US Agency for Global Media USAGM

News and Information from Around the World

← Back to Direct feed

ရိုဟင်ဂျာအရေးဖြေရှင်းပေးဖို့ ကုလအတွင်းရေးမှူးချုပ် ထပ်မံတောင်းဆို

27 Aug 2026, 00:48 GMT By RFA Burmese
Download metadata bundle
RFA logo
Article ရိုဟင်ဂျာအရေးဖြေရှင်းပေးဖို့ ကုလအတွင်းရေးမှူးချုပ် ထပ်မံတောင်းဆို
၂၀၂၆ ဇူလိုင် ၂၆ ရက်နေ့က ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် (Antonio Guterres) အား တွေ့ရပုံ။
Credit: RFA Burmese

၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချက်ကြောင့် အိုးအိမ်စွန့်ထွက်ပြေးပြီး အခြေအနေမဲ့နေထိုင်ကြရတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေ ခံစားရတဲ့ ဒုက္ခဆိုးကြီးဟာ ၁၀ နှစ်နီးပါးရှိသွားပြီဖြစ်ပြီး သူတို့အရေးကို နိုင်ငံတကာက အလေးထားပြီး ဖြေရှင်းပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူး အန်တိုနီယို ဂူတားရက်စ် (Antonio Guterres) က သြဂုတ်လ ၂၅ ရက်နေ့က ထပ်မံတောင်းဆိုလိုက် ပါတယ်။ ၂၀၁၇ ရိုဟင်ဂျာနယ်မြေရှင်းလင်းရေးစစ် ၉ နှစ်ပြည့်တဲ့အချိန်မှာာ အခုလို တောင်းဆိုတာဖြစ်ပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းနိုင်ငံအများအပြားကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေ ဟာ လုံခြုံမှု မရှိကြသလို အကာအကွယ်မဲ့အခြေအနေတွေ ကျနေပြီး ရေရှည်တည်တံ့မဲ့ ဖြေရှင်းမှုလည်း ရဖို့ ပိုဝေးလာနေကြောင်း၊ မြန်မာပြည်တွင်းက စစ်တပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာ ဥပဒေတွေလိုက်နာပြီး အရပ်သားတွေကို အကာကွယ်ပေးဖို့လိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ မစ္စတာဂူတားရက်စ်ဟာ ပြီးခဲ့တဲ့ မတ်လကလည်း ရိုဟင်ဂျာအရေးကို နိုင်ငံတကာက မေ့လျော့မထားဘဲ အထောက်အပံ့အကူညီတွေ ပေးဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့က နယ်‌မြေရှင်းလင်းရေးစစ်ဆင်ရေး ၉ နှစ်ပြည့်အဖြစ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန် (Nicholas Koumjian) ကလည်း သြဂုတ်လ ၂၄ ရက်နေ့က တရားမျှတမှုရရှိဖို့ ကြေညာချက် ထုတ်ပြန်တောင်းဆိုထား ပါတယ်။ အလားတူ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့၊ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုနဲ့ တရားမျှတမှု ရရှိရေး ဆောင်ရွက်ဖို့ ဗြိတိန်အစိုးရ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ လူ့အခွင့်အရေး၊ ရိုဟင်ဂျာအရေး လှုပ်ရှားတဲ့ အဖွဲ့အစည်း ၇၁ ဖွဲ့က ဩဂုတ် ၂၅ ရက်နေ့က ကြေညာချက်အသီးသီး ထုတ်ပြန်တောင်းဆိုခဲ့ကြပါတယ်။