US Agency for Global Media USAGM

News and Information from Around the World

92 Items
1 Sep 2026, 17:37 GMT RFA Burmese

ကယား(ကရင်နီ)ပြည်နယ် မော်ချီးမြို့ကို စစ်တပ်က စက်တင်ဘာလ ၁ ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေအပါအဝင် အရပ်သား ၆ ဦးသေဆုံးပြီး အနည်းဆုံး ၇ ဦး ဒဏ်ရာရထားတယ်လို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က RFA ကို ပြောပါတယ်။ စစ်တပ်က ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ မော်ချီးမြို့ အပေါ်ကုန်းနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာဖြစ်ပြီး နေအိမ်အဆောက်အအုံတွေလည်း ပျက်စီးခဲ့တယ်လို့ ကို ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။ “ဒီညနေ(စက်တင်ဘာ ၁ရက်) ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီကနေ ဂျက်ဖိုက်တာ ၂ စီးနဲ့ နှစ်နေရာ ဗုံးကြဲတယ်။ လက်ရှိအချိန်ထိ ၆ ဦးသေဆုံးတယ်ဆိုတာ အတည်ပြုလို့ရတယ်။ ထိခိုက်ဒဏ်ရာရတာလည်း ၆ ဦး၊ ၇ ဦးရှိပါတယ်။ ပျက်စီးမှုတွေကလည်း တော်တော်များပါတယ်” ဩဂုတ်လ ၂၈ ရက်နေ့ ညပိုင်းကလည်း နန်းမယ်ခုံ မြို့နယ်ထဲက ရွာတစ်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၁၀ လုံးခန့် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဩဂုတ်လ ၄ ရက်နေ့ကနေ ၂၅ ရက်နေ့အတွင်းမှာလည်း ဖရူဆို၊ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေထဲမှာ စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဒရုန်းတွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ၆ လသားအရွယ် ကလေးငယ်အပါအဝင် အရပ်သား ၉ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၃၁ ရက်အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆,၀၆၂ ဦးအထိ ရှိခဲ့ပါတယ်။

Download options
31 Aug 2026, 21:40 GMT RFA Burmese

မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ နိုင်ငံရေးအကျဥ်းသားအခွင့်အရေးတွေအတွက် ဦးဆောင် ကြိုးပမ်းလုပ်ကိုင် နေတဲ့ မြန်မာနိုင်ငံနိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) က ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးဘိုကြည်ကို ဖိလစ်ပိုင်နိုင်ငံ အ‌ြေခစိုက် ရာမွန်မက်ဆေးဆေး (Ramon Magsaysay) ဆုကို ချီးမြှင့်လိုက် ပါတယ်။ ဦးဘိုကြည်နဲ့ အတူ ပင်လယ်ရေကြောင်းဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတကာဥပဒေချမှတ်နိုင်ရေး ဦးဆောင် ကြိုးပမ်းခဲ့တဲ့ စင်္ကာပူရှေ့နေနဲ့ သံတမန်တစ်ဦးဖြစ်သူ တွမ်မီကိုး၊ ဘင်္ဂလားဒေ့ရှ် လူမှုဝန်ထမ်း နဲ့ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်သူ ရူနာခန်းတို့ကိုလည်း ၂၀၂၆ အတွက် ရာမွန်မက်ဆေးဆေးဆုကို ချီးမြင့်မယ်လို့ အဖွဲ့က သြဂုတ်လ ၃၁ ရက်နေ့မှာ ကြေညာပါတယ်။ အာရှရဲ့ နိုဘဲလ်ဆိုလို့ တင်စားခံရတဲ့ ဒီဆုဟာ ၁၉၅၇ ခုနှစ်က လေယာဥ်ပျက်ကျ ကွယ်လွန်ခဲ့တဲ့ ပြည်သူချစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရာမွန်မက်ဆေးဆေးကို ဂုဏ်ပြုအမည်ပေးထားတဲ့ ဒီဆုကို အာရှနိုင်ငံတွေက ကိုယ်ကျိုးမဖက်ဘဲ အများအတွက် စိတ်ဓာတ်မြင့်မားကြီးကျယ်သူတွေကိုကို ဂုဏ်ပြုချီးမြှင့်တာဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံသား ရှေ့နေနဲ့ သံတမန်တစ်ဦးဖြစ်သူ အသက် ၈၈ နှစ်အရွယ်ရှိ တွမ်မီကိုး (Tommy Koh) ဟာ နိုင်ငံတကာ တရားဥပ‌ဒေစိုးမိုးရေးနဲ့ နိုင်ငံတကာ စေ့စပ်ညှိနှိုင်းရေးတွေကို ဦးဆောင်ကြိုးပမ်းခဲ့မှုအတွက် ဒီဆုကို ချီးမြှင့်တာဖြစ်ပြီး ၁၉၈၂ ခုနှစ်က ကုလသမဂ္ဂက ချမှတ်ခဲ့တဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ဥပဒေစာချုပ် ချမှတ်နိုင်အောင် ဦးဆောင်ခဲ့သူတစ်ဦးအဖြစ် ထင်ရှားပါတယ်။ ဒီဘဘောတူစာချုပ်ကြောင့် ၂၀၁၆ သည်ဟိတ်ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တရုတ်နိုင်ငံနဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရုနိုင်း၊ ထိုင်ဝမ်တို့ အကြား တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှု အငြင်းပွားတာကို ဖြေရှင်းနိုင်ခဲ့တာလို့ ဆုရွေးခြယ်ရေးအဖွဲ့က ပြောပါတယ်။ အသက် ၆၁ နှစ်အရွယ် မြန်မာလူ့အခွင့်အရေးလှုပ်ရှားသူ ဦးဘိုကြည်ကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နဲ့ အခွင့်အရေးတွေ ကာကွယ်စောင့်‌ရှောက်ရေး လှုပ်ရှားမှုတွေနဲ့ ခေတ်အဆက်ဆက် မြန်မာအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို နှစ်ကြိမ်ခံခဲ့ရပြီး အကျဥ်းထောင်မှာ ခုနစ်နှစ် ပြစ်ဒဏ်ခံခဲ့ရသူဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ နိုင်ငံအရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ) ကို တခြား နိုင်ငံရေးအကျဥ်းသား ဟောင်းတွေနဲ့ အတူ ဖွဲ့စည်းခဲ့ပြီး အခုအချိန်အထိ ဘဝကို မြုပ်နှံပြီး မတရားဖမ်းဆီးချုပ်နှောင်အကျဥ်းချခံရ သူတွေကို မှတ်တမ်းတင်တာ၊ အဖမ်းဆီးခံရသူတွေနဲ့ မိသားစုတွေကို ကူညီထောက်ပံ့တာတွေနဲ့ စစ်အာဏာပိုင်တွေလက်အောက်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ ဘဝကို ကမ္ဘာကသိအောင် လှုပ်ရှားဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။ အသက် ၆၇ နှစ်အရွယ် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသူ လူမှုဝန်ထမ်းကယ်ဆယ်ရေးလုပ်ကိုင်နေတဲ့ ရူနာခန်း (Runa Khan) ကတော့ နိုင်ငံရဲ့ အဆင်းရဲတကာ့ အဆင်းရဲဆုံးပြည်သူတွေကို ကရုဏာကြီးစွာနဲ့ ကူညီစောင့်ရှောက်ကယ်ဆယ် ပေးခဲ့တဲ့အတွက် အခုလို ဆုချီးမြှင့်တာလို့ သိရပါတယ်။ ကြွယ်ဝတဲ့ မိသားစုက ဆင်းသက်လာသူဖြစ်ပေမယ့် ၁၉၇၉ မှာ ကျောင်းဆရာမအဖြစ်နဲ့ ဆင်းရဲသားကလေးတွေကို ပညာသင်ပေးခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ ဘင်္ဂလား‌ဒေ့ရှ် မိတ်ဆွေအသင်း (Friendship Bangladesh) ကိုထူထောင်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကလေးသူငယ်တွေကို ပညာသင်ပေးရေး၊ အမျိုးသမီးစွမ်းဆောင်ရည်မြှင့်မားရေးနဲ့ အသက်မွေးဝမ်းကျောင်း အခွင့်အလန်းတွေ ရှာဖွေဖန်တီးရေးနဲ့ အပစ်ပယ်ခံတွေကို တရားမျှတမှုရရှိအောင် ကူညီပေးရေးတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ အဖွဲ့မှာ ဝန်ထမ်း ၇၅၀၀ ရှိပြီး ဆေးရုံ နှစ်ရုံ၊ ရေပေါ်ဆေးရုံသင်္ဘော ခုနစ်စီး၊ ရွေ့လျားဆေးခန်း ၅၅၀ ရှိတယ်လို့ သိရပါတယ်။ အခုနှစ်အတွက် ဆုပေးပွဲကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာရှိ မြို့တော်ကဇာတ်ရုံ (Metropolitan Theatre) မှာ ကျင်းပမှာဖြစ်ပြီး ဆုတံဆိပ်တစ်ခု၊ ဂုဏ်ပြုဘွဲ့လက်မှတ်တစ်စောင်နဲ့ အရေအတွက် ထုတ်ဖော်ကြေညာခြင်းမရှိတဲ့ ငွေသားဆုတို့ပါဝင်မယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်နို်ငငံ အခြေစိုက်တဲ့ မက်ဆေးဆေးဆုကို အရင်က မြန်မာနိုင်ငံက လူမှုဝန်ထမ်းဆောင်ရွက်သူတွေ ချီးမြှင့််ခံရဖူးပါတယ်။ အရင်က ရာမွန်မက်ဆေးဆေးဆု ရရှိခဲ့တဲ့ပုဂ္ဂိုလ်တွေကတော့ ၁၉၅၉ ခုနှစ်မှာ သတင်းစာဆရာဦးလောရုံ၊ ပရဟိတသမား ဒေါ်တီးတီး၊ ၂ဝဝ၂ ခုနှစ်မှာ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင် ၊ ၂ ဝဝ၉ ခုနှစ်မှာ လူ့အခွင့်အရေးလှုပ်ရှားသူ ကစောဝါး ၊ ၂၀၁၃ ခုနှစ်မှာ ကချင်ပြည်နယ် မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ကချင်အမျိုးသမီး Laphai Seng Raw ၊ ၂၀၁၅ ခုနှစ်မှာ ရန်ကုန် နာရေးကူညီမှုအသင်း ဥက္ကဌ ရုပ်ရှင်မင်းသား ဦးကျော်သူ ၊ ၂၀၁၉ မှာ မြန်မာနိုင်ငံက Myanmar Now သတင်းဌာန အယ်ဒီတာ ကိုဆွေဝင်း တို့ကို မက်ဆေးဆေးဆုချီးမြှင့်ခဲ့ဖူးပါတယ်။

