US Agency for Global Media USAGM

News and Information from Around the World

← Back to Direct feed

ငါန်းဇွန်မှာ ဒရုန်းနဲ့ဗုံးကြဲခံရလို့ သံဃာ တစ်ပါးနဲ့ အမျိုးသမီး နှစ်ဦး သေဆုံး

8 Sep 2026, 21:25 GMT By RFA Burmese
Download metadata bundle
RFA logo
Article ငါန်းဇွန်မှာ ဒရုန်းနဲ့ဗုံးကြဲခံရလို့ သံဃာ တစ်ပါးနဲ့ အမျိုးသမီး နှစ်ဦး သေဆုံး
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ပျက်စီးနေသည့် အဆောက်အအုံတစ်ခုကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။
Credit: RFA Burmese

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်က ဘုန်းတော်ကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် သံဃာတစ်ပါးနဲ့ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့တယ်လို့ စက်တင်ဘာလ ၈ ရက် နေ့မှာ ဒေသခံတွေက RFA ကို ပြောပါတယ်။ ငါန်းဇွန် - မြို့သာ ကားလမ်းပေါ်က မင်းဂျိုရွာ အနောက်ဘက်က ရွာသစ်တောဘုန်းကြီးကျောင်းကို စစ်တပ်က စက်တင်ဘာလ ၆ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီကျောင်းမှာ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတာဖြစ်ပြီး စစ်တပ်က နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။ “အဲဒီနေ့က (စက်တင်ဘာလ ၆ ရက်) ရွာသစ်တောကျောင်း ဘုန်းကြီးက မနက် ၁၁ နာရီထိုးလို့ နေ့ဆွမ်းစားနေချိန်ကို ဒရုန်းနဲ့ချတာ။ ဘုန်းကြီးက ပွဲချင်းပြီး ပျံလွန်တော်မူတယ်။ စက်တင်ဘာလ ၇ ရက် ညနေ ၃ နာရီ ၁၅ မိနစ်မှာ သားကျင်ရွာကို ဖိုက်တာနဲ့ လာချတယ်။ ဘုန်းကြီးတစ်ပါး ခေါင်း ဒဏ်ရာရတယ်။ လူ ၃ ယောက်လည်း ဒဏ်ရာ ထပ်ရတယ်” ငါန်းဇွန်မြို့နယ်ထဲကို စစ်တပ်က နေ့စဉ် လှည့်လည်စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာအုပ်စု ၄၈ အုပ်စု၊ ရွာပေါင်း ၁၃၅ ရွာက ဒေသခံတွေလည်း မကြာခဏ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကလည်း မြို့သာတောင်ဘက်ခြမ်းကို စစ်ကြောင်းထိုးခဲ့သလို စက်တင်ဘာလ ၇ ရက်နေ့မှာလည်း ငါန်းဇွန်အရှေ့ဘက်ခြမ်းကို စစ်ကား ၁၅ စီး နဲ့ စစ်ကြောင်းထိုးခဲ့ပြီး အဲဒီမြို့နယ်ရဲ့အနောက်ဘက်ခြမ်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့် အစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။