US Agency for Global Media USAGM

News and Information from Around the World

← Back to Direct feed

သဲကုန်းမှာ စစ်တပ်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၅ ထောင်ခန့် ထွက်ပြေးနေရ

10 Sep 2026, 22:34 GMT By RFA Burmese
Download metadata bundle
RFA logo
Article သဲကုန်းမှာ စစ်တပ်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၅ ထောင်ခန့် ထွက်ပြေးနေရ
သဲကုန်းမြို့နယ်၊ ရုံးပင်တက်ရွာ မီးလောင်နေသည်ကို တွေ့ရစဉ်။
Credit: RFA Burmese

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ခဲ့တာကြောင့် ရွာ ခြောက်ရွာက ဒေသခံ ၅ ထောင်ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက စက်တင်ဘာလ ၁၀ ရက်နေ့မှာ RFA ကို ပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာတွေထဲမှာ ဆည်ကြီးကျိုး၊ ရုံးပင်တက်၊ ဘိုကုန်း၊ ပန်းပင်ကုန်းနဲ့ အောင်စည်သာ စတဲ့ ကျေးရွာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီကျေးရွာတွေဟာ သဲကုန်းမြို့နဲ့ လေးမိုင်ဝန်းကျင်လောက်ပဲ ဝေးပြီး အိမ်ခြေနဲ့ လူဦးရေများတဲ့ ရွာကြီးတွေ ဖြစ်တယ်လို့ သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြေပြင်တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။ “စစ်ကြောင်းထိုးတော့ ရွာတွေလည်းပဲ မီးရှို့တယ်ပေါ့။ လူတော်တော်များများ ပြေးနေရတယ်။ ဆည်ကြီးကျိုးရွာက နေအိမ် ၂ လုံး ၊ ရုံးပင်တက်ကျေးရွာက နေအိမ် ၁၁ လုံးလည်း မီးရှို့ခံရတယ်ဗျ။” ဒေသခံတွေ အခုလို ထွက်ပြေးတိမ်းရှောင်နေရတာ လေးရက်ခန့်ရှိလာပြီဖြစ်ပြီး မိုးလည်း ဆက်တိုက်ရွာနေတာကြောင့် စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ပြောပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့ကစပြီး အင်းမအခြေစိုက် တပ်မ ၆၆၊ ရဲကွန်မန်ဒိုနဲ့ နယ်မြေခံပြည်သူ့စစ်တွေ ပူးပေါင်းထားတဲ့ အင်အား ၁၀၀ ခန့်က ဒီဒေသကို စစ်ကြောင်းထိုးနေတာလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။ သဲကုန်းမြို့အနီးတစ်ဝိုက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာတာကြောင့် စစ်တပ်ဘက်ကလည်း နယ်မြေစိုးမိုးနိုင်ဖို့ PDF စခန်းတချို့အနီးအထိ စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကလည်း သဲကုန်းမြို့နယ်၊ ဆရာအတတ်သင် (၁) လမ်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်ဂိတ်တစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ငါးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF-3601 တပ်ရင်းက ထုတ်ပြန်ထားပါတယ်။