Download options
31 Aug 2026, 17:55 GMT RFA Burmese

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မြောက်ပိုင်း မရှိန်းလှော်အုပ်စု၊ ဝုမ်းခုမ်ကျေးရွာကို ဩဂုတ်လ ၃၀ ရက် ညနေ ၅ နာရီကျော်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ရှစ်ဦး သေဆုံးပြီး အနည်းဆုံး ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး (CPU) က ဩဂုတ်လ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ချင်းပြည်သူ့အစည်းအရုံး (CPU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝုမ်းခုမ်ကျေးရွာကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ် နှစ်စင်းက ပေါင် ၅၀၀ ဗုံး လေးလုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မူလတန်းအရွယ် ကျောင်းသား နှစ်ဦး၊ နဝမတန်းကျောင်းသား တစ်ဦးနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ဒေသခံ ရှစ်ဦး သေဆုံးခဲ့တယ်လို့ အဲဒီအခြေအနေကို သိရှိတဲ့ မင်းတပ်ဒေသခံတစ်ဦးက ပြောပါတယ်။ “KG တန်းကလေးငယ် တစ်ဦးရယ်၊ နဝမတန်းကျောင်းသားတစ်ဦးရယ်၊ အသက် ၆၀ ကျော်အရွယ် နှစ်ဦးရယ် ပါတယ်လို့ သိထားတယ်။ ကျန်တဲ့လူတွေက ဘယ်တွေကလဲဆိုတာ မသိရသေးဘူးဗျ။ သေဆုံးက အမျိုးသား လေးဦး၊ အမျိုးသမီး လေးဦးပါ။ အသေးစိတ်မေးဖို့က လိုင်းမတက်လာကြတော့ ထပ်မသိရသေးဘူး။ အကုန်လုံးက ရှောင်ပြေးနေကြရတယ်” ချင်းပြည်သူ့အစည်းအရုံး ထုတ်ပြန်ချက်အရ သေဆုံးသူတွေထဲမှာ စစ်ဘေးဒုက္ခသည် နှစ်ဦးလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ၂ဝ၂၆ ခုနှစ် မေလလယ်လောက်စပြီး စစ်တပ်က ချင်းပြည်နယ် မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ချင်းပြည်သူ့တပ်မတော် မဟာမိတ်အဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ချင်းပြည်နယ်အတွင်းက မြို့နယ်အတော်များများမှာ စစ်တပ်က ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် လေကြောင်းတိုက်ခိုက်မှုအပြီး နောက်ဆက်တွဲအခြေအနေ အသေးစိတ်ကို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျေးရွာအပါအဝင် အနီးအနားကျေးရွာတွေမှာ နေထိုင်သူတွေကတော့ လေကြောင်းရန်ကနေ ကင်းလွတ်နိုင်မယ်လို့ ယူဆရတဲ့နေရာတွေကို ယာယီရှောင်တိမ်းနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ချင်းညီနောင် (Chin Brotherhood) အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်ကလည်း မင်းတပ်မြို့နယ်မြောက်ပိုင်းက ကျေးရွာတစ်ရွာကို လေယာဉ်နှစ်စင်းက ဆက်တိုက် ပေါင် ၅၀၀ ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့တာကို RFA ကို အတည်ပြုပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းဖြေဆိုတာ မရှိပါဘူး။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၆ ဩဂုတ်လ ၃၁ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်နဲ့ အရပ်သား ပြည်သူစုစုပေါင်း ၈,၃၃၂ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Download options
31 Aug 2026, 16:36 GMT RFA Burmese

အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် ကျမ်းကျိန်ခဲ့တဲ့ ဧပြီလ ၁၀ ရက်ကနေ ဩဂုတ်လ ၂၀ ရက်အထိ လေးလကျော်အတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၆၇၂ ကြိမ် ရှိခဲ့ပြီး အရပ်သား ၃၀၅ ဦး သေဆုံးကာ ၆၆၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ (Nyan Lynn Thit Analytica - NLTA) က ဩဂုတ်လ ၃၀ ရက်မှာ RFA ကို ပြောပါတယ်။ တိုင်းနဲ့ ပြည်နယ်အလိုက်ကြည့်ရင် စစ်ကိုင်းတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၂၆ ကြိမ်နဲ့ အများဆုံးဖြစ်ပြီး အရပ်သား ၆၉ ဦး သေဆုံးကာ ၁၈၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ မကွေးတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၂၄ ကြိမ်ရှိခဲ့ပြီး အရပ်သား ၁၉ ဦး သေဆုံးကာ ၆၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ချင်းပြည်နယ်မှာတော့ လေကြောင်းတိုက်ခိုက်မှု ၁၁၃ ကြိမ်ရှိခဲ့ပြီး အရပ်သား ၄၂ ဦး သေဆုံးကာ ၅၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၇၆ ကြိမ်အတွင်း အရပ်သား ၆၄ ဦး သေဆုံးပြီး ၁၇၂ ဦး ဒဏ်ရာရခဲ့သလို ကရင်ပြည်နယ်မှာ ၆၆ ကြိမ်အတွင်း အရပ်သား ၃၉ ဦး သေဆုံးကာ ၃၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ တနင်္သာရီတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၂၄ ကြိမ်၊ ပဲခူးတိုင်းအရှေ့ခြမ်းမှာ ၂၃ ကြိမ်၊ ကချင်ပြည်နယ်မှာ ၂၂ ကြိမ်၊ ဧရာဝတီတိုင်းမှာ ၂၀ ကြိမ်၊ မွန်ပြည်နယ်မှာ ၁၇ ကြိမ်၊ ပဲခူးတိုင်းအနောက်ခြမ်းနဲ့ မန္တလေးတိုင်းမှာ ၁၆ ကြိမ်စီ၊ ကယားပြည်နယ်မှာ ၁၂ ကြိမ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၁ ကြိမ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ခြောက်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ NLTA က ပြောပါတယ်။ သေဆုံးသူအရေအတွက်အရ စစ်ကိုင်းတိုင်းမှာ ၆၉ ဦးနဲ့ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ၆၄ ဦး၊ ချင်းပြည်နယ်မှာ ၄၂ ဦးနဲ့ ကရင်ပြည်နယ်မှာ ၃၉ ဦးတို့ ဖြစ်ပါတယ်။ အာဏာသိမ်းခေါင်းဆောင် သမ္မတဖြစ်လာပြီးနောက်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ လျော့ကျမသွားတာဟာ အရပ်သားတွေအတွက် စိုးရိမ်စရာအခြေအနေဖြစ်တယ်လို့ စစ်ရေးပဋိပက္ခတွေကို လေ့လာစောင့်ကြည့်နေတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။ “ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဆိုပြီး ကျင်းပခဲ့ပြီး နိုင်ငံတကာကိုတော့ ရွေးကောက်ပွဲကနေ တက်လာတဲ့အစိုးရတစ်ရပ်အဖြစ် ပြသဖို့ ကြိုးစားခဲ့တာပေါ့။ ဒါပေမဲ့ မင်းအောင်လှိုင် သမ္မတဖြစ်လာပြီး ကာကွယ်ရေးဦးစီးချုပ်အသစ် လက်ထက်မှာတောင် လေကြောင်းတိုက်ခိုက်မှုတွေ လျော့မသွားဘူး။ လေးလကျော်အတွင်း အကြိမ် ၇၀၀ နီးပါးရှိပြီး အရပ်သား သုံးရာကျော် သေဆုံးခဲ့တယ်ဆိုတာ အလွန်များတဲ့ပမာဏပါ။ အရပ်သားတွေရှိတဲ့နေရာတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့တာကို ကြည့်ရင် အရပ်သားကာကွယ်ရေးကို အလေးထားမှုမရှိဘူးလို့ မြင်ရတယ်” ဒီအချက်အလက်တွေကို RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ စစ်တပ်ခန့်အစိုးရ ပြောရေးဆိုခွင့်ရှိသူ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး မျိုးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

