US Agency for Global Media USAGM

News and Information from Around the World

← Back to Direct feed

ညောင်လေးပင်ခရိုင် မုန်းမှာ ဒရုန်းတိုက်ခိုက်မှု အရပ်သား ၆ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ

13 Sep 2026, 19:57 GMT By RFA Burmese
Download metadata bundle
RFA logo
Article ညောင်လေးပင်ခရိုင် မုန်းမှာ ဒရုန်းတိုက်ခိုက်မှု အရပ်သား ၆ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ
စစ်တပ်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့သည့် အရပ်သားပြည်သူများကို တွေ့ရစဉ်။
Credit: RFA Burmese

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာရှိတဲ့ မုန်း မှာ စက်တင်ဘာ ၅ ရက်နေ့က စစ်တပ်ရဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က စက်တင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ တံခွန်တိုင်မှာ တပ်စွဲထားတဲ့ စစ်တပ်က မုန်းဒေသ ဘုတ်ဆုတ်ခင်ကျေးရွာကို ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁ နှစ်ကနေ ၅၅ နှစ်အရွယ်အထိ အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရခဲ့တာလို့ KNU က ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၁ နှစ်အရွယ် ဟီးရိုးအပါအဝင် ဦးရာဇာတ်၊ ရာမာဒေရီ၊ ဦးစာစစ်ထရီး၊ စုဂနီနဲ့ ဦးဆူနီးကူးမားတို့ ပါဝင်ပါတယ်။ ဒဏ်ရာရသူတွေထဲမှာလည်း အသက် ၇ နှစ်အရွယ် မူနားအပါအဝင် ကလေးနဲ့ လူငယ်တွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက စစ်တပ်ခန့်အစိုးရဟာ နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိဖို့ ကြိုးပမ်းနေပေမယ့် လက်တွေ့မှာတော့ နိုင်ငံတစ်ဝန်း အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ပိုများလာတယ်လို့ RFA ကို ပြောပါတယ်။ “အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့တိုက်ခိုက်တာ၊ လေကြောင်းကနေ ပစ်ခတ်သတ်ဖြတ်တာတွေကို ကရင်ပြည်နယ် KNU ထိန်းချုပ်နယ်မြေမှာတင်မဟုတ်ဘဲ KIA၊ AA တို့ ထိန်းချုပ်ထားတဲ့ တော်လှန်ရေးနယ်မြေတွေမှာလည်း တစ်နေရာ မဟုတ် တစ်နေရာ တိုက်ခိုက်သတ်ဖြတ်နေတာ တွေ့နေရပါတယ်။” KNU ကလည်း စစ်တပ်ဟာ အာဆီယံရဲ့ အချက် ငါးချက်ပါ ဘုံသဘောတူညီချက် (Five-Point Consensus) ကို လိုက်နာအကောင်အထည်ဖော်တာ မတွေ့ရဘဲ နိုင်ငံတစ်ဝန်း အရပ်သားတွေကို လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး တိုက်ခိုက်တာတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်တဲ့ လုပ်ရပ်တွေကိုလည်း ဆက်တိုက်ကျူးလွန်နေတယ်လို့ KNU က ဆိုပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဲခူးတိုင်း အတွင်းရေးမှူး ဦးခင်မောင်ချိုကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။