရှစ်စင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ RFA ကို ပြောပါတယ်။ “သင်္ဘောတွေတော်တော်များများကတော့ ၆ စီး ၈ စီးလောက်ကတော့ ခုလောလောဆယ်ကတော့ မောင်းလို့မရတဲ့ အနေအထားရှိပါတယ်။ အဲဒါကြောင့် တိုက်ပွဲလည်းဆက်ဖြစ်နေပါတယ်” ဩဂုတ် ၂၇ ရက်နေ့ကနေ စက်တင်ဘာ ၂ရက်နေ့အတွင်း တိုက်ခိုက်မှုတွေမှာ စစ်တပ်သုံး သင်္ဘော ရှစ်စင်း ပျက်စီးသွားတာဖြစ်ပါတယ်။ ဗန်းမော်မြို့ဟာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြို့တစ်မြို့ဖြစ်သလို နိုင်ငံရေးနဲ့ စစ်ရေးအရလည်း အရေးပါတဲ့နေရာဖြစ်တာကြောင့် စစ်တပ်က အလုံးစုံထိန်းချုပ်နိုင်ရေး နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတာလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်ကတည်းက မန္တလေးဘက်ကနေ ဗန်းမော်မြို့ကို စစ်ကူပို့ဆောင်ဖို့ စစ်လက်နက်၊ ရိက္ခာနဲ့ လူအင်အား ရာနဲ့ချီ သယ်ဆောင်လာတဲ့ စစ်သင်္ဘော ၁၄ စင်းဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရ ပြောရေးဆိုခွင့်ရှိသူ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး မျိုးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။ (မှတ်ချက် - ဤသတင်းတွင် KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ၏ပြောစကားကို ပြင်ဆင်ဖော်ပြထားပါသည်။)

Download options
1 Sep 2026, 22:37 GMT RFA Burmese

စီးပွားရေးနဲ့ စားဝတ်နေရေးခက်ခဲနေတဲ့ မြန်မာပြည်သူတွေ အတွက် ရပ်ကွက်နဲ့ ကျေးရွာအဆင့် အုပ်ချုပ်ရေး အဖွဲ့တွေရဲ့ ပုံစံအမျိုးမျိုးနဲ့ ငွေကြေးတောင်းတာတွေကြောင့် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနေပါတယ်။ ကြောင်း သတင်းပေးပို့ချက်နဲ့ ထူးခြားတဲ့ သတင်းတွေကို တင်ပြထားပါတယ်။ RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၃၀ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။ ။

Download options
1 Sep 2026, 19:20 GMT RFA Burmese

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးချိန် ရပ်ရွာတွေထဲကို စီးနင်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး နောက်ထပ် ၂၀ ခန့် ဒဏ်ရာရထားသလို နေအိမ်တချို့လည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက စက်တင်ဘာလ ၁ ရက်နေ့မှာ RFA ကို ပြောပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ မနက် ၈ နာရီခန့်မှာ မုံရွာမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပြီးနောက် ပြန်ဆုတ်လာတဲ့ စစ်တပ်စစ်ကြောင်းက ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာထဲကို ဝင်ရောက်ချိန် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ဖခင်ဖြစ်သူ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “တိုက်ပွဲတွေဖြစ်တော့ ပြည်သူတွေက ရှောင်ကြတာပေါ့ဗျာ။ အဲဒါ ဆိုင်ကယ် နှစ်ယောက်ပိုစီးတယ်ဆိုပြီး ပစ်လိုက်တာ၊ သားအဖနှစ်ယောက်သေတယ်။ နောက်ထပ် ရွာသားတွေလည်း ဒဏ်ရာရတယ်။ ပြီးတော့ နွားလေးကောင်သေသွားတယ် တမင်သက်သက် သေနတ်နဲ့ ပစ်သတ်ခဲ့တာ။ အခုက စစ်ကြောင်းထိုးတဲ့နေရာမှာရော၊ စစ်ကြောင်းမထိုးသေးတဲ့ အနီးတစ်ဝိုက်မှာရော တိုက်ပွဲတွေဖြစ်နေတာ” ဩဂုတ်လ ၃၀ ရက်နေ့ကလည်း စစ်တပ်စစ်ကြောင်းထိုးနေတဲ့ ချောင်းဦးမြို့နယ်၊ ကျီကုန်းအရှေ့ရွာနဲ့ အနောက်ရွာအနီးတစ်ဝိုက်ကို ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်ချိန် အရပ်သား ၉ ဦး ဒဏ်ရာရခဲ့ပြီး စစ်ကြောင်းနဲ့ တိုးတဲ့ အမျိုးသားတစ်ဦးလည်း ပစ်သတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဩဂုတ်လ ၃၁ ရက်နေ့ ညနေပိုင်းမှာတော့ စစ်တပ်စစ်ကြောင်း ရောက်နေတဲ့ ရွှေဒါးကျရွာထဲက နေအိမ် ၁၀ လုံးထက်မနည်း ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကြောင်းစထွက်တဲ့ ဩဂုတ်လ ၂၉ ရက်နေ့ကတည်းက ဒေသခံ ၅၀ ခန့် စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်ခံရပြီး လက်ရှိအချိန်ထိ ပြန်မလွတ်သေးဘူးလို့လည်း ဆိုပါတယ်။ စစ်ကြောင်းထိုးတဲ့ ဩဂုတ်လ ၂၉ ရက်နေ့ကနေ စက်တင်ဘာလ ၁ ရက်နေ့အထိ လေးရက်အတွင်းမှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကြောင်းထိုးရာနေရာတွေ၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်ထဲက စစ်တပ်အထိုင်ချရာနေရာတွေမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။ တိုက်ပွဲတွေနဲ့ စစ်တပ်စစ်ကြောင်းထိုးနေတာတွေကြောင့် မုံရွာနဲ့ ချောင်းဦးမြို့နယ်ထဲမှာရှိတဲ့ ရွာ ၁၅ ရွာခန့်က ဒေသခံ ရှစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာနေရသူ ၄ သန်းကျော် (၄,၀၃၁,၀၀၀ ဦး) ရှိနေပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက ၁ သန်းကျော် (၁,၃၄၆,၁၀၀ ဦး) ပါဝင်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့အထိ စာရင်းမှာ ဖော်ပြထားပါတယ်။

Download options
1 Sep 2026, 19:05 GMT RFA Burmese

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာက အုပ်ချုပ်ရေးမှူးအပါအဝင် ရွာခံ ၁၂ ဦးကို ဩဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကိုင် လူတစ်စုက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၄ နာရီခန့်မှာ အင်အား ၄၀ ခန့်ရှိတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုက ကား လေးစီး၊ ဆိုင်ကယ်တွေနဲ့ ဝင်ရောက်လာပြီး ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။ သတ်ဖြတ်ခံထားရသူတွေဟာ စစ်တပ်နဲ့ ပတ်သက်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါ ဆက်နွယ်တဲ့သူတွေ ဖြစ်ကြပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့လဲဆိုတာ မသိရသေးဘူးလို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။ “ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ၊ ဒလန်သတင်းပေး၊ ပြည်သူ့စစ်တွေလို့ ပြောတာပဲဗျ။ တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မဟုတ်သေးတော့ ဘယ်အဖွဲ့က လုပ်သွားလဲဆို တိတိကျကျ မသိရသေးဘူးပေါ့နော်” သေဆုံးခဲ့သူတွေဟာ မလှိုင်မြို့တောင်ဘက် မိတ္ထီလာမြို့အနီး စစ်တပ်စိုးမိုးထားတဲ့ ထမ္မကြီးကျေးရွာက ပြည်သူ့လုံခြုံရေး၊ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ (ပလကဖ) အဖွဲ့ဝင်တွေဖြစ်ပြီး သတ်ဖြတ်ခဲ့တဲ့ Guardians Of Mahlaing အဖွဲ့က စစ်ရေးပစ်မှတ် ဖြစ်တာကြောင့် ရှင်းလင်းခဲ့တာလို့ ဒေသတွင်း သတင်းတွေက ရေးသားထားပါတယ်။ ဒီ Guardians Of Mahlaing အဖွဲ့ကို RFA က စာပို့ မေးမြန်းရာမှာတော့ ပြည်သူ့စစ်အဖွဲ့တွေကို တော်လှန်ရေးအင်အားစုတွေက မနက်စောစောပိုင်းအချိန်မှာ အလစ်အငိုက် ဝင်ရောက်စီးနင်းပြီး ပစ်ခတ်သွားတာလို့ ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်ခန့် အစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသလို စစ်တပ်သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်လူမှုကွန်ရက် စာမျက်နှာတွေမှာတော့ ရွာသား ၁၂ ဦးကို PDF တွေက သတ်ဖြတ်ခဲ့တာလို့ ရေးသားထားပါတယ်။ လတ်တလောမှာ စစ်တပ်က မလှိုင်မြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေသလို ထမ္မကြီးရွာ အနီးတဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ မလှိုင်မြို့နယ်ကို ဩဂုတ်လအတွင်းမှာ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် လယ်ဗျားရွာ၊ မိတ်ကုန်းရွာ၊ တောင်ရိုးတဲရွာနဲ့ကျောက်တန်းရွာ စတဲ့ ရွာပေါင်း ၄ ရွာက အိမ် ၄၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ပြီး နေအိမ်တွေထဲက အဖိုးတန် ပစ္စည်းတွေလည်း ယူဆောင်ခံရတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ကစပြီး ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဘက်က လာတဲ့ စစ်ကြောင်းဟာ ကျောက်ပန်းတောင်း၊ တောင်သာနဲ့ မလှိုင် စတဲ့ သုံးမြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့တာကြောင့် ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Download options
1 Sep 2026, 18:40 GMT RFA Burmese

တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ စစ်တပ်ခန့်အစိုးရက အကြီးစားစစ်ဆင်ရေးလုပ်ခဲ့ပြီး လူသားချင်းစာနာမှု အကူအညီပေးနေသူ သုံးဦးအပါအဝင် အရပ်သားအနည်းဆုံး ငါးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ Fortify Rights အဖွဲ့က ဩဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဇွန်လ ၂၄ ရက်နေ့မှာ တနင်္သာရီတိုင်းကို သွားရောက်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းအပါအဝင် မဟာဗျူဟာ စီးပွားရေးစီမံကိန်းတွေကို လုံခြုံရေးယူဖို့နဲ့ အမှတ် ၈ အမျိုးသားလမ်းမကြီးတစ်လျှောက် တော်လှန်ရေးတပ်ဖွဲ့တွေကို ချေမှုန်းဖို့ ညွှန်ကြားခဲ့တယ်လို့ Fortify Rights က ဆိုပါတယ်။ အဲဒီနောက် နှစ်ပတ်ခန့်အကြာမှာ အကြီးစားစစ်ဆင်ရေး စတင်ပြီး အဲဒီစစ်ဆင်ရေးအတွင်း နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရသလို ဒေသခံ ထောင်နဲ့ချီ နေရပ်စွန့်ခွာခဲ့ရတယ်လို့ Fortify Rights က ဆိုပါတယ်။ Fortify Rights အဖွဲ့ရဲ့ စုံစမ်းချက်အရ ဇူလိုင်လ ၉ ရက်နေ့မှာ ရေဖြူမြို့နယ် ခမောင်းချောင်း ကျေးရွာအနီး စစ်တပ်ခန့်အစိုးရက