Download options
30 Aug 2026, 22:29 GMT RFA Burmese

၁၉၈၈ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို “မြေပေါ်မြေအောက် အဖျက်သမားတွေရဲ့ တိုင်းပြည်ဆူပူအုံကြွစေမှု” နဲ့ “မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်တွေ” လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောလိုက်ပါတယ်။ ဩဂုတ် ၂၇ ရက်နေ့က ပြင်ဦးလွင် စစ်တက္ကသိုလ်မှာ နည်းပြတွေ၊ ဗိုလ်လောင်းတွေ၊ ဘွဲ့လွန်သင်တန်းသားတွေ၊ အရာရှိနဲ့ စစ်သည်တွေကို တွေ့ဆုံချိန် အဲဒီလို ပြောခဲ့တာလို့ စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ၁၉၈၈ နဲ့ ၂၀၂၁ ခုနှစ် ဖြစ်ရပ်တွေကြောင့် တိုင်းပြည်ပြိုကွဲမယ့် အခြေအနေအထိ ရောက်ခဲ့ပြီး စစ်တပ်က နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အချိန်မီ ယူခဲ့ရတာလို့လည်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောခဲ့ပါတယ်။ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ စစ်ခေါင်းဆောင်တွေရဲ့ အခုလိုပြောဆိုမှုဟာ လက်တွေ့ဖြစ်ရပ်တွေနဲ့ ဆန့်ကျင်နေတယ်လို့ RFA ကို ပြောပါတယ်။ “မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်တွေလို့ သူတို့က ပြောပေမယ့် သူတို့ကိုယ်တိုင်က ဥပဒေမဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာပါ။ လေယာဉ်နဲ့ ဗုံးကြဲတာ၊ မြေပြင်မှာ စစ်ကြောင်းထိုးပြီး ရွာစဉ်ရွာဆက် မီးရှို့တာ၊ ပြည်သူတွေကို သတ်ဖြတ်တာတွေ လုပ်နေတာကလည်း သူတို့စစ်တပ်ပဲလေ” ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး စစ်တပ်ရဲ့ ဖြိုခွင်းမှုတွေကြောင့် ဆန္ဒပြသူတွေ သေဆုံးတာနဲ့ ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကတော့ အဲဒီလှုပ်ရှားမှုတွေကို လူထုဆန္ဒပြလှုပ်ရှားမှုတွေလို့ မသုံးနှုန်းဘဲ “အဖျက်သမား”၊ “ဆူပူအုံကြွမှု” နဲ့ “မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်တွေ” လို့ သုံးနှုန်းခဲ့တာပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဩဂုတ် ၂၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ပိုမိုဆိုးရွားလာပြီး စစ်ပွဲ၊ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေနဲ့ တရားမဝင်စီးပွားရေးလုပ်ငန်းတွေကြောင့် အရပ်သားပြည်သူတွေရဲ့ ဒုက္ခတွေ ပိုနက်ရှိုင်းလာတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုနဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ကန့်သတ်တာတွေ ဆက်လုပ်နေပြီး စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် အနည်းဆုံး အရပ်သား ၈,၀၇၅ ဦး သေဆုံးခဲ့တယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဆိုပါတယ်။ တကယ့်သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ အသက် ၆၀ အရွယ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို လွှဲပြောင်းရယူခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့တဲ့ စစ်တပ်အဖွဲ့ကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဦးဆောင်ခဲ့တယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။

Download options
30 Aug 2026, 20:48 GMT RFA Burmese

မြို့ကြီးတွေမှာ တရားဥပဒေစိုးမိုးရေး အားနည်းလာသလို၊ အွန်လိုင်းလောင်းကစားဂိမ်း တွေနဲ့ မူးယစ်ဆေးဝါးပေါလာပြီး ဒုစရိုက်မှုတွေ ပိုများလာတဲ့အတွက် လုံခြုံမှုကင်းမဲ့လာနေတဲ့အကြောင်း သတင်းပေးပို့ချက်နဲ့ ထူးခြားတဲ့ သတင်းတွေကို တင်ပြထားပါတယ်။ RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၃၀ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။ ။

Download options
30 Aug 2026, 20:05 GMT RFA Burmese

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်နဲ့ မုံရွာမြို့နယ်အစပ်က ရွာတွေကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ‌ကြောင့် ဒေသခံ ရှစ်ထောင်လောက် ထွက်ပြေးနေရသလို စစ်ကြောင်းနဲ့တွေ့တဲ့ အရပ်သား ၅၀ ခန့်လည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ဩဂုတ်လ ၃၀ ရက်နေ့မှာ RFA ကို ပြောပါတယ်။ ချောင်းဦးမြို့နယ် ခင်မွန်ရွာကနေ အင်အား ၁၂၀ ခန့်ပါဝင်တဲ့ စစ်တပ်စစ်ကြောင်းက ဩဂုတ်လ ၂၉ ရက်နေ့ ညနေ ၃ နာရီခန့်မှာ ကျီကုန်းအရှေ့ရွာကို စစ်ကြောင်းထိုးလာချိန် ခင်မွန်နဲ့ ကျီးကုန်းအရှေ့ ရွာကြားမှာ နေထိုင်တဲ့ ပြည်သူတွေ ဖမ်းဆီးခံရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “စစ်ကြောင်းစထွက်လာချိန်မှာ တဲတိုက်တွေထဲကလူတွေကို သူတို့သွားရင်းမတ်တပ်တွေ့တော့ ခေါ်သွားတာ။ လူငါးဆယ်လောက်ခေါ်သွားတယ်။ စစ်ကြောင်းကလည်းဆက်ထိုးနေတော့ အဖမ်းခံထားရတဲ့သူတွေရဲ့ အခြေအနေဘယ်လိုရှိတယ်ဆိုတာ မသိရသေးဘူး။ ဒီနေ့(ဩဂုတ် ၃ဝ) လည်း လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတာ” ဩဂုတ် ၃၀ ရက်နေ့မှာတော့ စစ်တပ်စစ်ကြောင်းက ကျီကုန်းအနောက်ရွာနဲ့ အနီးတစ်၀ိုက်က ရွာတွေကို လက်နက်ကြီး၊ ဒရုန်းနဲ့ ပွိုင့်ဖိုက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကြောင်းကြောင့် ချောင်းဦးမြို့နယ်ထဲမှာရှိတဲ့ ကျီကုန်း(အရှေ့ရွာ)၊ မယ်သဲကြိုး၊ ဒိုင်းကွေ့၊ ကြက်သွန်စျေး၊ ချောင်းမနား၊ ထန်းတောကြီး၊ အင်းမအပြင် မုံရွာမြို့နယ်ထဲက ကျီကုန်းအနောက်ရွာ (ကျီကုန်းရွာသစ်)၊ သစ်ဆိမ့်၊ ချောင်းဆုံ အစရှိတဲ့ရွာတွေက ဒေသခံ ရှစ်ထောင်ထက်မနည်း တိမ်းရှောင်နေရတယ် လို့ဆိုပါတယ်။ စစ်ကြောင်းဟာ ဩဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်းမှာ ကျီကုန်းအနောက်ရွာ (ကျီကုန်းရွာသစ်)နဲ့ သစ်ဆိမ့်ရွာကြားအထိ ရောက်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်တပ်ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ချောင်းဦးမြို့နယ်ထဲကို စစ်တပ်က စစ်ကြောင်းထိုးချိန် ဆင်မြေ၊ ငါးလုံးတင်နဲ့ မထိသာ ရွာတွေက နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသလို စစ်ကြောင်းထိုးချိန်အတွင်း လက်နက်ကြီးနဲ့ ဒရုန်းသုံး တိုက်ခိုက်မှုတွေကြောင့်လည်း ဒေသခံအမျိုးသား ၃ ဦးသေဆုံးပြီး နောက်ထပ် လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာနေရသူ ၄ သန်းကျော် (၄,၀၃၁,၀၀၀ ဦး) ရှိနေပြီး၊ အဲဒီထဲမှာ စစ်ကိုင်းတိုင်းက ၁ သန်းကျော် (၁,၃၄၆,၁၀၀ ဦး) ပါဝင်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂၀၂၆ ခုနှစ် ဩဂုတ် ၁၀ ရက်အထိ စာရင်းမှာ ဖော်ပြထားပါတယ်။

Download options
30 Aug 2026, 19:34 GMT RFA Burmese

တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့ကို ရေကြောင်းကနေ စစ်အင်အားနဲ့ ရိက္ခာတွေ ဖြည့်တင်းနိုင်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောတစ်စင်း ပျက်စီးသွားပြီး စစ်တပ်ဘက်က ထိခိုက်မှုတွေ ရှိတယ်လို့ KIA က အတည်ပြုပြောပါတယ်။ ဗန်းမော်မြို့ ကို စစ်အင်အားနဲ့ ရိက္ခာတွေ အလွယ်တကူ မရောက်နိုင်အောင် ကြားဖြတ်တိုက်ခိုက်နေတာလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။ “ဒီကနေ တိုက်ခိုက်နေလို့ မတက်နိုင်ဖြစ်နေတာ။ မတိုက်ခိုက်ရင် သူတို့က တန်းတက်သွားမှာပေါ့။ မနေ့က (ဩဂုတ် ၂၉ ရက်) လည်း သူတို့အဖွဲ့တွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်တာ။ ဒါကြောင့် လုံခြုံရေး မရှိတော့ဘူးလေ။ အဲဒါကြောင့် တိုက်ခိုက်ရေးသင်္ဘောတောင် ပြန်ခေါက်သွားတာ။ အခုလောလောဆယ် ရွှေကူမှာပဲ ရပ်နေတာ၊ ရွှေကူကနေ ဆက်မတက်သေးဘူး” ဩဂုတ် ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ ရွှေကူမြို့ဆိပ်ကမ်းမှာ ကမ်းကပ်ရပ်နားထားတဲ့ ရိက္ခာတင် စစ်သင်္ဘောတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောတစ်စင်း မီးလောင်ပျက်စီးသွားပြီး စစ်တပ်ဘက်က တပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KIA က ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခြေအနေ အသေးစိတ်ကိုတော့ အတိအကျ မသိရသေးပါဘူး။ အလားတူ ဩဂုတ် ၂၉ ရက် မနက်အစောပိုင်းကလည်း ရွှေကူမြို့ကနေ ဗန်းမော်မြို့ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ရိက္ခာနဲ့ စစ်ကူအင်အား တင်ဆောင်လာတဲ့ စစ်သင်္ဘောတွေ ဇင်းဘုံရွာမှာ ကမ်းကပ်ရပ်နားနေချိန် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောနှစ်စင်းလုံး နောက်ကြောင်းပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။ စစ်သင်္ဘောတွေပေါ်ကနေ သိမ်းဆည်းရရှိထားတဲ့ စစ်လက်နက်ခဲယမ်းတွေနဲ့ တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ ဗိုလ်မှူးကြီး နော်ဘူက အတိအကျ ထုတ်ဖော်ပြောဆိုတာ မရှိသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေကို စစ်တပ်ဘက်က ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပေမယ့် အသေးစိတ်အခြေအနေကိုတော့ မသိရသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရ ပြောရေးဆိုခွင့်ရှိသူ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး မျိုးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။ ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်ကတည်းက မန္တလေးကနေ ဗန်းမော်မြို့ကို စစ်ကူပို့နိုင်ဖို့ စစ်လက်နက်၊ ရိက္ခာနဲ့ လူအင်အား ရာနဲ့ချီ တင်ဆောင်လာတဲ့ စစ်သင်္ဘော ၁၄ စင်းဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဘက်ကို ဆန်တက်လာတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်က စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေကို စစ်လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ကုန်းလမ်းကနေ ပို့ဆောင်လို့မရအောင် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မြို့တွေနဲ့ လမ်းပိုင်းတွေကို သိမ်းပိုက်ဖြတ်တောက်ထားတာကြောင့် စစ်တပ်ဟာ ဗန်းမော်မြို့တိုက်ပွဲအတွက် လိုအပ်တဲ့ စစ်လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ အင်အားတွေကို ရေကြောင်းကနေ တစ်နှစ်တစ်ကြိမ် ပို့ဆောင်နေရတယ်လို့ KIA က ဆိုပါတယ်။

