US Agency for Global Media USAGM

News and Information from Around the World

← Back to Direct feed

တရုတ်နိုင်ငံသားပိုင် Costec စက်ရုံ အလုပ်သမားတွေနစ်နာမှု ဖြေရှင်းချက်မရသေး

10 Sep 2026, 18:47 GMT By RFA Burmese
Download metadata bundle
RFA logo
Article တရုတ်နိုင်ငံသားပိုင် Costec စက်ရုံ အလုပ်သမားတွေနစ်နာမှု ဖြေရှင်းချက်မရသေး
တရုတ်နိုင်ငံသားပိုင် Costec စက်ရုံ အလုပ်သမားတွေနစ်နာမှု ဖြေရှင်းချက်မရသေး
Credit: RFA Burmese

ရန်ကုန်တိုင်း ရွှေပြည်သာ စက်မှုဇုန် (၃) မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် Costec International အထည်ချုပ်စက်ရုံမှာ လုပ်ခလစာ ဖြတ်တောက်ခံရတာ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ ဖိအားပေးခံရတာနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာ စတဲ့ ကိစ္စတွေကို အလုပ်သမားဌာနအဆင့်ဆင့်ကို အကြိမ်ကြိမ် တိုင်ကြားထားပေမဲ့ မပြေလည်သေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီကနေ ဩဂုတ်လကုန်အထိ ဖြစ်ပေါ်ခဲ့တဲ့ နစ်နာမှုစာရင်းအရ အလုပ်သမား ၇၈၂ ဦး ထိခိုက်နစ်နာခဲ့ပြီး ငွေကြေးနစ်နာမှု ကျပ်သိန်း ၃၈၀ နီးပါး(ကျပ် ၃၇,၇၇၀,၆၀၀) ရှိတယ်လို့ အဲဒီစက်ရုံက အခြေခံအလုပ်သမားအဖွဲ့အစည်း ဘဏ္ဍာရေးမှူး မနှင်းအိခိုင်က ပြောပါတယ်။ “အလုပ်သမား ၇၈၂ ဦး နစ်နာခဲ့ပါတယ်။ နစ်နာဆုံးရှုံးတဲ့ ငွေကြေးပမာဏကို တိတိကျကျ တွက်ထားတာကတော့ ကျပ် ၃၇,၇၇၀,၆၀၀ ရှိပါတယ်ရှင့်” အဲဒီစက်ရုံမှာ အလုပ်သမား ၁,၀၀၀ ဝန်းကျင်ရှိပြီး ကုန်ဈေးနှုန်းမြင့်တက်လာတာနဲ့ လုပ်ခလစာ မလုံလောက်တော့တာကြောင့် အလုပ်သမားတွေက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်ကစပြီး လုပ်ခလစာကို မူလနှုန်းအတိုင်း ပြန်ပေးရေးနဲ့ လုပ်ခ၊ အချိန်ပိုကြေး၊ ရက်မှန်ကြေးတွေ တိုးပေးရေး စုပေါင်းတောင်းဆိုခဲ့ကြတာပါ။ ညှိနှိုင်းမှုတွေအပြီး တစ်ရက်လုပ်ခကို ၇,၈ဝဝ ကျပ် ကနေ ၈,၃၀၀ အထိ တိုးပေးတာအပါအဝင် တချို့အချက်တွေမှာ သဘောတူညီမှုရခဲ့ပြီး အလုပ်သမားတွေ ဇန်နဝါရီ ၁၀ ရက်မှာ လုပ်ငန်းခွင် ပြန်ဝင်ခဲ့ကြပါတယ်။ စုပေါင်းတောင်းဆိုခဲ့တဲ့ ရက်တွေအတွက် လုပ်ခလစာ မဖြတ်တောက်ဖို့ အလုပ်သမားဌာန တာဝန်ရှိသူတွေက ညွှန်ကြားထားပေမယ့် အလုပ်ရှင်ဘက်က လုပ်ခလစာနဲ့ ရက်မှန်ကြေးတွေ ဖြတ်တောက်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် အဲဒီတောင်းဆိုမှုတွေမှာပါဝင်ခဲ့တဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို ဖိအားပေးတာနဲ့ နှစ်ဖက်သဘောတူစာချုပ် ဖောက်ဖျက်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ အဲဒီလိုချိုးဖောက်ခံရတာတွေကို မြို့နယ်၊ ခရိုင်နဲ့ တိုင်းအဆင့်အထိ အကြိမ်ကြိမ်တိုင်ကြားခဲ့ပေမယ့် ထိရောက်တဲ့ ဖြေရှင်းမှု မရသေးဘူးလို့ အခြေခံအလုပ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌ ကိုကျော်ကျော်လတ်က ပြောပါတယ်။ “ကျွန်တော်တို့ အခုလို တိုင်ကြားနေတာကလည်း အခကြေးငွေပေးချေရေးဆိုင်ရာ ဥပဒေနဲ့ ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေတွေအတိုင်း တရားဝင်တိုင်ကြားနေတာပါ။ ကျွန်တော်တို့ တောင်းဆိုနေတာလည်း အများကြီးမဟုတ်ပါဘူး။ ဖြတ်တောက်ခံထားရတဲ့ လုပ်ခလစာတွေ ပြန်ရချင်တယ်။ နောက်ပြီး အလုပ်ရှင်ဘက်ကလည်း အလုပ်သမားဥပဒေတွေကို လေးစားလိုက်နာစေချင်တယ်။ ဒါပဲ ကျွန်တော်တို့ လိုချင်တာပါ။” အခုလို လုပ်ခလစာနစ်နာတာတွေက လက်ရှိကုန်စျေးနှုန်းတွေမြင့်တက်နေချိန်မှာ အလုပ်သမားတွေရဲ့ စားဝတ်နေရေးကို ပိုခက်ခဲစေတယ်လို့ ပြောကြပါတယ်။ ဒီစက်ရုံမှာ အချိန်ပိုကြေး မပါဘဲ တစ်ရက်လုပ်ခ ၈,၃၀၀ ကျပ် ရရှိပြီး လက်ရှိကုန်ဈေးနှုန်းနဲ့ ယှဉ်ရင် စားဝတ်နေရေးအတွက် မလုံလောက်တော့ဘူးလို့ အခြေခံအလုပ်သမားအဖွဲ့အစည်း အလုပ်အမှုဆောင် မနော်ဖောဖောက ပြောပါတယ်။ “အခု ကြက်ဥတစ်လုံးတောင် ၇၀၀၊ ဆန်တစ်ပြည် တစ်သောင်း၊ ဆီတစ်ပိဿာ ၁၇,၀၀၀ လောက် ဖြစ်နေပြီ။ ဒါတောင် မုန့်ဖိုး၊ ပဲဖိုး၊ လက်ဖက်ရည်ဖိုး၊ အဆောင်ခတွေ မပါသေးဘူးနော်။ ရတဲ့လုပ်အားခနဲ့ နေ့တိုင်းတက်နေတဲ့ ကုန်ဈေးနှုန်းကို ဘယ်လိုမှ ချိန်ပြီး တွက်စားလို့ မရတော့ဘူး။ တစ်ရက်တစ်ရက် ဘာစားရမလဲဆိုတာထက် ဘာကိုလျှော့စားရမလဲဆိုတာပဲ စဉ်းစားနေရတယ်” ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး Costec International စက်ရုံဘက်နဲ့ သက်ဆိုင်ရာ မြို့နယ်အလုပ်သမားရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အခုသတင်းထုတ်လွှင့်ချိန်အထိ တုံ့ပြန်ဖြေကြားတာ မရှိခဲ့ပါဘူး။ အလုပ်သမားတွေကတော့ မပြေလည်သေးတဲ့ တိုင်ကြားချက်တွေကို ထိရောက်စွာ ဖြေရှင်းပေးဖို့နဲ့ ဖြတ်တောက်ခံထားရတဲ့ လုပ်ခလစာနဲ့ နစ်နာမှုတွေ ပြန်လည်ရရှိဖို့ ဆက်လက်တောင်းဆိုသွားမယ်လို့ ပြောပါတယ်။