ခရီးသည်တင်ယာဉ် ခြောက်စီးကို တားဆီးပြီး ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေကို ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံရသူတွေထဲမှာ The Ants လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့ဝင် အသက် ၂၄ နှစ်အရွယ် အသာ၊ လီယွန်နဲ့ အသက် ၁၉ နှစ်အရွယ် မြတ်သူတို့ ပါဝင်ပြီး သူတို့သုံးဦးရဲ့ ရုပ်အလောင်းတွေကို ဇူလိုင်လ ၂၀ ရက်နေ့မှာ ဧကနိနဲ့ ဝဇွန်းတောကျေးရွာကြားက ဆီအုန်းခြံတစ်ခုမှာ ပြန်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ရုပ်အလောင်းတွေမှာ လည်ပင်း၊ ဦးခေါင်းနဲ့ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေ ရှိနေပြီး အဲဒီအနီးမှာပဲ အနောက်ဆန်းချီကျေးရွာက စိုက်ပျိုးရေးလုပ်သားတစ်ဦးရဲ့ ရုပ်အလောင်းကိုလည်း တွေ့ရှိခဲ့တယ်လို့ Fortify Rights က ပြောပါတယ်။ Fortify Rights ဟာ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်း အသက်ရှင်လွတ်မြောက်လာသူတွေ၊ ဒေသခံတွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးသူတွေအပါအဝင် လူ လေးဦးကို တွေ့ဆုံမေးမြန်းခဲ့သလို သေဆုံးသူတွေရဲ့ ဓာတ်ပုံတွေနဲ့ မီးရှို့ခံထားရတဲ့ နေအိမ် ဓာတ်ပုံတွေကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ဝဇွန်းတောနဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံတွေရဲ့ ပစ္စည်းတွေလည်း လုယူခံခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ခန့်မှန်းချက်အရ နေအိမ် အလုံး ၂၀ ကနေ ၃၀ ဝန်းကျင်အထိ မီးရှို့ခံခဲ့ရပြီး နောက်ပိုင်းမှာ ဆေးခန်းတစ်ခုနဲ့ နေအိမ်နှစ်လုံးကိုပါ ထပ်မံမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်စစ်ကြောင်းတွေ ဒေသတွင်း ဆက်လက်လှုပ်ရှားနေတာကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်သေးသလို ပျောက်ဆုံးနေသူတွေကိုလည်း ရှာဖွေနိုင်ခြင်းမရှိသေးတာကြောင့် အမှန်တကယ် သေဆုံးသူအရေအတွက်ဟာ လက်ရှိအတည်ပြုထားတာထက် ပိုများနိုင်တယ်လို့ Fortify Rights က သတိပေးထားပါတယ်။ ဒီစစ်ဆင်ရေးတွေ ဖြစ်ပွားနေတဲ့နေရာဟာ ရုရှားရင်းနှီးမြှုပ်နှံမှုနဲ့ ပြန်လည်အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းအနီးမှာ ဖြစ်ပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ ထားဝယ်အထူးစီးပွားရေးဇုန်ကို သာမန်စီးပွားရေး စီမံကိန်းတစ်ခုအဖြစ်ပဲ ကြည့်လို့မရတော့ဘဲ စစ်တပ်ခန့်အစိုးရအတွက် မဟာဗျူဟာအရ အရေးပါတဲ့ နယ်မြေတစ်ခု ဖြစ်လာနေတယ်လို့ RFA ကိုပြောပါတယ်။ “ထားဝယ် SEZ မှာ ရေနက်ဆိပ်ကမ်း၊ စွမ်းအင်စီမံကိန်းတွေနဲ့ အဓိကသယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းတွေ ပါဝင်နေတာကြောင့် စစ်ကောင်စီအတွက် ဒီဒေသကို ထိန်းချုပ်ထားနိုင်ဖို့ ပိုအရေးကြီးလာပါတယ်။ ရုရှားနဲ့ စီမံကိန်းတွေ ပြန်အကောင်အထည်ဖော်ဖို့ ကြိုးစားလာတဲ့အချိန်မှာ အခုလို စစ်ရေးလှုပ်ရှားမှုတွေ တိုးလာတာနဲ့ စီမံကိန်းလုံခြုံရေးကြား ဆက်စပ်မှုရှိနိုင်တယ်လို့ သုံးသပ်နိုင်ပါတယ်။ ဒါပေမဲ့ ရုရှားရင်းနှီးမြှုပ်နှံမှုကြောင့်ပဲ ဒီစစ်ဆင်ရေးတွေ ဖြစ်လာတယ်လို့ တိုက်ရိုက်ကောက်ချက်ချဖို့တော့ နောက်ထပ်အထောက်အထားတွေ လိုပါတယ်။” ထားဝယ်အထူးစီးပွားရေးဇုန်ကို မြန်မာနဲ့ ထိုင်းတို့ ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရပ်တန့်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာတော့ ရုရှားနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာလည်း ရုရှားအစိုးရထိန်းချုပ်ထားတဲ့ စွမ်းအင်ကုမ္ပဏီ Inter RAO နဲ့ မြန်မာဘက်က လောင်းလုံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီတို့ ထားဝယ်ရေနက်ဆိပ်ကမ်း ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ Fortify Rights အဖွဲ့ ထုတ်ပြန်ချက်အရ ထားဝယ်စီမံကိန်းမှာ ရေနက်ဆိပ်ကမ်းအပြင် မဂ္ဂါဝပ် ၆၆၀ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနဲ့ ရေနံချက်စက်ရုံအပါအဝင် အကြီးစားစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စီစဉ်ထားပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ ပဋိပက္ခဖြစ်နေတဲ့ဒေသမှာ အကြီးစားစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ နယ်မြေကို စစ်ရေးနည်းလမ်းနဲ့ ထိန်းချုပ်တာမျိုး ဖြစ်လာရင် ဒေသခံတွေ နေရပ်စွန့်ခွာရတာနဲ့ ပဋိပက္ခ ပိုဆိုးလာနိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒါကြောင့် ရုရှားအပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ပါဝင်ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံတွေနဲ့ ကုမ္ပဏီတွေအနေနဲ့ ဒေသခံတွေရဲ့ မြေယာအခွင့်အရေး၊ လုံခြုံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အန္တရာယ်တွေကို သေချာစိစစ်ဖို့လိုတယ်လို့လည်း သူက ထောက်ပြပါတယ်။ Fortify Rights အဖွဲ့ကတော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူသားချင်းစာနာမှု အကူအညီပေးသူတွေကို တမင်သတ်ဖြတ်တာ၊ အရပ်သားတွေနဲ့ အရပ်သားပိုင်နေရာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာတွေဟာ စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့ ထောက်ပြထားပါတယ်။ ရေဖြူမြို့နယ်တချို့မှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားနေပေမဲ့ အခုဖြစ်စဉ်တွေ ဖြစ်ပွားချိန်မှာ တိုက်ခိုက်ခံရတဲ့ ကျေးရွာတွေထဲ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနေတယ်ဆိုတဲ့ သက်သေအထောက်အထား မတွေ့ရဘူးလို့လည်း Fortify Rights က ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရပြောရေးဆိုခွင့်ရှိသူ တနင်္သာရီတိုင်း၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ စစ်တပ်ခန့်အစိုးရဦးဆောင်တဲ့ တခြားဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ ပါဝင်ဖို့ စီစဉ်နေတဲ့ အစိုးရတွေနဲ့ ကုမ္ပဏီတွေအနေနဲ့ ပြန်လည်သုံးသပ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်မှု မရှိစေဖို့ ဆောင်ရွက်သင့်တယ်လို့ Fortify Rights က တိုက်တွန်းထားပါတယ်။

Download options