Download options
30 Aug 2026, 18:29 GMT RFA Burmese

စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း နိုင်ငံတဝန်း တရားဥပဒေစိုးမိုးရေး ပိုပြီးအားနည်းလာသလို၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ နယ်စပ်မြို့ကြီးတွေမှာ မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလောင်းကစားဂိမ်းတွေ ပိုများလာ ပါတယ်။ အကျိုးဆက်အနေနဲ့ ခိုးဆိုးလုယက်သတ်ဖြတ်တာတွေဖြစ်လာတဲ့အတွက် လုံခြုံရေးစိုးရိမ်နေရတယ် လို့ မြို့ခံတွေက RFA ကိုပြောပါတယ်။ မန္တလေးမြို့မှာ ၂၀၂၃ ခုနှစ်ကစပြီး စလော့ဂိမ်းနဲ့ မူးယစ်ဆေးဝါးဟာ လူထုကြားကိုရောက်ရှိလာသလို ၂၀၂၄ ခုနှစ် ကစပြီး အွန်လိုင်းလောင်းကစားကို အကြီးအကျယ်ကစားလာကြပြီး၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲတာတွေလည်း ပိုများလာတယ်လို့ မြို့ခံတွေကပြောပါတယ်။ လက်ရှိအချိန်မှာ WY ဆေးတစ်ပြားကို ငွေကျပ်ငါးထောင်လောက်နဲ့ ရပ်ကွက်တိုင်းမှာ ဝယ်လို့ရနေတယ်လို့ ပြောပါတယ်။ အွန်လိုင်းဂိမ်းတွေ ကစားလာကြတာနဲ့အမျှ လုယက်သတ်ဖြတ်မှုတွေလည်း ပိုတွေ့လာရတယ်လို့ လုံခြုံရေး ကြောင့် အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက RFAကို ပြောပါတယ်။ “စလော့ဂိမ်းကတော့ မိန်းမ၊ ယောက်ကျားအကုန်ထိုင်ဆော့ကြတာ။ ဘာလို့လဲဆိုတော့ လွယ်လင့်တကူပေါ့ နော်။ ပြောမယ်ဆိုရင် ဒီဖုန်းနဲ့က ၂၄ နာရီကြိုက်တဲ့အချိန်ကို ဆော့လို့ရတဲ့ အနေအထားဖြစ်နေတယ်။ ပြီးတော့ အဲဒါက လူတွေက စွဲတာပေါ့နော်။ စွဲပြီးမှ မဆော့ရရင် မနေနိုင်တဲ့သူတွေကို မြင်ရတယ်။ ဒါကလည်း တကယ် တမ်းကျတော့ ပြည်တွင်းကျားဖြန့်ပေါ့” လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဆွဲဆောင်မှုအပြည့်နဲ့ မက်လုံးပေးကြော်ညာနေတဲ့ စလော့ဂိမ်း၊ ငါးပစ်ဂိမ်းနဲ့ ကျွဲဂိမ်းစတဲ့ အွန်လိုင်းလောင်းကစားတွေရဲ့ နောက်ကွယ်ကလူတွေဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ပြီး ကျားဖြန့် ဆန်ဆန်လည်ပတ်လှုပ်ရှားနေတာလို့ မြို့ခံတွေက ပြောကြပါတယ်။ ဒီပြောဆိုချက်ကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ ရန်ကုန်မြို့မှာလည်း ဒုစရိုက်မှုတွေကို စစ်တပ်လက်အောက်ခန့်ရဲတပ်ဖွဲ့က ထိထိရောက်ရောက်ဖမ်းဆီး အရေးယူတာမရှိလို့ ကိုယ့်လုံခြုံရေးကိုယ် ဂရုစိုက်နေရတယ်လို့ မြို့ခံတွေကပြောကြပါတယ်။ လက်ရှိကာလက ပြည်သူတွေအတွက်လုံခြုရေးကင်းမဲ့မှု အဆိုးဆုံးအခြေနေဖြစ်တယ်လို့ သက်ကြီးပိုင်း ရန်ကုန်မြို့ခံတစ်ယောက် က RFA ကို ပြောပါတယ်။ " အခုဒီခေတ်မှာက အဆိုးဆုံးက မူးယစ်ဆေးဝါးအမှု၊ ကျားဖြန့်အမှု နောက်ပြီးတော့ စလော့ဂိမ်းတွေ ဆော့နေ တဲ့ သူတွေက မသမာမှုတွေ နည်းလမ်းတွေနဲ့ဆောင်ရွက်တယ်။ ငွေရေးကြေးရေးပိုင်းမှာတော့ ဘယ်လိုမှ မရှာနိုင် တော့ ရှာလို့ရတဲ့ပုံစံနဲ့လိုက်ရှာပြီးတော့ မသမာမှုတွေ အများဆုံးလုပ်လာတဲ့ စနစ်ဆိုးတစ်ခုဖြစ်လာ တာပေါ့" တရားဥပဒေယန္တယားကို နိုင်ငံရေးမှာပဲသုံးနေတဲ့အတွက် ဒုစရိုက်မှုတွေကိုကိုင်တွယ်ဖို့အားနည်းနေတာလို့ ဥပဒေပညာရှင် ဒေါက်တာဖိုးဖြူက သုံးသပ်ပါတယ်။ “ရာဇဝတ်မှုတွေ ဒုစရိုက်မှုတွေ ကျူးလွန်နေပါလျှက်နဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေ၊ အုပ်ချုပ်ရေးရည်ရွယ်ချက် ကိစ္စတွေအတွက်ပဲ တရားဥပဒေယန္တရားကိုအသုံးပြုတာတွေဟာ တကယ် ဒုစရိုက်မှုတွေကျူးလွန်တဲ့သူတွေကို အရေးယူနိုင်ဖို့အတွက်အားနည်းသွားတာ မျက်ကွယ်ပြုမိသွားတာမျိုးတွေကို အများ ပြည်သူလူထုက ကြုံတွေ့ရ နိုင်တယ်” ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရ ပြောရေးဆိုခွင့်ရှိသူ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။ အွန်လိုင်းဂိမ်းတွေနဲ့ မူးယစ်ဆေးဝါးသုံးတဲ့ ဆိုးကျိုးအနေနဲ့ သုံးစွဲသူတွေဟာ ငွေကြေးအကျပ်အတည်းတွေ ကြောင့် ဒုစရိုက်မှုတွေပိုကျူးလွန်လာကြတာလို့ မြ၀တီမြို့က လူငယ်တစ်ယောက်ကပြောပါ တယ်။ “ကျွန်တော့် မိတ်ဆွေတစ်ဦးကတော့ အွန်လိုင်းဂိမ်းဆော့ပြီး အကြွေးတွေတင်လို့ ကိုယ့်ကိုယ်ကို သတ်သေသွား တယ်။ ကား၊ ခြံ အကုန်ကုန်တာပဲ။ ပိုက်ဆံတွေကို အတိုးတွေနဲ့ဆွဲ ရာကြီးပိုင်းတွေလောင်း ရှုံးလိုက်နိုင်လိုက်နဲ့ နောက်ဆုံးတော့ သိန်းရာနဲ့ချီ ထောင်နဲ့ချီကုန်တာပဲ။ ဆိုတော့ အဲဒါက လူတွေက ‘အ’ လို့တော့ မဟုတ်ဘူး။ သူတို့ဘက်က မက်လုံးအမျိုးမျိုးပေးပြီး မြူဆွယ်တာ။ ပြီးမှ ရှိသမျှအကုန် အပြောင်သိမ်းတာ” အာဏာသိမ်းပြီးနောက် စစ်တပ်က အွန်လိုင်းထိန်းချုပ်မှုတွေကို ပုံစံမျိုးစုံနဲ့ လုပ်ဆောင်နေပေမဲ့ အွန်လိုင်း စလော့ဂိမ်းတွေကိုတော့ ထိမ်းချုပ်တာမတွေ့ရဘူးလို့ ထောက်ပြကြပါတယ်။

Download options
29 Aug 2026, 00:30 GMT RFA Burmese

ဒီတစ်ပတ်အစီအစဉ်မှာတော့ စစ်တပ်ကိုလက်နက်ကိုင်တိုက်ရင်း ဇာတိမြေ ဧရာ၀တီကို တပ်အင်အားနဲ့ပြန်ဝင်ဖို့ ကြိုးစားနေတဲ့ ဧရာ၀တီစစ်ကြောင်း အထူးလှုပ်ရှားတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူး ကိုမျိုးသူရကိုကို နဲ့ စကားပြောထားပါတယ်။ သူဟာ ၂၀၂၁ ခုနှစ်မတိုင်ခင်က သံအမတ်တစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းလိုက်တဲ့အတွက် လက်နက်ကိုင်လမ်းစဉ်ကိုရွေးပြီး ဇာတိမြေကို စွန့်ခွာခဲ့ သူဖြစ်ပါတယ်။ လက်ရှိမှာတော့ ငါးနှစ်ကျော်စွန့်ခွာခဲ့တဲ့ ဇာတိမြေကို ပြန်တဲ့လမ်း တစ်လျှောက် စစ်တပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကို နေ့တိုင်းနီးပါး ကြုံတွေ့နေတယ်လို့ပြောပါတယ်။ ဒီအစီအစဉ်ဟာစစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘ၀တွေအကြောင်း ပြောပြနေတာြဖစ်ပြီးRFA Burmese ရဲ့ Facebook နဲ့ YouTube စာမျက်နှာတွေမှာ လည်း ကြည့်ရှုနားဆင် နိုင်ပါတယ်။

Download options
28 Aug 2026, 20:56 GMT RFA Burmese

ခင်ပွန်းဟောင်းဖြစ်သူ အမေရိကန်သံရုံးဝန်ထမ်းတစ်ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ မြန်မာ အာဏာပိုင် တွေက ဖမ်းဆီးတရားစွဲဆိုထားတဲ့ ထိုင်းနိုင်ငံသူ ပါဗနီ ဆူပါစီရီဗီဆန် (Pavinee Supasirivisan) အမည်ရှိတဲ့ ထိုင်းအမျိုးသမီးကို မြန်မာ စစ်အာဏာပိုင်တွေက လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုနဲ့ ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လူသတ်မှုနဲ့လည်း တရားစွဲဆိုခံရနိုင်တယ်လို့ အမှုနဲ့ နီးစပ်တဲ့ ရှေ့နေတစ်ဦးက သြဂုတ်လ ၂၆ နေ့က သတင်းဌာတွေကို ပြောကြားခဲ့ပါတယ်။ သူ့ကို သြဂုတ်လ ၂၅ ရက်နေ့က ရန်ကုန်၊ ကမာရွတ်မြို့နယ်တရားရုံးက မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှု ကျူးလွန်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ထောင်ဒဏ်အပြစ်ပေးခဲ့တာလို့ သိရပါတယ်။ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးရဲ့အပြောအရ ဒီလူသတ်မှုနဲ့ ခြောက်လကနေ ငါးနှစ်အထိ ထောင်ဒဏ်ချ ခံရနိုင်ဖွယ်ရှိပြီး လောလောဆယ် သူ့ကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတယ်လို့သိရပါတယ်။ မြန်မာနဲ့အမေရိကန် အစိုးရ အာဏာပိုင်တွေက အမည်ထုတ် ဖော်မပြောပေမယ့် နယူးယောက်ပို့စ်နှင့် အခြားသတင်းဌာနတွေအဆိုရ အသတ်ခံရတဲ့ အမေရိကန်သံအရာရှိဟာ အသက် ၄၃ နှစ်အရွယ် ဒန်နီရယ်ပေါလ်ရီဗာ (Daniel Paul Riva) လို့ သိရပါတယ်။ အမှုနဲ့ပတ်သက်လို့ သတင်းဌာနတွေက မေးမြန်းချက်တွေကို မြန်မာနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန် သံရုံး အရာရှိတွေက ဝါရှင်တန်ဒီစီက နိုင်ငံခြားရေးဌာနကိုသာ မေးဖို့ ပြောဆိုပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဌာနကကတော့ အမေရိကန်အစိုးရဝန်ထမ်းတစ်ဦး ရန်ကုန်သံရုံးမှာ သေဆုံးခဲ့တာမှန်ကန်ကြောင်း အတည်ပြုပြောကြားခဲ့ပေမယ့် အသေးစိတ်ဖြေကြားဖို့ကို ငြင်းဆန်ခဲ့ပါတယ်။ အမှုနဲ့ပတ်သက်လို့ တရားဝင်ထုတ်ဖော်ပြောခွင့်မရှိတဲ့အတွက် အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံက သံတမန်အသိုင်းအဝိုင်း သတင်းအရင်းအမြစ်တွေ ကတော့ အမေရိကန်နိုင်ငံသား သံရုံးဝန်ထမ်းဟာ ပြီးခဲ့တဲ့ နှစ်ပတ်ခန့်က ဆာကူရာ အိမ်ရာနဲ့ဟိုတယ်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့တာလို့ AP သတင်းဌာနကို ဇွန်လဆန်းက ဖြေကြားခဲ့ပါတယ်။ ရန်ကုန် အင်းလျားလမ်းပေါ်က ဆာကူရာအိမ်ရာနဲ့ ဟိုတယ်ဟာ တက္ကသိုလ်ရိပ်သာလမ်းပေါ်မက အမေရိကန်သံရုံးနဲ့ တစ်မိုင်အကွာမှာရှိတာမို့ အမေရိကန်သံတမန်တွေအကြား ‌အခန်း ရေရှည်ငှါးရမ်းနေထိုင် ကြရာမှာ နာမည်ကြီးတဲ့ ဟိုတယ်လို့ သိရပါတယ်။ ဒီအမှုဟာ လူသတ်မှုဖြစ်နိုင်တယ်လို့ သံသယရှိတာကြောင့် ထိုင်းအမျိုးသမီးကို ဖမ်းဆီးထားတာလို့ ပြောပါတယ်။ ထိုင်းနိုင်ငံခြားရေးဌာနကတော့ မြန်မာရဲတပ်ဖွဲ့က ဖမ်းထားတဲ့ ထိုင်းနိုင်ငံသူကို လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ ပေးထားပြီး မိသားစုကိုလည်း အကြောင်းကြားထားပေးတယ်လို့ Thai PBS သတင်းမှာ ရေးသားထားပါတယ်။

Download options
28 Aug 2026, 20:54 GMT RFA Burmese

မလေးရှားနိုင်ငံအနေနဲ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ မလေးရှား လူဝင်မှုကြီးကြပ်ရေး အကျဥ်းထောင်တွေထဲက ရိုဟင်ဂျာ ၁၄၇၆ ဦးကို ပထမဆုံးအသုတ်အဖြစ် မြန်မာနိုင်ငံကို ပြန်ပို့သွားမယ်လို့ သြဂုတ် ၂၇ ရက်နေ့က မလေးရှားအစိုးရ ပြည်ထဲရေးဌာနက ကြေညာပါတယ်။ မလေးရှား ဒေသခံနိုင်ငံသားတွေနဲ့ ရိုဟင်ဂျာတွေအကြား တင်းမာမှုတွေ မြင့်တက်လာနေချိန်မှာ မ‌လေးရှား ဝန်ကြီး ချုပ် အန်ဝါအီဘရာဟင် (Anwar Ibrahim)က မြန်မာနိုင်ငံအစိုးရသစ်အနေနဲ့ ရိုဟင်ဂျာ ၅၀၀၀ ကို နေရပ်ပြန်ရန် သဘောတူညီခဲ့တယ် လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ဒီအစဥ်အရ ပထမအဆင့်ကို စက်တင်ဘာလ ၂၉ ရက်နေ့မှာ စတင်မှာဖြစ်ပြီး မြန်မာဘက်က ဖော်ထုတ် ပေးပို့ ထားတဲ့ မြန်မာနိုင်ငံသား ၁၄၇၆ ဦးပါမယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ သူတို့ကို မြန်မာရေတပ် စစ်သင်္ဘောနှစ်စင်းနဲ့ ဆေးရုံသင်္ဘောတစ်စင်း အသုံးပြုသယ်ဆောင်မယ်လို့ သိရပါတယ်။ ၂၀၂၆ ခုနှစ်အတွင်း မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာ ၄၀၀၀ ကျော်ကို အစိုးရအသိအမှတ်ပြု ဒုက္ခသည် မှတ်ပုံတင်စာရွက်စာတမ်း (DPP) အစီအစဉ်နဲ့ မှတ်ပုံတင်ပေးမှာဖြစ်ပြီး ကျန် ၅၀၀၀ကိုတော့ မြန်မာနဲ့ သဘောတူထားတဲ့အတိုင်း မိမိဆန္ဒအလျောက် နေရပ်ပြန်ရေးလုပ်ငန်းစဉ်နဲ့ ပြန်ပို့မယ်လို့လည်း မလေးရှားပြည်ထဲရေး ဝန်ကြီးဌာနက ပြောကြားပါတယ်။ မြန်မာနိုင်ငံက စစ်တပ်ခန့်အစိုးရကတော့ ဒီလိုပြန်ပို့တာလက်ခံမယ်ဆိုတဲ့ သတင်းတွေအပေါ် တစုံတရာ လူသိရှင်ကြား ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ဒီလို အတင်းအကြပ် ပြန်ပို့တာဟာ သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာဖြစ်ကြောင်း၊ သူတို့ကို ပြန်ပို့အစား တရားဝင် နေထိုင်ခွင့်အဆင့်သတ်မှတ်ပေးဖို့နဲ့ သူတို့အသက်လုံခြုံရေးကို ကာကွယ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က သြဂုတ်လ ၃ ရက်နေ့က ကြေညာချက်ထုတ်ပြန် ထောက်ပြထားပါတယ်။ HRW ရဲ့ အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး ဘရိုင်ရိုနီ လော (Bryony Lau) က “မြန်မာပြည်ပြန်ရောက်ရင် လူံအခွင့်အရေးချိုးဖောက်မှုတွေနဲ့အတူ ဖိနှိပ်မှုတွေလည်း ကြုံရဖို့ရှိတဲ့အတွက် ရိုဟင်ဂျာ ၅၀၀၀ ကိုပြန်ပို့တာကို ရပ်ဖို့ တိုက်တွန်း” ထားပါတယ်။ အသက်အန္တရာယ်ဘေးကျရောက်နိုင်တယ်ဆိုရင် မလေးရှားရောက် ရိုဟင်ဂျာ ၅၀၀၀ မြန်မာနိုင်ငံပြန်ပို့မဲ့ အစီအစဥ်ကို ဆက်အကောင်အထည်မှာ မဟုတ်ပါဘူးလို့ မလေးရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဖာမီ ဖတ်ဇေး (Fahmi Fadzil) က သြဂုတ်လ ၅ ရက်နေ့က တုံ့ပြန် ပြောကြားခဲံ့ ပါတယ်၊ ဇူလိုင် ၂၃ ရက်နေ့က မလေးရှား ဒုနိုင်ငံခြားရေးဝန်ကြီးက မလေးရှားလွှတ်တော်မှာ လူဝင်မှုကြီးကြပ်ရေးဌာန အကျဥ်းထောင်တွေထဲမှာ မြန်မာနိုင်ငံသား ၅၀၀၀ ကို မြန်မာပြည်ပြန်ပို့ဖို့ စီစဥ်နေကြောင်း ပထမဆုံး တင်ပြခဲ့ပြီး ဇူလိုင်လ ၂၉ ရက်နေ့မှာ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မြန်မာဘက်က သဘောတူညီချက်ရခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ “ဒီအရေးကိစ္စအကောင်အထည်ဖော်ဖို့ အစပိုင်းမှာ ခက်ခဲခဲ့ပေမယ့် မြန်မာနဲ့ မလေးရှား နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံပြီး နောက်ဆုံးမှာ အောင်မြင်ခဲ့တာပါ” လို့သူက ပြောပါတယ်။ မလေးရှားနိုင်ငံဟာ ဒုက္ခသည်အရေးနဲပတ်သက်လို့ ဇန်နဝါရီလက စတင်ခဲ့တဲ့ ဒုက္ခသည် မှတ်ပုံတင် အထောက်အထား(DPP) အစီအစဥ်အရ စနစ်တကျ ကိုင်တွယ်ဖြေရှင်းလိုတဲ့အတွက် ဒုက္ခသည် တွေကို မှတ်ပုံတင်ပေးတာတွေ ယာယီ ဆိုင်းငံ့ပေးဖို့ UNHCR ရုံးကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က (Mohamad Hasan) ဇူလိုင်လ ၂၃ ရက်နေ့က တောင်းဆိုထားပါတယ်။ မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက UNHCR နဲ့ ပူးပေါင်းပြီး ဒုက္ခသည်စိစစ်လက်ခံတာကို တင်းတင်း ကြပ်ကြပ် လုပ်ဆောင်နေပြီး ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းမရှိရင် မလေးရှားနိုင်ငံကို ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် မလေးရှားနိုင်ငံမှာ ရုံးဆက်မဖွင့်စေလိုကြောင်း၊ UNHCR ရုံးဟာ ဒုက္ခသည်တွေကို မလေးရှားကိုလာရောက်ဖို့ ဆွဲဆောင်ရာရုံးတစ်ခုဖြစ်နေကြောင်းလည်း သူကပြောပါတယ်။ မလေးရှားမှာ အခုနှစ် သြဂုတ်လ ၁၅ ရက်နေ့အထိ လဝက အကျဥ်းထောင်တွေထဲမှာ မြန်မာနိုင်ငံသား ၁ သောင်း ကျော်ရှိတယ်လို့ သိရပြီး အားလုံးဟာ ဒုက္ခသည်ဟုတ်မဟုတ် မသိရသေးဘူးလို့လည်း ဆိုပါတယ်။ မလေးရှားနိုင်ငံရောက် ဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံက ၉၅ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး ဒီအထဲမှာ ရိုဟင်ဂျာမူဆလင်တွေ ပါဝင်သလို ချင်း၊ ကရင်နဲ့ မွန်တိုင်းရင်းသားတွေလည်းပါဝင်တယ်လို့ သိရပါတယ်။ မလေးရှား UNHCR ရုံးရဲ့ မှတ်တမ်းတွေအရ ၂၀၂၆ ဖေဖော်ဝါရီလကုန်အထိ ရိုဟင်ဂျာ ဒုက္ခသည် ၁၂၆၀၀၀ ခန့်ကို ဒုက္ခသည်မှတ်ပုံတင်ထုတ်ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

Download options
28 Aug 2026, 20:52 GMT RFA Burmese

ရုရှားနိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း ရိုဆာတွန် (Rosatom) က မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံငယ်တစ်ခုကို ၂၀၂၇ မှာ စပြီးတည်ဆောက်မယ်လို့ ကုမ္ပဏီက ထုတ်ဝေတဲ့ သတင်းလွှာမှာ ပြောကြားလိုက်ပါတယ်။ ရိုဆာတွန် ညွှန်ကြားရေးမှူးချုပ် အလက်ဇေ လီခါချက် (Alexey Likhachev) က ၂၀၂၆ နှစ်မကုန်မီ ကနဦး စာချုပ်ကို လက်မှတ်ရေးထိုးရန် မျှော်လင့်ထားတယ်လို့အတည်ပြုခဲ့ပြောကြားပါတယ်။ သြဂုတ်လ ၁၈ ရက်နေ့က ရုရှားနိုင်ငံကို အလည်အပတ်ရောက်လာတဲ့ စစ်တပ်ခန့် အစိုးရအကြီးအကဲ ဦးမင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) ၊ ရုရှားဝန်ကြီးချုပ် မီခေးလ် မစ်ရှုစတင် (Mikhail Mishustin ) တို့ နှစ်နိုင်ငံထိပ်သီးအစည်းအဝေးတွအပြီး အခုလို ရိုဆာတန်က ကြေညာချက် ထွက်လာတာဖြစ်ပါတယ်။ ရုရှားဝန်ကြီးချုပ်က ဒါဟာ ရုရှားမြန်မာချစ်ကြည်ရေး သင်္ကေတ လို့ ပြောပါတယ်။ “ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ အသေးစားနယူကလီယားသုံး စွမ်းအင်စက်ရုံကို တည်ဆောက်ပြီးစီးဖို့ သဘောတူထားပါတယ်။ ဒီစီမံကိန်းကြောင့် နှစ်နိုင်ငံအကြား ဆက်စပ်နေတဲ့ စွမ်းအင်နဲ့ သိပ္ပံကဏ္ဍတွေမှာ ပူးပေါင်း‌ဆောင်ရွက်ရေး တိုးမြှင့်နိုင်မှာဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ရုရှားမြန်မာချစ်ကြည်ရေး သင်္ကေတသစ် ဖြစ်လာမှာပါ။” ဒီစက်ရုံကနေ ကနဦး ၁၁၀ မီဂါဝပ်ရှိတဲ့ လျှပ်စစ်စွမ်းအင်ကို ထုတ်နိုင်မှာဖြစ်ပြီး မီဂါဝပ် ၃၃၀ အထိ တိုးချဲ့နိုင်မယ်လို့ ကုမ္ပဏီက ခန့်မှန်းထားပါတယ်။ ဒီလိုတည်ဆောက်မယ့် နေရာနဲ့အချိန်ကာလကို စစ်အာဏာပိုင်တွေ ထိန်းချုပ်ထားတဲ့ မြန်မာ မီဒီယာတွေမှာ အသေးစိတ် တရားဝင် ကြေညာတာ မရှိသေးပေမယ့် နေပြည်တော်အရှေ့ဘက် ၃၁ မိုင်အကွာတရှိ ဇေယျာသီရိ မြို့နယ် ပေါင်းလောင်းဆည်အနီးမှာ ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ ကုမ္ပဏီက ထုတ်ဖော်ရေးသာခဲ့ဖူးပါတယ်။ မြန်မာစစ်ခေါင်းဆောင်အဆက်ဆက် ရုရှားနိုင်ငံကနေ နယူကလီယားစွမ်းအင် အသုံးပြုရေးကို ၂၀၀၀ ပြည့်နှစ်တွေကတည်းက သဘောတူခဲ့တာဖြစ်ပြီး ၂၀၂၃ မှာ တစ်ကြီမ်၊ ၂၀၂၅ မှာ တစ်ကြိမ် နောက်ဆက်တွဲ သဘောတူစာချူပ် တွေ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ ရုရှားက အခုလို မြန်မာစစ်အာဏာပိုင်တွေကို ပူး‌ပေါင်းပြီး တရားဝင်မှုနဲ့ စစ်အာဏာတည်မြဲရေး ‌ထောက်ခံ အားပေးတာ ကို Fortify Rights နဲ့ တခြား လူ့အခွင့်အရေးအဖွဲ့တွေက ရုရှားအစိုးရနဲ့ ရိုဆာတွန် ကုမ္ပဏီကိုပါ ဝေဖန်ရှုံ့ချထားပါတယ်။ မြန်မာစစ်တပ်နဲ့ နယူကလီယားပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းမှုတွေ ကို အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂက လည်း စိုးရိမ်ပူပန်ကြောင်း အရင်က ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

Download options
28 Aug 2026, 20:49 GMT RFA Burmese

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး လီဟွိုင်ထရွန် (Lê Hoài Trung) ဟာ သြဂုတ်လ ၂၆ ရက်နေ့က စစ်တပ်ခန့် အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ခင်ရီတို့နဲံ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးတိုးမြင့်ဖို့နဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုတိုးမြှင့်ရေးတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ စစ်အာဏာသိမ်းအပြီး ဗီယက်အဆင့်မြင့်အစိုးရခေါင်းဆောင်တစ်ဦး ပထမဆုံး မြန်မာနိုင်ငံကို ချစ်ကြည်ရေး လာရောက်တာဖြစ်ပြီး နှစ်စဥ် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ၇၀ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ သန်း တစ်ထောင် (၁ ဘီလီယံ) အထိ တိုးမြင့်သွားဖိို့ နှစ်ဘက် သဘောတူညီခဲ့တယ်လို့ နီကေးသတင်းဌာနက သြဂုတ်လ ၂၇ ရက်နေ့က ရေးသားပါတယ်။ ဗီယက်နမ်အစိုးရသတင်းဌာနနဲ့ မြန်မာစစ်တပ်ခန့်အစိုးရရဲ့ ထုတ်ပြန်ချက်တွေ အရ နှစ်နိုင်ငံကုန်သွယ်မှုဟာ ၂၀၂၀ မှာ အမေရိကန်ဒေါ်လာ ၈၅၃ သန်းမှ ၂၀၂၅ မှာ အမေရိကန်ဒေါ်လာ ၅၉၀ သန်းအထိ ကျဆင်းခဲ့ ပါတယ်။ ၂၀၂၆ ပထမခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၃၃၅ သန်းအထိ ရောက်ရှိခဲ့တယ် လို့သိရပါတယ်။ ဇွန်လ ၃၀ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံက မြန်မာနိုင်ငံမှာ တရားဝင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၀၇ ခု ရှိပြီး အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ရှိတယ်လို့လည်း သိရပါတယ်။ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဥ်ဟာ စစ်တပ်ခန့်အစိုးရတက်လာအပြီး အာဆီယံဒေသ တွင်းနိုင်ငံတွေထဲက မြန်မာနိုင်ငံကို ရောက်လာတဲ့ နောက်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ စစ်အာဏာသိမ်း‌ ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်ကို ဗီယက်နမ်နိုင်ငံကို ချစ်ကြည်ရေး ခရီးလာရောက် လည်ပတ်ဖို့လည်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။

Download options
28 Aug 2026, 17:16 GMT RFA Burmese

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လူ့အခွင့်အရေးကာကွယ်သူတွေဟာ စောင့်ကြည့်ခံရမှု၊ သွားလာခွင့်ကန့်သတ်ခံရမှုနဲ့ ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်တွေကြားမှာ ဆက်လက်လုပ်ကိုင်နေရတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က ဩဂုတ်လ ၂၇ ရက်နေ့မှာ အစီအရင်ခံစာ ထုတ်ပြန်ပါတယ်။ “ကြောက်ရွံ့မှုများကြား၌ တိတ်ဆိတ်စွာ ရှင်သန်ရုန်းကန်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီအရင်ခံစာ ထုတ်ပြန်လိုက်တာဖြစ်ပြီး အဲဒီဒေသတွေမှာရှိတဲ့ လူ့အခွင့်အရေးကာကွယ်သူတွေရဲ့ လုံခြုံရေးအခြေအနေနဲ့ လုပ်ငန်းဆောင်ရွက်နိုင်တဲ့ ပတ်ဝန်းကျင်ဟာ စစ်အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားလာတယ်လို့ ဖော်ပြထားပါတယ်။ လူ့အခွင့်အရေးကာကွယ်သူတွေ သွားလာတဲ့အခါ စစ်ဆေးရေးဂိတ်တွေမှာ တင်းကျပ်စွာ စစ်ဆေးခံရတာနဲ့ ဖုန်းတွေ စစ်ဆေးခံရတာတွေ ပါဝင်တယ်လို့ KHRW ရဲ့ ဒါရိုက်တာ ဆိုင်းမိုင်က RFA ကို ပြောပါတယ်။ “လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့သူတွေမှာ အဓိကအန္တရာယ် ကြီးကြီးမားမားအနေနဲ့ ခြိမ်းခြောက်နေတဲ့အရာတွေက သွားလာတဲ့အခါ စစ်ဆေးတင်းကြပ်တဲ့ဟာတွေ၊ ဖုန်းတွေ စစ်တဲ့ဟာတွေပေါ့နော်။ ပြီးလို့ရှိရင် ဒီလေယာဉ်ကွင်းတို့၊ ဂိတ်တို့၊ တံတားထိပ်တို့ပေါ့နော်။ မြို့ထဲမှာတောင်မှ စစ်ဆေးမေးမြန်းတဲ့ဟာတွေ၊ ဖုန်းတွေ စစ်တဲ့ဟာတွေက တော်တော်လေးကို အန္တရာယ်ဖြစ်စေတယ်။ ဒီဟာကလည်း ပိုပြီးတော့ စိုးရိမ်စရာကောင်းတဲ့ဟာက မတရားဖမ်းဆီးမှုတွေ၊ မတရားဖမ်းဆီးမှုနဲ့အတူ တွဲပါလာတာက နှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေ ဒီလိုမျိုးအခြေအနေတွေ ဖြစ်မှာကို ကျွန်မတို့အနေနဲ့ အလွန်အမင်း စိုးရိမ်တယ်” အဲဒီအစီရင်ခံစာအတွက် ၂၀၂၆ ခုနှစ်အတွင်း လူ့အခွင့်အရေးကာကွယ်သူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ် စုစုပေါင်း ၂၅ ဦးကို တွေ့ဆုံမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ များပြားလာတာကလည်း လူ့အခွင့်အရေးကာကွယ်သူတွေနဲ့ လူသားချင်းစာနာမှုအကူအညီ ပေးသူတွေအတွက် နောက်ထပ်စိန်ခေါ်မှု ဖြစ်လာနေတယ်လို့ KHRW က ပြောပါတယ်။ လူ့အခွင့်အရေးကာကွယ်သူတွေအပေါ် ခြိမ်းခြောက်မှုတွေဟာ မြန်မာစစ်တပ်တစ်ဖက်တည်းမဟုတ်ဘဲ တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေလည်း ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဖွဲ့အစည်းမျိုးစုံရဲ့ ခြိမ်းခြောက်မှု၊ စောင့်ကြည့်မှု၊ သွားလာခွင့်ကန့်သတ်မှုနဲ့ ဒစ်ဂျစ်တယ်စောင့်ကြည့်မှုတွေကြားမှာ လူသိရှင်ကြား မလုပ်ရဲတော့ဘဲ တိတ်တဆိတ် လုပ်ကိုင်နေရတာကြောင့် ရန်ပုံငွေနဲ့ အထောက်အပံ့ရရှိမှုတွေ လျော့နည်းလာတယ်လို့လည်း KHRW က ပြောပါတယ်။ ဒါကြောင့် အလှူရှင်အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအေဂျင်စီတွေ၊ နိုင်ငံတကာအစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတွေ (INGOs) နဲ့ သံရုံးတွေက မြန်မာနိုင်ငံအတွင်း ဆက်လက်လုပ်ကိုင်နေတဲ့ လူ့အခွင့်အရေးကာကွယ်သူတွေအတွက် ရေရှည်တည်တံ့ပြီး ဒေသအခြေပြု ကာကွယ်ရေးအထောက်အပံ့တွေ ပေးဖို့ KHRW က တောင်းဆိုထားပါတယ်။ အဲဒီအထောက်အပံ့တွေထဲမှာ အရေးပေါ်နေရာရွှေ့ပြောင်းရေး၊ လုံခြုံတဲ့နေရာတွေ၊ ဥပဒေရေးရာနဲ့ ကျန်းမာရေးအကူအညီ၊ စိတ်ကျန်းမာရေးဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်နဲ့ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးသင်တန်းတွေအပြင် အသက်မွေးဝမ်းကျောင်းအထောက်အပံ့နဲ့ မိသားစုတွေအတွက် ကာကွယ်ရေးအစီအစဉ်တွေ ပါဝင်သင့်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အန္တရာယ်တွေကြားကပဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူ့အခွင့်အရေးကာကွယ်သူတွေဟာ လူမှုအသိုင်းအဝိုင်းတွေအတွက် ကာကွယ်စောင့်ရှောက်မှု၊ အမှန်တရားဖော်ထုတ်ရေးနဲ့ တာဝန်ယူမှုရှိစေရေးအတွက် ဆက်လက်လုပ်ဆောင်နေကြတယ်လို့ KHRW က ပြောထားပါတယ်။ KHRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ပြောဆိုချက်တွေကို RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို၊ တုံ့ပြန်ချက်ရဖို့ RFA က သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

Download options
28 Aug 2026, 16:46 GMT RFA Burmese

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ရွာပေါင်း ၁၅ ရွာက ဒေသခံ ငါးထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေ နဲ့ ဗမာပြည်ကာကွယ်ရေးတပ်(USBA) က ဩဂုတ်လ ၂၇ ရက်နေ့မှာ RFA ကို ပြောပါတယ်။ ဩဂုတ်လ ၂၀ ရက်နေ့မှာ မင်းတုန်းမြို့နယ်ဘက်ကနေ အင်အား ၁၀၀ ဝန်းကျင် ရှိတဲ့ စစ်ကြောင်းက အထက်မင်းလှမြို့နယ်၊ ရှမ်းတပ်ရဲစခန်းဘက်ကို ဦးတည်ပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းနဲ့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာလို့ ပြောပါတယ်။ လက်တလောမှာ နှစ်ဖက်တိုက်ပွဲတွေ နဲ့ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသာချို က RFA ကို ပြောပါတယ်။ “စစ်တပ်နဲ့ ခုနှစ်ရက် နီးပါးလုံး ဆိုင်ထားတာဆိုတော့ ပစ်လို့ရတဲ့အချိန်တိုင်း ရရင် ရတဲ့အချိန်တိုင်း နေ့ရောညပါ ပစ်နေကြတာပေါ့။ အဲမှာ ကျတာတွေ ရှိပါတယ်။ တိုက်ပွဲအကြိမ်ရေကို တိတိကျကျ ပြောဖို့ ခက်ပါတယ်။ ဒေသခံတွေလည်း တိုက်ပွဲတွေကြောင့် အများကြီး ထွက်ပြေးတိမ်းရှောင်နေရတယ်။” မင်းတုန်းမြို့နယ်ထဲက ပြောင်းရွာ၊ သဖန်ရောင်ရွာ၊ ထန်းပင်ကုန်းရွာ၊ သီးပင်ကုန်းရွာ၊ ဖြူကန်ရွာ၊ တောင်လက်ရွာ၊ ကင်မွန်းဒေါင့်ရွာ၊ တမာရွာ၊ ထန်းလေးပင်ရွာ၊ ရွာသစ်ရွက်ရွာ၊ ကြို့ဝရွာ၊ ဝက်ကော်ရွာ၊ ကံမနိုင်ရွာ၊ မြောက်ပြင်ရွာ နဲ့ တစို့တုံရွာတွေက ဒေသခံ ငါးထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ နှစ်ဘက်တိုက်ပွဲအတွင်း စစ်သား ၂၀ ကျော် သေဆုံးပြီး ၃၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဗမာပြည်ကာကွယ်ရေးတပ်(USBA) က ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး RFA က သီးခြား အတည်မပြုနိုင်သေးသလို စစ်တပ်ခန့်အစိုးရကလည်း တစ်စုံတရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ကလည်း တပ်မ ၅၅ ကနေလာတဲ့ အင်အား သုံးထောင်ခန့်ဟာ ကားအစီးရေ ၁၃၀ ခန့်နဲ့ ရခိုင်ပြည်နယ်ထဲကို စစ်ကြောင်းထိုးဖို့ ရခိုင်ရိုးမအစပ်မှာရှိတဲ့ မင်းတုန်းမြို့ကို ဝင်ရောက်လာတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Download options
28 Aug 2026, 15:29 GMT RFA Burmese

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် စုန်းချောင်းရွာကို ဩဂုတ်လ ၂၅ ရက်နေ့က အင်အား သုံးရာကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းပြီးနောက် ဖမ်းဆီးထားတဲ့ ဒေသခံ ၁၃ ဦးကို ဒီနေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ အင်အားသုံးရာဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ စုန်းချောင်းရွာကို ဝင်ရောက်စီးနင်းရာမှာ အချိန်မီမရှောင်ပြေးနိုင်တဲ့ ဒေသခံတွေနဲ့ သံဃာနှစ်ပါး ဖမ်းဆီးခံလိုက်ရပေမဲ့ အမျိုးသမီးတစ်ဦးနဲ့ သံဃာနှစ်ပါးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ယင်းမာပင်ဒေသခံတစ်ဦးက ပြောပါတယ်။ “အမျိုးသမီးတစ်ဦးနဲ့ သံဃာနှစ်ပါးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်ဗျ။ ကျန်တဲ့လူတွေကိုတော့ စစ်ကြောင်းနဲ့အတူ ဓားစာခံသဘောမျိုး ဖမ်းခေါ်သွားတယ်။ အဖမ်းခံထားရတဲ့သူတွေကတော့ အမျိုးသားတွေပါ။ အခု စစ်ကြောင်းနဲ့အတူ အဖမ်းခံထားရတဲ့သူတွေက ကျောက်ကုန်းရွာဘက်မှာ ရှိနေတယ်လို့ သိထားတယ်ဗျ။ ဖမ်းခံရတာလည်း သုံးရက်ကျော်ရှိလာတော့ မိသားစုဝင်တွေက စိုးရိမ် နေကြတာ။ သတင်းလည်း မရတော့ ပိုစိုးရိမ်ကြတယ်” စစ်တပ်စစ်ကြောင်းဟာ စုန်းချောင်းရွာက ဒေသခံ ၁၃ ဦးကို ဖမ်းဆီးပြီးနောက် ပတိန်ပြင်ရွာ၊ ကျောက်မှော်ရွာ၊ ကျောက်ကုန်းရွာနဲ့ ကွေ့ချောင်းရွာတို့ကိုလည်း စီးနင်းဝင်ရောက်ကာ နေအိမ် အလုံးရေ လေးဆယ်ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဩဂုတ်လ ၂၇ ရက်နေ့ညနေပိုင်းမှာတော့ ကွေ့ချောင်းရွာကနေ သကြားစက်ရွာမှာ ညအိပ်တပ်စွဲကာ အနီးအနားဝန်းကျင်က တော်လှန်ရေးအင်အားစုတွေ ရှိနိုင်မယ်ထင်တဲ့ နေရာတွေကို လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ စစ်တပ်စစ်ကြောင်းကြောင့် ကျောက်မှော်၊ စုန်းချောင်း၊ ကွေ့ချောင်း၊ နဘူးတော၊ သံဘို၊ ကြက်လျှာ၊ ငကြားစက်နဲ့ကျောက်ကုန်းရွာ စတဲ့ ကျေးရွာ ဆယ်ရွာထက်မနည်းက ဒေသခံ ခြောက်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတရာထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအောင်ဇော်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

Download options
27 Aug 2026, 21:32 GMT RFA Burmese

ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ ရေဘေးကြောင့် လယ်ဧက တစ်သိန်းကျော်ပျက်စီးတဲ့အတွက် ဆန်တန်ချိန် ၁ သိန်းနီးပါးဆုံးရှုံးမယ်လို့ ခန့်မှန်းထားတဲ့အကြောင်း သတင်းပေးပို့ချက်ကို တင်ပြထားပါတယ်။ RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၃၀ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။ ။

Download options
27 Aug 2026, 21:17 GMT RFA Burmese

ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်အင်အားနဲ့ ရိက္ခာဖြည့်တင်းဖို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်တပ်ရေယာဉ်တွေကို လုံခြုံရေးပေးဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ဩဂုတ်လ ၂၄ ရက်ကနေ ၂၇ ရက်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ KIA က RFA ကို ပြောပါတယ်။ ရွှေကူမြို့နယ်အတွင်းက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လုံခြုံရေးယူဖို့ စစ်တပ်က စစ်ကြောင်းလေးကြောင်းခွဲပြီး ထိုးစစ်ဆင်လာတာကြောင့် ရွှေကူနဲ့ဗန်းမော်ကြားက ဆင်ခန်းတံတားအနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ “ဗန်းမော်၊ ကသာဘက်ကို ရိက္ခာနဲ့ စစ်အင်အားတွေ လက်နက်ခဲယမ်းတွေ ပို့ပေးနိုင်ဖို့ တက်လာတဲ့ သင်္ဘောတွေကို လုံခြုံရေးယူတဲ့ တိုက်ပွဲကတော့ အဓိက ဖြစ်ပါတယ်။ ဧရာဝတီမြစ်ကမ်းဘေး နှစ်ဖက်မှာ လေကြောင်းနဲ့ ပစ်တာ ရှိတယ်။ တိုက်ပွဲ မရှိတဲ့နေ့မှာလည်း လေကြောင်းနဲ့ တိုက်တာတွေ တွေ့ရပါတယ်။ ဒါကြောင့် အဓိက သူတို့ရဲ့ သင်္ဘောအတွက် လမ်းကြောင်းရှင်းတဲ့ တိုက်ပွဲဖြစ်ပါတယ်” စစ်တပ်ရေယာဉ်တွေ တိုက်ခိုက်မခံရအောင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေကို စစ်တပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ နေ့စဉ် လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားဖို့လည်း သူက သတိပေးပါတယ်။ တိုက်ပွဲတွေ တစ်နှစ်ကျော်ကြာ ပြင်းထန်နေတဲ့ ဗန်းမော်မြို့ကို စစ်ကူပို့ဖို့အတွက် စစ်တပ်ရေယာဉ် ၁၄ စင်းဟာ ဩဂုတ်လ ၂၁ ရက်ကတည်းက မန္တလေးဘက်ကနေ စစ်လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ တင်ဆောင်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတာဖြစ်ပါတယ်။ ဩဂုတ်လ ၂၇ ရက် မနက်ပိုင်းမှာလည်း ရွှေကူမြို့နယ် ဧရာဝတီမြစ်ဘေးက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ KIA က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။ အဲဒီစစ်တပ်ရေယာဉ်တွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် စစ်တပ်ဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိသလို စစ်လက်နက်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ KIA ဘက်က ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ စစ်တပ်ရေယာဉ်တွေဟာ ဩဂုတ်လ ၂၇ ရက် မနက်ပိုင်းမှာ ကသာမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး ညနေပိုင်းမှာ ရွှေကူမြို့နယ်ကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေကို ကုန်းလမ်းကနေ စစ်လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့ဆောင်နိုင်တဲ့ လမ်းကြောင်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်၊ ဖြတ်တောက်ထားတာကြောင့် ဗန်းမော်ဘက်ကို လိုအပ်တဲ့ စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို စစ်တပ်က ရေကြောင်းကနေ ပို့ဆောင်နေရတယ်လို့ KIA က ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

Download options